ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ အခုနောက်ပိုင်း ရွေ့လျား စာကြည့်တိုက်လေးတွေ ဖန်တီးပြီး စနေ၊ တနင်္ဂနွေ စာဖတ်ဝိုင်းလေးတွေ ပြုလုပ်လာကြတာကို ခပ်စိပ်စိပ် တွေ့မြင်လာရပါတယ်။

ပတ်ဝန်းကျင်ရဲ့ တိုးတက်တဲ့ လက္ခဏာလို့ ဆိုရမယ့် ဒီအစီစဉ်လေးတွေကို ရခိုင်လူငယ်တစ်စုက ဦးဆောင်ဦးရွက်ပြုနေကြတာပါ။

ဒီလူငယ်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၉ မှာ ဖွဲ့စည်းခဲ့တဲ့ Green Sittwe အဖွဲ့ဝင်တွေဖြစ်ပြီး စစ်ဘေးရှောင်စခန်းရောက် စာသင်ကျောင်းပြင်ပက ဒုက္ခသည်ကလေးငယ်တွေကို Story Telling လို့ခေါ်တဲ့ စာအုပ်ဖတ်ပြီး ပုံပြောပြတာတွေ၊ ကလေးငယ်တွေရဲ့ စိတ်ဒဏ်ရာတွေကို နှစ်သိမ့်ဖြေဖျောက်ပေးရင်းကနေ ပေါ်ပေါက်လာခဲ့တဲ့ အိုင်ဒီယာငယ်လေးတစ်ခု ဖြစ်ပါတယ်။

“စစ်ပွဲကာလသုံးနှစ်အတွင်းမှာ ပညာရေးနဲ့ အလှမ်းဝေးခဲ့တာတွေ ရှိပါတယ်။ ရခိုင်မှာ ပြည်တွင်းစစ် ရပ်နားချိန်တွင်းမှာ စစ်ဘေးရှောင် Camp (စခန်း)က ကျောင်းစာမသင်ခဲ့ရတဲ့ ကလေးတွေဆီကို သွားပြီးတော့ စာအုပ်ဖတ်ပြတယ်။ သူတို့နဲ့အတူ ကစားခဲ့တာတွေ ရှိပါတယ်။ အဲဒီ Camp က ကလေးတွေက တဆင့် ပြည်သူလူထုဆီကို သွားရင်ပိုပြီးတော့ မကောင်းဘူးလားပေါ့။ ပထမဆုံး ဒီ mobile library ကို စတင်လုပ်ဖို့ အတွက်နဲ့ ကျွန်တော်က ရန်ကုန်၊ မန္တလေးမှာရှိတဲ့ သူငယ်ချင်းတွေကို အကူညီ လှမ်းတောင်းတယ်။ ရခိုင်မှာရှိတဲ့ စစ်ဘေးရှောင်တွေကိုသွားပြီး Mobile library လုပ်ကြမယ်ပေါ့။ သူတို့က အဲဒီကနေပြီးတော့ စာအုပ်တွေ အလှူခံပေးတယ်။ အဲဒီကနေစာအုပ်တွေ စုပြီးတော့လုပ်ခဲ့တာပါ။”လို့ ဦးဆောင်လူငယ် ကိုငြိမ်းချမ်းက စတင်ဖြစ်ခဲ့တဲ့အကြောင်း ပြောပြပါတယ်။

Photo: Arakan Yoma

ဒီစိတ်ကူးကို အကောင်အထည်ဖော်ဆောင်ဖို့အတွက် သူတို့ လူငယ်တစ်စုဟာ ရန်ကုန်နဲ့ မန္တလေးတို့မှာရှိတဲ့ အသိမိတ်ဆွေတွေဆီကနေ စာအုပ်အကူအညီလှမ်းတောင်းခဲ့ကြပြီး အုပ်ရေ ၂၅၀၀ လောက် စုဆောင်းရမိချိန် ပြီးခဲ့တဲ့ မေလလယ်လောက်မှာ စတင်ခဲ့ကြတာလို့ ဆိုကြပါတယ်။

ပွဲဦးထွက်အနေနဲ့ စစ်တွေမြို့က ကမ်းနားလမ်းမှာ စတင်ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ရက်သတ္တပတ် ၆ ခုလောက် အတွင်း ရခိုင်ပြည်နယ်က မြို့နယ် ၇ ခုလောက်ထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့တာ တွေ့ရပါတယ်။ လက်ရှိမှာဆိုရင် စစ်တွေအပြင် ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ကျောက်ဖြူနဲ့ ရမ်းဗြဲတို့မှာလည်း ရွေ့လျား စာကြည့်တိုက်တွေ ရှိနေပါပြီ။

“ကျနော် အကြိုက်ဆုံး စကားတစ်ခွန်းရှိတယ်။ ဂျွန်ရက်စ်ကင်းပြောခဲ့တာ။ ကျနော်တို့ လူမျိုးတစ်မျိုးဟာ သိပ္ပံပညာကိုလည်း အထင်မကြီး၊ စာပေအနုသုခုမကိုလည်း အထင်မကြီးဘူး ဆိုရင် လူမျိုး တစ်မျိုးဟာ လူမျိုးတစ်မျိုး အဖြစ်ကနေ ရပ်စဲသွားပါလိမ့်။ အဲဒီလို မရပ်စဲသွားအောင် စာအုပ်စာပေတွေ ဖတ်ဖို့လိုပါတယ်။”

စစ်တွေမှာအခြေစိုက်ထားတဲ့ ဦးဆောင်အဖွဲ့ကတော့ နယ်မြို့တွေမှာ ရွေ့လျားစာကြည့်တိုက် ချဲ့တိုး ဖွင့်လှစ်မယ်လို့ ဆက်သွယ်လာရင် သူတို့အလှူခံရရှိထားတဲ့ စာအုပ်တွေထဲက လုံလောက်နိုင်တဲ့ အတိုင်းအတာ တစ်ခုကို ထုတ်ပေးပေမယ့် လည်ပတ်တဲ့ စနစ်ကိုတော့ ထိန်းချုပ်လေ့ မရှိပါဘူး။

Green Sittwe အဖွဲ့ဝင် မလှမိုးတာရာလှိုင်က “Mobile Library ကို ရခိုင်မူလေးနဲ့ နာမည်လေးတွေ ပေးကြတယ်။ ပြီးတော့ လူငယ်တစ်စုပဲ လုပ်ကြတယ်။ အဲလူငယ်တွေက Independence (အမှီအခိုကင်း) ဖြစ်တယ်။ တစ်ယောက်ရဲ့အကူညီမပါဘူး။ လွမ်းမိုးမှု မပါဘူးပေါ့။ အကူညီကတော့ ကိုယ်တို့ Collaboration (ပူးပေါင်းဆောင်ရွက်မှု) လုပ်တဲ့ ပုံစံမျိုးနဲ့ အထောက်အပံလေးနဲ့သွားကြပါတယ်။ ပြည်သူလူထု ဆီက အလှူငွေလက်ခံတယ်။ ပြည်သူတွေဆီက စာအုပ်အလှူလက်ခံတယ်။ အဲဒါနဲ့့ပဲ သွားကြတယ်။”လို့ ပြောပါတယ်။

ပုံမှန်အားဖြင့်ဆိုရင် စာဖတ်ဝါသနာပါသူတွေ အလုပ်အကိုင်အားလပ်တဲ့ ရုံးပိတ်ရက်တွေကို တမင်ရွေးလုပ် ထားကြပြီး နေရာတွေကိုလည်း စာဖတ်သူတွေ စိတ်ကျေနပ်မှုရှိစေမယ့် မြို့တစ်မြို့ရဲ့အလှကို ဂုဏ်ဆောင်တဲ့ နေရာလေးတွေမှာ လုပ်ဖြစ်ကြပြီး တစ်မြို့နယ်ချင်းစီက ရွေ့လျားစာဖတ်ဝိုင်းလေးတွေကိုလည်း ရခိုင်အဓိပ္ပာယ် ဆောင်တဲ့ နာမည်လေးတွေ ပေးထားကြပါသေးတယ်။

“စာပီလီညှင်း” လို့ အမည်ပေးထားတဲ့ စစ်တွေမြို့က ရွှေ့ပြောင်းစာကြည့်တိုက်မှာ ဆိုရင် စာဖတ်သူတွေ စိတ်ဝင်စားနိုင်မယ့် ကလေးစာပေ၊ သုတ၊ ရသ၊ မဂ္ဂဇင်းနဲ့ စတဲ့စာပေအမျိုးမျိုးကို ဝင်ဖတ်နိုင်၊ ငှားယူနိုင်မယ့်အပြင် ကမ႓ာ့ယဉ်ကျေးမှုအမွေအနှစ် နယ်မြေ ပုဂံမှာ ရေပန်းစားတဲ့ လက်ဆွဲပန်းချီတွေ ထည့်သွင်း ပေးထားတာကလည်း လူငယ်တွေအတွက် ဆွဲဆောင်မှုတမျိုးဖြစ်လို့ နေပါတယ်။

“ဒီ Mobile library က ဘယ်လိုပုံစံမျိုးနဲ့ လည်ပတ်လဲဆိုတော့ ဒီစာအုပ်တွေ အားလုံးကို စစ်တွေကမြို့က ဓညဝတီဘုန်းကြီးကျောင်းမှာဘဲ အခြေချထားပါတယ်။ အဲ့ဒီကနေပြီးတော့ အခြား မြို့နယ်တွေကို ဥပမာ ပုဏ္ဏားကျွန်းဖြစ်စေ၊ မြောက်ဦးဖြစ်စေ ချိတ်ဆက်လာတဲ့အခါ အကိုတို့က စာအုပ်တွေ ဘယ်လောက်ယူမှာလဲ။ ဘယ်နှစ်လယူမှာလဲဆိုပြီးတော့ အဲ့လိုပုံစံမျိုးတွေနဲ့ ထည့်ပေးလိုက်ပါတယ်။ သူတို့ကို စာအုပ်စာရင်း ပေးတယ်။ ပြီးတော့ သူတို့ဆီမှာ မြို့ခံလူတွေစုပြီးတော့ ပုဏ္ဏားကျွန်းမြို့ကဆိုရင် ပုဏ္ဏားကျွန်းက စာပေတွေကို စိတ်ဝင်စားကြတဲ့ လူငယ်တွေစုပြီးတော့ ဝိုင်းဝန်းလုပ်ဆောင်ကြတယ်။ ကျွန်တော်တို့က စာအုပ်အကူအညီ ပေးလိုက်ပါတယ်။”လို့ ကိုငြိမ်းချမ်းက ပြောပါတယ်။

Green Sittwe အဖွဲ့ကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ လူငယ်သူငယ်ချင်းအယောက် ၂၀ လောက်က စတင်ဖွဲ့စည်းခဲ့ ကြတာဖြစ်ပြီး အစပိုင်းမှာ သစ်ပင်စိုက်တာ၊ အမှိုက်ကောက်တာတွေ၊ နောက်ပိုင်းမှာ စစ်ဘေးရှောင် ကလေးတွေကို စာပေနဲ့ ပုံပြောပြတာတွေကိုပါ လုပ်ဆောင်လာခဲ့ပြီး လက်ရှိမှာတော့ အဖွဲ့ဝင် ၁၀၀ လောက် အထိ ရှိနေပြီး ရွှေ့လျားစာကြည့်တိုက်တွေပါ တိုးချဲ့လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo: Arakan Yoma

လူငယ်တွေကတော့ အခုလည်ပတ်နေတဲ့ ရွှေ့လျားစာကြည့်တိုက် Mobile Library ကနေ၊ ပြည်သူ့စာကြည့်တိုက် Public Library၊ အဲဒီကနေတဆင့် အမျိုးသားစာကြည့်တိုက် National Library အထိသွားဖို့ ကြိုးပမ်းနေကြပါတယ်။

“ကမ်းနားလမ်းမှာက လူသွားလူလာလည်း ရှိတယ်ဆိုတော့ လူတွေက အရက်ပုလင်း ကိုင်ပြီး ထိုင်နေကြတာ မဟုတ်ပဲ စာအုပ်ဖတ်ပြီး ထိုင်နေကြတာဆိုတော့ စိတ်ဝင်တစားနဲ့ ကြည့်ကြပါတယ်။ Attention (အာရုံစိုက်ခံ) ရတယ်ပေါ့။ ဝင်လာပြီးရင် ဘာလုပ်နေတာလဲ။ စာအုပ်ရောင်းနေတာလား။ မဟုတ်ပါဘူး။ စာအုပ်ငှားလို့ ရပါတယ်။ အလကား ဖတ်လို့ရပါတယ်။ ဒီဟာ အကုန်လုံး Free ပါ စိတ်ကြိုက် ယူဖတ်လို့ရပါတယ်။ အဲလိုမျိုး ချပြထားတယ်ပေါ့။”

လက်ရှိမှာတော့ ရွေ့လျားစာကြည့်တိုက်အနေနဲ့ တိုးချဲ့မယ့် မြို့နယ်တွေ များပြားလာတာကြောင့် စာအုပ်အရေအတွက်တွေ ပိုမိုလိုအပ်နေပြီး ငွေကြေးအားဖြင့်သော်လည်းကောင်း၊ စာအုပ်သော်လည်းကောင်း တတ်နိုင်သူတွေ အနေနဲ့ ကူညီပံ့ပိုးပေးကြဖို့ Green Sittwe အဖွဲ့က ဖေ့စ်ဘွတ် စာမျက်နှာကနေ အကူညီတောင်းခံထားပါတယ်။

“စာအုပ်ကတော့ အဓိက အခက်အခဲပါပဲ။ ဘာလို့ဆို ကျမတို့ ပုံမှန်ကတော့ တစ်မြို့နယ်ကို အုပ်ရေ ၃၀၀၊ ၃၅၀ ခွဲပြီး ပို့တယ်ပေါ့။ ကျမတို့ စစ်တွေမှာတော့ စာအုပ် ၅၀၀ ရှိပါတယ်။ ခွဲလို့ပေးတဲ့အခါမှာ ၁၇ မြို့နယ်တွက်ကျတော့ စာအုပ်ဟာ အခက်အခဲရှိပါတယ်။ စာအုပ်က ခုတော့ ထောင်ဂဏန်း ရှိပါတယ်။ ၃ ထောင်လောက် ရှိပါတယ်။ ထပ်ပြီး စာအုပ်တွေ အလှူလက်ခံနေပါတယ်။ လှူတဲ့သူတွေရှိတယ်။ လိုတာတော့ လိုအပ်တုန်းပါပဲ။”လို့ မလှမိုးတာရာလှိုင်က မေတ္တာရပ်ခံပါတယ်။

Photo: Arakan Yoma

အခုလို မတည်ပြီး ဖြန့်ဝေတဲ့ အဖွဲ့မှာ အခက်ခဲရှိနေသလို လူဦးရေနည်းတဲ့ မြို့နယ်ခွဲတွေမှာလည်း လုပ်ဖို့ ဆန္ဒရှိနေကြပေမယ့် လူအင်အားနဲ့ အချိန်မအားလပ်မှု ပြဿနာတွေ ကြုံနေကြရပါတယ်။ လတ်တလော မှာတော့ မြို့နှယ်အနှံ့ပြုလုပ်တဲ့ အဆိုပါစာဖတ်ဝိုင်းတွေမှာ လူငယ်တွေ အားတက်သရော လာဖတ်၊ လာငှားကြတာတွေ့နေရပါတယ်။

စစ်တွေမြို့က “စာပေလီညှင်း” ရွှေ့လျားစာကြည့်တိုက်အဖွဲ့က မမျိုးသီရိကျော်ကတော့ စာလာဖတ်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

“Green sittwe က တစ်လနဲ့ နှစ်ပတ်ရှိပါပြီ။ နောက်အပတ်တွေမှာ လူငယ်လေးတွေအပြင် တစ်ခြား လူတွေ စာပေချစ်တဲ့ လူကြီး၊ လူငယ် လာရောက်စေချင်ပါတယ်။ Green sittwe အပြင် တစ်ခြား စာပေလေညင်းကလေးတွေ၊ တစ်ခြားသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိမ်းသိမ်းမှုတွေနဲ့ ကလေးတွေကို အခြေပြုပြီး Mobile Library အများကြီး ရှိပါတယ်။ လူတွေကလည်း အားပေးကြဖို့ဖိတ်ပါတယ်။”

 455 total views,  1 views today