ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ညဖက်ဆိုရင် အိမ်ကိုဖုန်းဆက်နေကျ။ အဲဒီနေ့ကတော့ ကျွန်တော် မဆက်သေးခင်မှာပဲ ဖေဖေဆီက ဖုန်းဝင်လာပြီး အိမ်မှာ သူနဲ့ မေမေဖျားနေကြတဲ့ အကြောင်း ရှင်းပြပါတယ်။ သာမန်လောက်ပဲ ဖျားနာကြတာ ထင်တော့ ဆေးမှူးခေါ် ဆေးထိုး၊ ဆေးသောက်လိုက်ကြဖို့ အကြံပေးလိုက် ပါတယ်။

ဒါပေမဲ့ ဒီလောက်နဲ့ မပြီးလိုက်ဘူး။ နောက်နှစ်ရက်လောက်အကြာမှာ အဖျားကောင်းသွားကြပေမဲ့ အနံ့မရဘူး ဖြစ်နေတယ်လို့ ပြောလာတော့ ကျွန်တော်လည်း စိုးရိမ်စိတ်ဝင်သွားပါတယ်။ အဲဒီအချိန်ဟာ ရခိုင်ပြည်နယ် အတွင်း ကိုဗစ်ကူးစက်ခံရမှု များလာပြီး သေဆုံးမှု မြင့်တက်လာနေတဲ့အချိန်လည်း ဖြစ်တာကိုး။

ဒီလိုနဲ့ အဆောင်နေတဲ့ ကျွန်တော်ဟာ ရက်အတန်ကြာ အိမ်မှာသွားနေပြီး မိသားစုကို ဂရုစိုက်ပေးဖို့ ဆုံးဖြတ် လိုက်ပါတယ်။ အိမ်ကို မသွားခင်မှာ ကိုဗစ်ကာကွယ်ရေးဆေးဝါးတွေနဲ့ အစားအသောက်တချို့လည်း ကြိုဝယ်ဖြစ်ခဲ့ပါတယ်။

အိမ်ရောက်လို့ ဘယ်လောက်မှ မကြာလိုက်ဘူး။ ကျွန်တော်လည်း ဖျားပြန်ပါရော။ မိသားစုကို ဂရုစိုက်ဖို့သွားတဲ့ ကျွန်တော့်ကို အဖျားကောင်းသွားပြီး အနံ့မရဖြစ်နေကြတဲ့ ဖေဖေ၊ မေမေကပဲ ပြန်ဂရုစိုက်ရပြန်ပါတယ်။ ကျွန်တော်လည်း ဆေးမှူးခေါ် ဆေးထိုး၊ ဆေးသောက်ပေမဲ့ အိမ်က လူတွေဖြစ်သလိုပဲ အနံ့မရစဖြစ်ပါတော့ တယ်။

ဒါကြောင့် ဇူလိုင်လ ဒုတိယပတ် အကုန်လောက်ကစပြီး တစ်အိမ်လုံး ကိုယ့်အသိနဲ့ကိုယ် Stay Home ကြဖို့ အစီစဉ်ချခဲ့ကြရပါတယ်။ ဒီလိုနေလို့ ရက်အတန်အကြာမှာတော့ အိမ်းတွင်း ဆေးဝါးပြတ်လပ်တာ၊ စားနပ်ရိက္ခာ ကုန်သွားတာတွေ ကြုံရပါတယ်။ မိတ်ဆွေ တယောက်ကို ဖုန်းလှမ်းဆက်၊ လိုအပ်တာတွေ လာဝယ်ပေးဖို့ အကူညီတောင်းခဲ့တော့ အဆင်ပြေသွားပါတယ်။

အိမ်မှာနေလို့ တစ်ပတ်လောက်တောင် မကြာသေးခင်မှာပဲ စစ်တွေမြို့တွင်းမှာ ဆေးဝါးတွေ၊ စားသောက်ကုန်တွေ စျေးတက်နေလို့ တွက်ချက်ထားတဲ့ ပမာဏထက် စျေးပိုပေးခဲ့ရပါသေးတယ်။ ဇူလိုင်လ ၂၀ ရက်နေ့မှာတော့ ရခိုင့်တပ်တော် AA က ကိုဗစ် ကူးစက်မှုကို တားဆီး လျှော့ချနိုင်ဖို့ အိမ်မှာနေဖို့ အမိန့် ထုတ်ပြန်လိုက်သလို ပြည်နယ်ကောင်စီဖက်ကလည်း လူစုလူဝေးဖန်တီးတာတွေကို လိုက်လံဖမ်းဆီး မှုတွေ ပြုလုပ်ပါတော့တယ်။

Stay Home ရဲ့ တခြား တဖက်မှာတော့ မုန့်ဗန်းကို ခေါင်းပေါ်ရွက်ပြီး စျေးလာရောင်းတဲ့ အဒေါ်၊ ထမင်းချိုင့်လေးကိုင်ပြီး အလုပ်သွားတဲ့ ဘေးအိမ်က ကျွန်တော့်ညီမလေး သူငယ်ချင်း၊ ကတ်ကြေးနဲ့ ဆံပင်ညှပ် ကိရိယာတွေ ထည့်ထားတဲ့ သေတ္တာငယ်လေးသယ်ပြီး ဖောက်သည် ရှာသွားနေတဲ့ အစ်ကို၊ တစ်အိမ်ဝင် တစ်အိမ်ထွက် ထီးကျိုး လိုက်ပြင်နေတဲ့ ဦးလေး၊ မြေးလေးနဲ့အတူ အလှူလာခံတဲ့ အဘွားစသဖြင့် အခြေအနေမတူ၊ သက်မွေးဝမ်းကြောင်း မတူတဲ့ အမျိုးမျိုးသော လူတန်းစားတွေကို ဝရံတာပေါ်မှာ ထိုင်ငေးနေတတ်တဲ့ ကျွန်တော်က အမြဲမြင်တွေ့ နေရတတ်ပါတယ်။

ဒီလူတွေဟာ အိမ်မှာနေရတာပျင်းလို့ အပြင်ထွက်ပြီး အပျော်ထွက်သွားနေကြတာ မဟုတ်တာတော့ သေချာပါ တယ်။ ဘာလို့လဲဆိုတော့ သူတို့လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းမှာ ရည်ရွယ်ချက်တွေက အထင်သား ပေါ်လွင်နေလို့ပါပဲ။ လမ်းထိပ်မှာလည်း အထီးကျန် ညှိုးငယ်စွာနဲ့ ဖောက်သည်စောင့်နေရှာ ဦးလေးတစ်ယောက် လည်း ရှိပါသေးတယ်။ သူကတော့ ဘေးတွဲ ဆိုင်ကယ်မောင်းတာပါ။

သူက အခုလို ဆိုပါတယ်။

“စားရေးသောက်ရေးက ဒုက္ခရောက်နေတယ်။ အပြင်ကို ထွက်မလုပ်ရင် ထမင်းငတ်သွားမှာပေါ့။ စားဝတ်၊ နေရေးအထွက် ပိုက်ဆံထွက်ရှာနေရတယ်။ မိသားစုကလည်း တစ်ယောက်၊ နှစ်ယောက်မဟုတ်ဘူးလေ။ ၁၀ ယောက်ရှိတယ်။ ယောက္ခမနဲ့ ပေါင်းစားနေရတာ။ ယောက္ခမမှာလည်း အလုပ်က မရှိဘူး။ ခယ်မတစ်ယောက်မှာ ရထားတဲ့ လင်ကလည်း ဖျားနေတော့ အလုပ်မဆင်းနိုင်ဘူးဖြစ်နေတယ်။ ဆန်ကတော့ ရှိတယ်။ စျေးစရိတ် ထွက်ရှာနေရတာ။ စျေးစရိတ်က တစ်နေ့ကို ၇ ထောင်၊ ၈ ထောင်လိုတယ်။”

ဒီဦးလေးက စစ်တွေမြို့ ကယ်ဆယ်ရေးအကွက်(၁)ကပါ။ ဦးသိန်းဇော်လို့ခေါ်ပါတယ်။ အသက်ကတော့ (၄၅) နှစ်ရှိနေပါပြီ။ ပုံမှန်ဆိုရင်တော့ တစ်နေကုန် အပြင်ထွက်လုပ်ပေမဲ့ ဒီကာလမှာတော့ စားစရိတ်လောက်ရရင် အိမ်ပြန်ပြီလို့ သူကဆိုပါတယ်။ အိမ်မှာလည်း မကျန်းမမာဖြစ်နေကြတဲ့အတွက် Stay Home ကာလမှာ စားစရိတ် ထွက်ရှာဖို့က သူ့တာဝန်ဖြစ်လာပါတယ်။

သူ့လိုပဲ အပြင်ထွက်ရသူတွေ စစ်တွေမြို့ပေါ်မှာ တစ်နေ့တစ်နေ့ကို ရာချီမကပါဘူး။ ပြည်နယ်မြို့တော် စစ်တွေ ကနေ အလယ်ပိုင်းဒေသ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ မြေပုံမြို့နယ်တွေကို လိုင်းကားဆွဲ သူတွေကလည်း စားဝတ်နေရေး ကြောင့်ရော၊ ခရီးသည်ရဲ့လိုအပ်ချက်အရပါ ရပ်နားထားဖို့ဆိုတာ မလွယ်ကူဘူး လို့ ပြောနေကြပါတယ်။

စစ်တွေကနေ မြောက်ဦးအထိ အသွားအပြန် လိုင်းကားဆွဲနေတဲ့ ဦးသန်းမြင့်ချေက “ကားတစ်စီး ဝယ်ထားတာကို တစ်လနှစ်လ အိမ်မှာရပ်ထားလို့ အဆင်မပြေဘူး။ ကိုယ့်စားရေး နေရေးအတွက်လည်း အဆင်မပြေ။ ရောဂါကိုတော့ အကုန်လုံးက ကြောက်ကြတာပဲ။ အဆင်မပြေတော့ ဒီလိုရှာနေရတာပဲ။ ခရီးသည်ကလည်း မရှိဘူး။ အခွံသွားလာနေရသူတွေများနေတယ်။ မသွားနဲ့လည်း တားဆီးထားတာကလည်း တဖက်ကလည်း ကောင်းပါတယ်။”လို့ ဆိုပါတယ်။

ကိုဗစ်စည်းကမ်းချက်တွေအရ လိုင်းကားတစ်စီးမှာ ခရီးသည် ၃ ဦးသာ တင်ဆောင်ခွင့်ရှိတာကြောင့် တစ်ကြောင်းစာကို တစ်ဦးကို ၂ သောင်းကနေ ၃ သောင်းအထိ မြင့်တက်နေပါတယ်။ ဒါပေမယ့်လည်း ခရီးသည်မရတဲ့အခါတွေများသလို ကားသမားတွေအဖို့ အမြတ်မကျန်သလောက်နည်းပေမယ့် ခရီးသည် လိုအပ်ချက်ကို ဖြည်းဆည်းပေးနေတာလို့ ပြောဆိုမှုတွေရှိပါတယ်။

ဒေသခံတွေအပေါ် သြဇာညောင်းလာတဲ့ AA ကတော့ မလိုအပ်ရင် အပြင်မထွက်ကြဖို့၊ အပြင်ထွက်ရင် နှာခေါင်းစည်း တပ်ကြဖို့၊ သေရေးရှင်ရေး ကိစ္စရပ်တွေက မရှိဘဲနဲ့ ခရီးသွားလာတာတွေ ရပ်နားထားကြဖို့၊ တစ်နေရာကနေ တစ်နေရာကို ရောက်ရှိလာကြသူတွေကို ရွာထဲအဝင်မခံဘဲ စုရပ်နေရာတွေမှာ သတ်မှတ်ရက်အတွင်း ထားရှိကြဖို့ စတဲ့ အချက်တွေကို ရခိုင်ဘာသာစကားနဲ့ ရေးသားထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စားဝတ်နေရေးကြပ်တည်းနေသူတွေကို တတ်နိုင်သူတွေက ကူညီပေးကြဖို့နဲ့ ထုတ်ပြန်ချက်တွေကို မလိုက်နာရင် အရေးယူမယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် လိုအပ်ချက်ရှိနေသူတွေကတော့ အူမ မတင်းဘဲ သီလမပြင်း ဖြစ်နေကြတာပါ။

AA ထုတ်ပြန်ချက်နောက်ပိုင်း စည်းကမ်းလိုက်နာသူတွေ ရှိသလို စစ်တွေမြို့ပေါ်မှာဆိုရင် အခြေခံ ရပ်ကွက်တွေမှာ ကော်မတီဖွဲ့ပြီး ဆန်၊ ဆီ၊ ငရုပ်သီးခြောက်၊ ပဲ၊ ကြက်ဦးစတဲ့ စားသုံးကုန်တွေ ကူညီပေးနေကြတာလည်း တွေ့ရပါတယ်။

“ကျွန်တော်တို့က ရခိုင်တပြည်နယ်လုံးအထိ ရည်မှန်းထားတယ်။ ဒါပေမဲ့ အလှူငွေအပေါ် မူတည်ပြီးတော့ပဲ ဆက်လက် လုပ်ဆောင်သွားဖို့ဖြစ်ပါတယ်။ ခုလောလောဆယ် ရရှိတဲ့ ငွေအပေါ် မူတည်ပြီး (စစ်တွေမြို့ပေါ်) ဆယ်ရပ်ကွက်ကို စလို့ပေးနေပါတယ်။”လို့ ကိုဗစ်ကာလ စားနပ်ရိက္ခထောက်ပံ့ရေးကော်မတီ ဦးလှဝင်းက ပြောပါတယ်။

ဒီလို ကော်မတီဖွဲ့လို မဟုတ်ဘဲ ငွေကြေးတတ်နိုင်သူတွေကလည်း ပုဂ္ဂလိကအနေနဲ့ ဆင်းရဲချို့တဲ့သူတွေကို ထောက်ပံ့ပေးမှုတွေလည်း မြင်ရပါတယ်။ ဒါပေမဲ့ ကိုဗစ်စည်းကမ်းတွေတော့ လိုက်နာမှုအားနည်းနေဆဲပဲ ဖြစ်ပါတယ်။

ကိုဗစ်စည်းကမ်း မလိုက်နာတာတွေကို ရခိုင့်တပ်တော် AA က အပြစ်ပေးလျက်ရှိနေတယ်လို့ ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ဖေ့စ်ဘုတ် လူမှုကွန်ယက်ကနေ ဇူလိုင်လ ၂၉ ရက်နေ့မှာ ထပ်ဆင့်ထုတ်ပြန် သတိပေး လိုက်ပါတယ်။ စည်းကမ်းမလိုက်နာပဲ လူစုလူဝေးဖန်တီးနေတဲ့ စားသောက်ဆိုင်၊ အရက်ဆိုင်၊ ဂိမ်းဆိုင်တွေကို အဆင်မြင့် အသံနဲ့ အပြစ်ပေးတာ လုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ဒီထုတ်ပြန်ချက်မတိုင်ခင်မှာ ရခိုင်ပြည်နယ် စစ်တွေမြို့က မိဇံနဲ့ ကားဂိတ်အနီးမှာ ပေါက်ကွဲမှုနှစ်ကြိမ်တိုင် ဖြစ်ပွားခဲ့ပြီး ထိခိုက်မှုတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဘူးသီးတောင်မှာတော့ နှာခေါင်းချုပ် မတပ်ဘဲသွားသူတွေကို ထိုင်ထလုပ်ခိုင်းတာ၊ မင်းပြားမှာဆိုရင် ဝါးရင်းတုတ်နဲ့ ရိုက်တာတွေရှိတဲ့အကြောင်း ဒေသခံတွေက ပြောနေကြပါတယ်။ ရခိုင်ပြည်နယ် မြို့နယ်တချို့မှာတော့ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ စျေးတက်နေဆဲဖြစ်ပြီး AA ရဲ့ ထုတ်ပြန်ချက် ထဲမှာတော့ စျေးတင်မရောင်းကြဖို့လည်း သတိပေးထားပါတယ်။

အခုဆိုရင် ကျွန်တော့်မိသားစုလည်း ပြန်လည် ကျန်းမာရေးကောင်းမွန်လာကြပါပြီ။ ဒါပေမဲ့ ဘေးတွဲမောင်းတဲ့ ဦးလေး တစ်ယောက်ကလွဲရင် မုန့်လာရောင်းတဲ့ အဒေါ်၊ လက်သာအစ်ကိုနဲ့ ထီးကျိုးလိုက်ပြင်တဲ့ဦးလေး၊ အိမ်ဘေးက ညီမလေးသူငယ်ချင်းတို့၊ အလှူလာခံတဲ့ အဘွားကတော့ သူတို့ရဲ့နေ့စဉ်အလုပ်ကို လုပ်ကိုင် နေကြဆဲ ဖြစ်ပါတယ်။

ဘေးတွဲမောင်းတဲ့ ဦးလေးကတော့ ဒီဖက်မှာ ဖောက်သည်မရလို့ နောက်တစ်နေရာမှာ သွားမောင်းတာလား။ ဒါမှမဟုတ် သူ့မယားညီအစ်ကိုက နေပြန်ကောင်းလို့ သူနားနေတာလားဆိုတာကိုတော့ သူပဲသိပါလိမ့်မယ် ခင်ဗျာ။

ဓာတ်ပုံများ – Stay Home ကာလ စစ်တွေမြို့နေရာတချို့ (ထူး ၊ အာရ်ကန်ရိုးမ)

 417 total views,  1 views today