အာရ်ကန်ရိုးမ ၊ စစ်တွေ

ရခိုင်စစ်ဘေးရှောင်စခန်းတချို့မှာ အလှူရှင်တွေ လျော့နည်းလာတာကြောင့် ဒုက္ခသည်တွေ အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်စခန်း တာဝန်ရှိသူတွေက ပြောပါတယ်။

ကျောက်တော်မြို့နယ်က ကန်ဇောက်စစ်ဘေးရှောင်စခန်းမှာဆိုရင် အစိုးရက လူတစ်ဦးကို တစ်လမှာ မြန်မာငွေ ကျပ် ၁ သောင်းခွဲနှုန်းထား ထောက်ပံ့ငွေကိုသာ ရရှိတော့တာကြောင့် ကျန်းမာရေး မကောင်းတဲ့ ကလေးငယ်တွေ ရှိနေပေမယ့် ဆေးခန်းမပြနိုင်ဘူးလို့ အကူညီပေးနေတဲ့ ဆရာတော်က မိန့်ပါတယ်။

ဒုက္ခသည် ဦးရေ ၃၃၀၀ ကျော်ရှိတဲ့ မြောက်ဦးမြို့နယ်က တိမ်ညိုစစ်ဘေးရှောင်စခန်းမှာဆိုရင် လစဉ်ပေးနေကျ စားနပ်ရိက္ခာရဲ့ ထက်ဝက်ကို ICRC အဖွဲ့က လျှော့ချလိုက်တယ်လို့ စခန်းခေါင်းဆောင် ဦးစိုးနိုင်က ပြောပါတယ်။

အဖွဲ့အစည်း အနေနဲ့တော့ ငွေကြေး မလည်ပတ်မှုတွေရှိတာကြောင့် လျှော့ချလိုက်တာလို့ ပြောပေမယ့် စခန်းမှာတော့ ရှိတာလေးနဲ့ ဝေမျှ စားသောက်နေရတယ်လို့ ဆိုပါတယ်။

အေအေနဲ့ စစ်ကောင်စီတို့ဖြစ်ခဲ့တဲ့ ၂ နှစ်ကျော်ကြာ စစ်ပွဲအတွင်း ရခိုင်ပြည်နယ်မှာ ဒုက္ခသည် ၂ သိန်းကျော် နေရပ်စွန့်ခွာခဲ့ကြရပါတယ်။

စစ်ပွဲတွေ ရပ်တန့်နေတာ နှစ်ဝက်ကျော်နေပြီ ဖြစ်ပေမယ့် ကျေးရွာတွေအနီး စစ်ကောင်စီက တပ်စွဲထားဆဲ ဖြစ်တာ၊ တိုက်ပွဲတွေပြန်ဖြစ်မှာကို စိုးရိမ်တာ၊ ကျေးရွာနဲ့ တောတောင်တွေမှာ မိုင်းရှင်းလင်း ရေးတွေ မလုပ်ဆောင်သေးတာတွေကြောင့် ဒုက္ခသည် တစ်သိန်းခွဲဟာ နေရပ်မပြန်ကြသေးပါဘူး။

စစ်ဘေးရှောင်တချို့ဟာလည်း သူတို့ခိုလှုံရာ ဒုက္ခသည်စခန်းတွေနဲ့ နီးစပ်ရာတွေမှာ အလုပ်ထွက်လုပ် ကြပေမယ့် အာဏာသိမ်းထားတဲ့ ကာလလည်းဖြစ်၊ မိုးတွင်းရာသီလည်း ဖြစ်တဲ့အတွက်ကြောင့် ကျဘန်းအလုပ်တွေလည်း အဆင်မပြေဖြစ်နေကြတာပါ။

သတင်းဓာတ်ပုံ – တိမ်ညိုစခန်းမှ ဒုက္ခသည်တချို့အား မေလအတွင်းက မြင်တွေ့ရစဉ် (Photo/Arakan Yoma)

 470 total views,  1 views today