ရိုးမရေဒီယိုမဂ္ဂဇင်း

ခက်ခဲကြမ်းတမ်းလှတဲ့  ငြိမ်းချမ်းရေးခရီးရှည်ကြီးမှာ လူအများကလေးစားအားထားရတဲ့သူ ငယ်ရွယ်နုပျိုတဲ့ အချိန်တွေကို ပေးဆပ်ရင်း ငြိမ်းချမ်းရေးရဖို့ ကြိုးစားနေတဲ့ ရခိုင်အမျိုးသမီးတစ်ယောက်အကြောင်း တင်ဆက်ပေးသွားပါမယ်ခင်ဗျာ။ သူကတော့ ရခိုင်အမျိုးသမီးများအစည်းအရုံး ဒုဥက္ကဌ ဒေါ်စောစံငြိမ်းသူဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ့် နယ်စပ်မှာ အခြေစိုက်တဲ့ ရခိုင်အမျိုးသမီးများ အစည်းအရုံးကို ၂၀၀၁ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့သူလည်းဖြစ်ပါတယ်။

အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံကပေးတဲ့ ငြိမ်းချမ်းရေးဆရာဖြစ်သင်တန်းကို တက်ရောက်ခဲ့ရကနေ အစပြုပြီး ငြိမ်းချမ်းရေးခရီးထဲ ပါဝင်ခဲ့တာပါ။

 ပထမဆုံးအနေနဲ့ ကျွန်မတို့က ငြိမ်းချမ်းရေးပညာသင်ပေးမယ်ဆိုရင် ကျွန်မအနေနဲ့က အရမ်းကြီး အယုံ အကြည် မရှိဘူးပေါ့ တစ်ကယ်ပဲ ငြိမ်းချမ်းရေးပညာပေးသင်တန်းကို တက်ပြီးတဲ့နောက်မှာ ဒါက ငြိမ်းချမ်ရေး ဆိုတဲ့ အနှစ်သာရကို ပိုပြီးတော့ နားလည်လာခဲ့တယ်ဆိုတော့ နေ့အတူတူက မငြိမ်းချမ်းမူတွေနဲ့ ခံစားနေရတဲ့ ကြားထဲ ကနေ လူတစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ ငြိမ်းချမ်းရေးကို အမြဲတမ်း တည်ဆောက်နေဖို့ လိုတယ် ဆိုတဲ့အပိုင်းကို နားလည်လာခဲ့တယ်။ ပြီးတော့ ငြိမ်းချမ်းရေးရဲ့ အနှစ်သာရပေါ့နော် ငြိမ်းချမ်းရေးရဲ့ တန်ဖိုး ဆိုတာကို ပိုပြီးတော့ သိမြင်လာခဲ့တယ်။ “

ရခိုင်အမျိုးသမီးများ အစည်းအရုံးကဦးဆောင်ပြီးတော့ ကမ္ဘာ့ကုလသမဂ္ဂ ၊ အီးယူနိုင်ငံနဲ့ အာဆီယံ နိုင်ငံတွေကို သွားရောက်ပြီး နိုင်ငံတွင်းနဲ့ နယ်စပ်ဒေသတစ်လျှောက် ဒုက္ခမျိုးစုံခံစားနေတာတွေကို တင်ပြခဲ့သလို နယ်စပ်ဒေသက ဒုက္ခသည် အမျိုးသမီးတွေကိုလည်း ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။

 ကျွန်မတို့ပြည်သူတွေအနေနဲ့ တစ်ခါတစ်ခါကြလို့ရှိရင် ကိုယ်တွေက မငြိမ်းချမ်းမူကို ဘာကြောင့် မငြိမ်းချမ်း ရလဲ ဆိုတဲ့ဟာမျိုးကို စဉ်းစားချက်က အားနည်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘ၀ကံ အကြောင်း တရား မကောင်းခဲ့လို့ မငြိမ်းချမ်းရတာပေါ့နော် ဘာကြောင့်မငြိမ်းချမ်းမူတွေ ပြည်သူလူထုတွေ ခံစားနေရတာလဲ ဆိုတဲ့ဟာကို သိနိုင်စေရေးအတွက် ကို ကျွန်မတို့က စည်းရုံးမဲဆွယ်ရေးကနေ တစ်ဆင့် ပြည်သူတွေက အမှန်တစ်ကယ် လူအခွင့်အရေးချိုးဖောက်မူတွေနဲ့အတူ မငြိမ်းချမ်း တွေရှိနေတယ် ဆိုတာကို ပြည်သူတွေ ကိုယ်တိုင် နားလည်သိမြင်နိုင်ဖို့အတွက် အသိပညာပေးတယ် စည်းရုံးလှုံဆော်မူတွေကို တစ်ပတ်က ပြည်တွင်းပြည်ပမှာလုပ်တယ်။

ဒေါ်စောစံငြိမ်းသူဟာ ပင်ကိုဗီဇအရ အေးအေးဆေးဆေးနေတတ်သူဖြစ်ပေမဲ့  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေရဲ့ ရေယာဉ်ကြောမှာမြောပါပီးတဲ့နောက်တော့ နိုင်ငံအတွက် ပြည်သူ့အတွက် လုပ်ဆောင်ချင်စိတ်တွေ ပြင်းထန်ခဲ့သူ တစ်ယောက်ဖြစ်လာပါတော့တယ်။ လူတုတိုက်ပွဲဖော်ဆောင်ရေး ကော်မတီတွေ၊  တခြား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပေါင်းစည်းထားတဲ့ နိုင်ငံရေးတပ်ပေါင်းစုတွေမှာလဲ ကိုယ်စားလှယ် အနေနဲ့ပါဝင်ပြီး   ငြိမ်းချမ်းရေးအတွက် သူတတ်စွမ်းသမျှ ကြိုးစားခဲ့သူပါ။ဒါပေမယ့်လဲသူရဲ့ အသက်အရွယ်ငယ်ရွယ်မှုကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က သဘာရင့်သူတွေရဲ့ မယုံကြည်မှုတွေ တိုက်ခိုက်မှုတွေကိုလဲခံခဲ့ရသူဖြစ်ပါတယ်။

 စပြီးတော့ ဆရာဖြစ်သင်တန်းဆင်းပြီးတော့ ဆင့်ပွားသင်တန်းပေးမယ်ဆိုပြီးတော့မှ ဘင်္ဂလာဒေ့ရှ့်ဒေသမှာ ကျွန်မက နီးစပ်ရာ နိုင်ငံရေးပါတီအဖွဲ့အစည်းထဲက ကိုယ်စားလှယ်တွေကိုဖိတ်တယ်။ အဲ့တုန်းကဆိုရင် ကျွန်မက အရမ်းငယ်တော့လေ စောစံငြိမ်းသူက ငယ်ငယ်ရွယ်ရွယ်နဲ့ပေါ့ ဆင့်ပွားသင်တန်းကိုပေးမယ် ဘာ သင်စရာလိုလဲပေါ့  ဖိတ်ကြားတဲ့အချိန်မှာ အဲ့လိုပြန်တုန့်ပြန်တာရှိတယ်။ မလိုဘူးပေါ့ ငြိမ်းချမ်းရေးဆိုတာ အရာရာပြည့်စုံပြီ ကိုလိုတဲ့အရာပြည့်စုံပြီဆိုလို့ရှိရင် ဒါငြိမ်းချမ်းရေးကို သင်တန်းတက်နေစရာမလိုဘူးပေါ့နော်။ အဲ့မှာ အဲ့လိုမျိုးတုန့်ပြန်မူတွေကို ကြုံတွေ့ခဲ့ရတယ်။ နောက်တစ်ပတ်မှာလဲ ကျွန်မတို့ နယ်စပ်ဒေသမှာ ရှိတဲ့ လက်နက်ကိုင်အင်အားစုတွေက ကျွန်မကို ဘာပြောလဲဆိုတော့ စောစံငြိမ်းသူဆိုတာ လက်နက်ကိုင်တိုက်ပွဲကို ဆန့်ကျင်တဲ့သူဖြစ်တယ်တဲ့ အဲ့ဒါကြောင့်မို့သူကို မထောက်ခံပါနဲ့ပေါ့ သူပေးတဲ့သင်တန်းတွေကိုလဲမတက်ပါနဲ့ပေါ့ သူစကားကိုလဲနားမထောင်ပါနဲ့ ဆိုတဲ့ လက်နက်ကိုင် အဖွဲ့အစည်းက တစ်ချို့ပုဂ္ဂိုလ်တွေရဲ့ တိုက်ခိုက်ခြင်းကိုလည်းခံခဲ့ရပါတယ်။ “

ပြည်ပနိုင်ငံမှာ နှစ်အတော်ကြာ ဖြတ်သန်းပြီး ပြည်တွင်းကို ပြန်ဝင်လာတဲ့အချိန်မှာ တော့ ရခိုင်ပြည်နယ် အတွင်းက  မြို့နယ် ၁၈ ခုမှာ  ငြိမ်းချမ်းရေးပညာပေးလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ပါတယ်။ ဒီလိုလုပ်တာနဲ့ ပက်သက်ပီးတော့လည်း အသက်အန္တရာယ်ကို ခြိမ်းခြောက်တာတွေနဲ့ပါ  ရင်ဆိုင်ခဲ့ရပါတယ်။

 ကျွန်မတို့ဝင်လာတဲ့အချိန်မှာဆိုလို့ရှိရင်ပြည်သူလူထုတွေက အကြမ်းဖက်မူတွေကို အကြမ်းဖက်မူနဲ့ပါ တုန့်ပြန်ရမယ်လို့နားလည်ထားတယ်။ ဆိုရင် ကျွန်မတို့အမြဲတမ်းပဲ သူတစ်လှည့်ကိုယ်တစ်လှည့် အဲ့လိုမျိုး အကြမ်းဖက်နေမယ်ဆိုလို့ရှိရင် အကြမ်းဖက်မူသံသရာက ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်ဘူး အဲ့တာကြောင့် ရခိုင်အမျိုးသမီးများ အစည်းအရုံး ပြည်တွင်းရေးကို စ၀င်လာတဲ့အချိန်မှာ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေး ပညာပေးတွေကို စပြီးတော့လုပ်တယ် စပြီးတော့လုပ်တဲ့အချိန်မှာ ကျွန်မကို သတ်မယ်ဆိုတဲ့ ခြိမ်းခြောက်ခြင်းကိုပါ ခံခဲ့ရတယ်။ အခုပဲလာသတ်မယ်ဆိုတဲ့ဟာတွေကိုလဲ ခြိမ်းခြောက်ခြင်းခံရတယ်။ ဒါပေမဲ့လာခဲ့ပါ အရင်ဆုံးကျွန်မနဲ့ပဲ အရင် စကားပြောကြည့်ပါပေါ့နော် အဲ့လိုမျိုးစကားနဲ့ပဲ တဖြည်းဖြည်းနဲ့ ဖြေရှင်းသွားခဲ့ရတဲ့ အကြိမ်ပေါင်းလဲ မနည်းပါဘူး။ “

သူက ငြိမ်းချမ်းရေးလုပ်ငန်းတွေအပေါ် စိတ်ရောကိုယ်ပါ နှစ်ပြီးလုပ်ကိုင်နေတာကြောင့် မိသားစုနဲ့လဲ နှစ်ရှည်လများစွာ ဝေးပြီးနေထိုင်ခဲ့ရသူဖြစ်ပါတယ်။မွေးချင်းရှစ်ယောက်ရှိတဲ့ အထဲမှာ အငယ်ဆုံးလဲ ဖြစ်သလို   မိခင်ဖြစ်သူကလဲသူ့အသက် ၁၁ နှစ်လောက်ကထဲကဆုံးပါးသွားခဲ့ပါတယ်။ မိသားစုရဲ့အဝေးမှာ အများဆုံး နေရတဲ့အတွက် အားငယ်မှုလေးတွေကလဲရှိလို့နေပါတယ်။

 ကျွန်မ ၂၁ ကနေစပြီးတော့ အိမ်ပြန်လာတဲ့ ၂၀၁၃ အချိန်ထိ မိသားစုနဲ့ ဝေးကွာနေခဲ့တယ်။ ပြီးတော့ ဆက်စပ် ဆက်သွယ်မူဆိုတာလဲမရှိဘူး လုပ်လို့ရတဲ့အနေထားမှာလည်းမရှိဘူး မိသားစုနဲ့ အဆက်သွယ် မရှိခဲ့ဘူး။ ၂၀၀၂ မှာ ဆိုင်ကယ် အက်ဆီဒန့် ဖြစ်တယ်ပေါ့နော် ထိုင်းနိုင်ငံမှာပေါ့ ဆေးရုံရောက်သွားတယ် ဆေးရုံရောက်သွားတော့ အဲ့အချိန်မှာပဲ ဆေးရုံမှာကတော့ ကိုယ့်အလုပ်နဲ့ကိုဆိုတော့ ကိုယ့်ရဲ့ အပေါင်း အဖော်တွေက လာပြီးတော့  စားစရာတွေ လာပေးလာချ ထားခဲ့လိုက် ပြီးတော့ ပြန်သွားလိုက် အဲ့လိုပုံစံမျိုးနဲ့ဆိုတော့ကိုယ့်အနားမှာ တစ်ယောက်မှမရှိဘူး ရုံးပြန်ကြတယ်ဆိုတော့လေ ညအိပ်ချိန်မှ ပြန်လာတယ်ဆိုတော့ ဆေးရုံမှာ တစ်ယောက်တည်းပဲ အဲ့အချိန်မှာတော့ တော်တော်လေးသတိရခဲ့တဲ့ အပိုင်းတော့ရှိခဲ့ပါတယ်။ “

တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေပါဝင်တဲ့ လောခီးလာထိပ်သီးညီလာခံကိုတော့ သူဘယ်တော့မှ မေ့နိုင်မှာမဟုတ်ပါဘူး။ ညီလာခံကျင်းပနေချိန်နဲ့ တပြိုင်တည်းမှာပဲဖခင်ဖြစ်သူလည်းမကျန်းမမာ ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်းအလုပ်တာဝန်တွေကိုဦးစားပေးရမယ် ဆိုတဲ့ ဖခင်ဖြစ်သူရဲ့ စကားအတိုင်းမကျန်းမမာဖြစ်နေတဲ့ ဖခင်ကိုထားခဲ့ပြီး ငြိမ်းချမ်းရေးတာဝန်ထမ်းရွက်ခဲ့သူတစ်ယောက်ပါ။

 နောင်တလို့ဆိုရှိရင်လဲ မှားမယ်မထင်ဘူးပေါ့ အဖေအသက်ကို ၃ မိနစ်ပဲမှီတယ်။ အဲ့ဒီ ၃ မိနစ်မှီလိုက်တဲ့ အချိန်မှာ ဟို အဖေတစ်ခုပြောခဲ့တာရှိတယ်။ ဒါပေမဲ့ကျွန်မ မသိတော့ဘူး စကားတစ်ခွန်းမှမပီတော့ အဖေ နောက်ဆုံး ပြောခဲ့တဲ့စကားကို ကျွန်မ မရခဲ့လိုက်ဘူး။ အဲ့ဒီပေါ်မှာတော့ အဖေဘာများမှာခဲ့လိုဆိုတဲ့ ဟာကို တွေးပြီးတော့မှ စိတ်မကောင်းဖြစ်မိတာတွေလည်းရှိပါတယ်။ အဓိက က လူမူအသိုင်းအ၀ိုင်းတစ်ခု ကမ္ဘာကြီး တစ်ခု ငြိမ်းချမ်းဖို့ဆိုတဲ့ဟာက လူတစ်ဦးတစ်ယောက်ချင်းမှာ အခြေခံတယ်ဆိုတာကို ဒီကမ္ဘာပေါ်မှာရှိနေကြတဲ့ လူသားတစ်ယောက်ခြင်းဆီက လက်ခံဖို့လိုတယ်။ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်တဲ့အတွေးကို ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်တဲ့ နှလုံးသား အဲ့ဒီဟာတွေကို အမြဲတမ်းရှိနေဖို့လိုတယ်။ ဒါတွေရှိနေမှ ဒီလူမူအသိုင်းအ၀ိုင်းက ငြိမ်းချမ်းမှာဖြစ်တယ်။ လူတစ်ယောက်မှာ ကျင့်ကြံရမယ့် ၀တ္တရားပေါ့နော် လူတစ်ယောက်မှာ ငြိမ်းချမ်းရေး အတွက် ကျင့်ကြံရမယ် ၀တ္တရားတွေကို နေ့စဉ်နှင့် အမျှကျင့်ကြံနေမှ နေစဉ်နဲ့အမျှလုပ်နေမှ ဒီလိုမျိုး ငြိမ်းချမ်းတဲ့လူမူကမ္ဘာကို ကျွန်မတို့ တည်ဆောက်နိုင်မှာဖြစ်တယ်။

သူကိုယ်သူထက် လူအများကို ချစ်သူ မိသားစုအရေးထက်  ငြိမ်းချမ်းရေးကိုဦးစားပေးသူ ဘာတွေ ပင်ပန်းခက်ခဲနေပါစေ နိုင်ငံ့အတွက် အမျိုးသမီးတွေအတွက်ဆို  ရှေ့ဆုံးကရှိသွားမဲ့ အမျိုးသမီးတစ်ဦးပါပဲ။

 582 total views,  1 views today