အာရ်ကန်ရိုးမ၊ စစ်တွေ

ရခိုင့်တပ်တော် အေအေ က ဗိုလ်မှူးကြီးတစ်ဦး ကိုဗစ်ရောဂါပိုး ကူးစက်ခံရလို့ ဇူလိုင်လ ၁၇ ရက်နေ့က ကွယ်လွန်သွားတယ်လို့ အေအေ စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။

ကွယ်လွန်သွားတဲ့ ဗိုလ်မှူးကြီး ဘုန်းမြတ်ဟာ ရခိုင်ပြည်နယ် ကျောက်တော်ဇာတိ ဖြစ်ပြီး ကွယ်လွန်ချိန်မှာတော့ အသက် (၄၀) ရှိနေပြီ ဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

စံပြတပ်မှူးတွေထဲက တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး ဘုန်းမြတ်ဟာ ရခိုင့်တပ်တော် တပ်ဦးကာလတည်းက ပါဝင်လာသူဖြစ်ပြီး အခုလို အသက်ဆုံးပါးသွားတဲ့အပေါ် မိသားစုနန့်ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

သူဟာ ပေးအပ်လိုက်တဲ့ အမိန့်နဲ့ တာဝန်ကို သစ္စာရှိရှိနဲ့ ကျေပွန်အောင် ထမ်းဆောင်နိုင်ခဲ့တာကြောင့် ထူးချွန် စစ်သည်တစ်ဦးအဖြစ် စစ်ရုံးချုပ်က ဂုဏ်ပြုခံထားရသူဖြစ်ကြောင်းကိုလည်း အဆိုပါ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဗိုလ်မှူးကြီး ဘုန်းမြတ်ဟာ စစ်ရေးကိုသာမက ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေ၊ စာပေ၊ ဂီတနဲ့ အားကစား ကဏ္ဍတွေကို ချစ်မြတ်နိုးတန်ဖိုးထားသူ တစ်ဦးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

 530 total views,  1 views today