ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

မြန်မာနိုင်ငံက ပြည်နယ်နဲ့ တိုင်းအများစုမှာ သပိတ်မှောက်ပြီး ကျောင်းမတက်လှုပ်ရှားမှု ပြုနေကြချိန် ရခိုင်ပြည်နယ်မှာ ကျောင်းတက်တယ်ဆိုတာ စစ်အာဏာရှင်ကို ထောက်ခံရာရောက်ကြောင်း အပြစ်တင်ဝေဖန် နေကြပါတယ်။

တကယ်တော့ အပြစ်တင်နေသူတွေကို အာဏာရှင်ကို ထောက်ခံနေတာ မဟုတ်ကြောင်း အံ့သြသင့်စေမယ့် အချက်တစ်ချက်ကို ရခိုင်လူထုက လုပ်ပြလိုက်ပါတယ်။ ရခိုင်ပြည်နယ်က ကျောင်းတချို့မှာ နှစ်စဉ်သီဆိုနေကျ “တရားမျှတလွတ်လပ်ခြင်း”နဲ့ စတဲ့ မြန်မာနိုင်ငံတော်သီချင်း မဟုတ်တော့ဘဲ ကိုယ်ပိုင်နိုင်ငံတော်သီခြင်း ပြောင်းလဲသီဆိုလာကြတာပါ။

အဲဒီသီချင်းကို ရခိုင့်တပ်တော်အေအေက ဖန်တီးထားတာလည်း ဖြစ်ပါတယ်။

မနက်ကျောင်းခေါင်းလောင်းထိုးတာနဲ့ ရခိုင်အလံရဲ့အောက်မှာ ရခိုင်ဘာသာစကားနဲ့ သီဆိုထားတဲ့ “တော်ဝင်မြီကို၊ အောင်လံထူလို့” ဆိုတဲ့စာသားနဲ့ အစချီထားတဲ့ အာရက္ခနိုင်ငံတော်သီချင်းကို ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေက ညာဖက်လက်ကို ဘယ်ဖက်ရင်မှာပိုက်ပြီး သတိအနေအထားနဲ့ အာရုံပြုသီဆိုကြတာပါ။

“ကျနော်တို့ကတော့ အာရက္ခနိုင်ငံတော်သီချင်းကို ဆိုတယ်။ ကျနော်တို့က ညာဖက်လက်ကို ဘယ်ဖက်ရင်မှာ တင်ပြီးတော့ သတိအနေအထားနဲ့ ကိုယ့်နိုင်ငံအတွက်ဆုတောင်းပေးတယ်။ အာရက္ခနိုင်ငံတော်အတွက် ဆိုတာပေါ့။ ကျနော်တို့ ကိုယ့်အစီစဉ်နဲ့ ကိုယ်လုပ်တာ။ ရုံးက ညွှန်ကြားတာ မဟုတ်ဘူး။ ကိုယ့်အသိနဲ့ ကိုယ်လုပ်တာ။”လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်တော်မြို့နယ်က ကျောင်းဆရာတစ်ဦးက ပြောပါတယ်။

ရခိုင့်တပ်တော် အွင်လိုင်းလူမှုကွန်ယက်ပေါ်မှာ စတင်ထိုးဖောက်လာချိန် ဒီသီချင်းကို သီဆိုပြီး ဖေ့စ်ဘုတ်ပေါ်မှာ တင်ခဲ့ပါတယ်။ အဲဒီနောက် ဒီသီချင်းဟာ ရခိုင်ပြည်သူတွေအကြား တစစနဲ့ ပျံ့နှံ့နေခဲ့ပြီး တချို့ကလည်း ဖုန်းတွေထဲမှာ သိမ်းဆည်းကာ ဆိုနေတတ်ကြပေမယ့် အစိုးရပညာရေးကျောင်းတွေမှာတော့ အာဏာသိမ်းမှု ဖြစ်လာပြီးနောက်ပိုင်း ဒီနှစ်မှပဲ ခပ်စိပ်စိပ်သီဆိုမှုတွေ မြင်တွေ့လာရတာ ဖြစ်ပါတယ်။

အလယ်တန်းပြ ကျောင်းဆရာမ တစ်ဦးကေတာ့ ရခိုင်ကျောင်းသားလူငယ်လေးတွေကို အမျိုးသားရေး စိတ်ဓာတ် နိုးကြွလာအောင် နှိုးဆော်ပေးနေတာလို့ ပြောပါတယ်။

“ကျမတို့မှာ ကလေးတွေကို ကိုယ့်လူမျိုးအတွက် စိတ်ဓာတ်တွေ တက်ကြွ လာအောင်၊ ကိုယ့်လူမျိုးဟာ ကိုယ့်ထီး ကိုယ့်မင်းနဲ့ နေရအောင်အတွက် စိတ်ဓာတ်တွေကို နှိုးဆော်ပေးနေတာ။ ကျောင်းဖွင့်တာနဲ့ ရခိုင်တပ်တော် အလံရှေ့မှာ တန်းစီပြီးတော့ ဆိုကြတာ။ မိုးရွာနေရင် ကိုယ့်အခန်းမှာပဲ ဆိုပါတယ်။”

အခုလို ကိုယ်ပိုင်ဟန် ပြောင်းလဲပြီး သီဆိုမှုကို နယ်ကကျောင်းတွေသာမက မြို့ပေါ်က တချို့ကျောင်းတွေကပါ ပြုလုပ်နေပေမယ့် ကျောင်းရဲ့ နေရပ်လိပ်စာနဲ့ ဖြေဆိုသူတွေရဲ့ အမည်နာမတွေကိုတော့ လုံခြုံရေး အခြေအနေအရ ထုတ်ဖော်သုံးစွဲတာ မလုပ်ဖို့ မေတ္တာရပ်ခံကြပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အနိုင်ရစဉ်မှာ ပြည်နယ်မှာ မဲအများဆုံး အနိုင်ရ ရခိုင်အမျိုးသားပါတီကို လစ်လျူရှုထားခဲ့သလို ဆွေးနွေးညှိနှိုင်းမှုတွေလည်း မလုပ်ခဲ့ဘဲ ပြည်ထောင်စု စနစ်နဲ့သာ အုပ်ချုပ်ခဲ့ပါတယ်။

အဲဒီနောက် ICJ အထိ ရောက်လာခဲ့တဲ့ အနောက်ဖက်နယ်စပ်ဒေသ ဘူးသီးတောင်၊ မောင်တောမှာ ပြဿနာတွေ ပေါ်လောက် လာပြန်တော့လည်း NLD အစိုးရဟာ ဒေသခံတွေရဲ့ သဘောထားတွေကို ဆက်လက် လစ်လျူရှုနေခဲ့ပါတယ်။

ဒီ့အပြင် ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်းနေ့ ကျင်းပခွင့်မရလို့ ချီတက်တဲ့ မြောက်ဦး လူငယ်တွေကို ပစ်ခတ်ဖြိုခွင်းမှုတွေလုပ်တာ၊ တဆက်တည်းမှာဘဲ ရခိုင်နိုင်ငံရေးခေါင်းဆောင် ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ဖမ်းဆီးထောင်ချတာတွေ။ နောက်တခါ ရခိုင်မြောက်ပိုင်းမှာ အေအေနဲ့ တပ်မတော်တို့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားလာချိန်မှာလည်း အရပ်သားတွေကို တပ်မတော်က ဖမ်းဆီးတာထောင်ချတာ၊ ကျေးရွာတွေအတွင်း ပစ်ခတ်မှုတွေပြုလုပ်တာတွေ ကြောင့် ရခိုင်လူထုဟာ တပ်မတော်အပေါ်မှာရော NLD အစိုးရအပေါ်မှာပါ ယုံကြည်မှု ကင်းမဲ့လာခဲ့တာလို့ ဆိုရမှာပါ။

ဒီအခြေအနေတွေကြောင့် ရခိုင်မြောက်ပိုင်းက ဒေသခံတွေဟာ ပြီးခဲ့တဲ့ တိုက်ပွဲဖြစ်ပွားစဉ်ကာလမှာတင် တပ်မတော်နဲ့ အစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ ရခိုင်အလံလွှင့်ထူတဲ့ လှုပ်ရှားမှုတွေ၊ စံကောခပ်လှုပ်ရှားမှုတွေ အသီးသီးပြုလုပ်ခဲ့ပြီး မိမိတို့လူမျိုးတွေနဲ့ တည်ထောင်ထားတဲ့ ရခိုင်တပ်တော် အေအေအပေါ်မှာသာ ယုံကြည် အားထားလာမှုတွေ ထင်သာမြင်သာရှိလာခဲ့တဲ့ သဘောကို မြင်တွေ့လာရပါတယ်။

အာရက္ခနိုင်ငံတော်သီချင်း စာသင်ခန်းထဲ သီဆိုတာကို လွန်ခဲ့တဲ့ နှစ်တချို့လောက်ကတည်းက ပြုလုပ်လာတဲ့ မြတန်ဆောင်းဖောင်ဒေးရှင်း၊ ပညာရေးကျောင်းတည်ထောင်သူ မြတန်ဆောင်းဆရာတော်ကတော့ ဒါဟာ ရခိုင်တွေအတွက် နိုင်ငံရေးအရ တိုးတက်မှု လက္ခဏာတစ်ခုလို့ မြင်ပါတယ်။

“ကိုယ်တော်တို့ကတော့ အဲဒီလို ဖြစ်စေချင်လို့ တော်တော်လေး တင်းတင်းကျပ်ကျပ် အခြေအနေမျိုးမှာတောင် ဦးဆုံးလမ်းဖွင့်ခဲ့သူတွေလို့ ပြောလို့ရတာပေါ့။ ကိုယ့်နောက်ကို ပါလာတဲ့ အတွက်နဲ့ ကိုယ်တော်တို့ ဝမ်းသာတယ်။ ကိုယ့်နောက်ကိုပါလို့ ဝမ်းသာတယ်ဆိုတာထက် ရခိုင်သည် ရခိုင်ပဲ ဖြစ်ရမယ်။ ရခိုင်ဟာ တခြားလူမျိုးနဲ့ မတူဘူး။ ရခိုင်ဟာ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်လက္ခဏာနဲ့ နေဖို့လိုတယ်။ လုပ်ဆောင်မှု၊ အတွေးအခေါ်၊ အယူအဆတွေ၊ ပြဿနာကို ဖြေရှင်း ကိုင်တွယ်ပုံတွေ အကုန်လုံးဟာ ရခိုင်အတွက် ရခိုင်ပုံစံပဲ ဖြစ်နေရမယ်။ အခုပညာရေးကလည်း ရခိုင်ပုံစံ သွားလာတယ် ဆိုလို့ရှိရင် ဝမ်းသာတယ်။ ရခိုင်တွေအတွက် နိုင်ငံရေးအရ တိုးတက်မှုလက္ခဏာလို့ ကိုယ်တော်တို့ မြင်တယ်။”

ဒါပေမယ့် ပညာရေးဝန်ထမ်း၊ ဆရာ၊ ဆရာမတွေအနေနဲ့ မိမိရဲ့မိသားစု၊ ပတ်ဝန်းကျင်နဲ့ လုံခြုံရေးအခြေအနေကို လေ့လာပြီးမှသာ ပြုလုပ်ကြဖို့ ကိုယ်တော်က သတိပေးမိန့်ကြားပါတယ်။ မြောက်ဦးမြို့နယ်က ကျေးရွာ တစ်ရွာမှာ တာဝန်ကျနေတဲ့ အထက်တန်းပြ ကျောင်းဆရာတစ်ဦးကတော့ သူတို့ကျောင်းမှာလည်း ရခိုင့် ကိုယ်ပိုင်ဟန်နဲ့ ပြောင်းလဲ သီဆိုချင်ပေမယ့် လုံခြုံရေးအခြေအနေကို စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ရွာဖက်တွေမှာက ဆိုလို့မကောင်းဘူး။ စစ်သားတွေနဲ့လည်း နီးတယ်။”

ရခိုင့်တပ်တော်ဟာ ကာကွယ်ရေးအပိုင်းကို သာမက အုပ်ချုပ်ရေးပိုင်းမှာပါ ပြည်သူ့အာဏာပိုင် အဖွဲ့ဖွဲ့စည်းကာ အစားထိုး နေရာယူထားပြီး ရခိုင်ပြည်နယ်က မြို့နယ်အများစုမှာ မြို့နယ်အလိုက် တရားစီရင်မှုတွေကိုပါ ပြုလုပ်နေတာတွေလည်း ရှိနေပါတယ်။

ရခိုင်ပြည်နယ်မှာ ရခိုင်ဘာသာစကားနဲ့ ပြဌာန်းထားတဲ့ ရခိုင့်စာပေ၊ ရခိုင့်ယဉ်ကျေးမှုတွေ အကြောင်းကို သင်ကြားပို့ချတဲ့ စနစ်တစ်ခု ပေါ်ထွန်းစေချင်တယ်လို့ ရခိုင်ဒေသခံကျောင်းသားမိဘ ဦးမောင်မောင်ဆန်းက ပြောပါတယ်။

“ကျနော်တို့ကလည်း ရခိုင်လေသံနဲ့ ရခိုင့်စာပေနဲ့ ရခိုင့်ယဉ်ကျေးမှု အကြောင်းတွေကို သင်ချင်တာပေါ့။ ရခိုင်သားမှာတော့”

ပြည်နယ်ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းသိန်းကတော့ ရခိုင်ပြည်နယ်က စာသင်ကျောင်းတွေမှာ ယခင်နှစ်တွေက အတိုင်းပဲ မြန်မာနိုင်ငံတော်သီခြင်း သီဆိုဖို့၊ နိုင်ငံတော် အလံလွှင်ထူဖို့ ညွှန်ကြားထားပြီး ရခိုင့်နိုင်ငံတော်သီခြင်းဆိုတာကို အထက်အရာရှိတွေအနေနဲ့ မသိရှိဘူးလို့ ပြောပါတယ်။

“အဲဒီဟာတွေကို ကျနော်တို့ဘာမှ မသိဘူး။ ကျနော်တို့မှာက နိုင်ငံတော် သီချင်းဆိုဖို့၊ နိုင်ငံတော်အလံ လွှင့်ထောင်ဖို့ဆိုတာ ဌာနရဲ့ စည်းမျဉ်းစည်းကမ်းပဲနော့်။”

ရခိုင်ပြည်နယ်မှာ ကျောင်းအပ်နှံသူ ၃၈၂၇၀၅ ဦးရှိတဲ့အတွက် ၃ သိန်း ၈ နီးပါး ကျောင်းတက်နေကြပြီး ၁၀၀ ရာခိုင်နှုန်း နီးပါး ကျောင်းတက်နေကြတယ်လို့ ပြည်နယ်ပညာရေးမှူးရုံးက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ အစိုးရ ပညာသင်ကျောင်းပေါင်း ၃၃၀၉ ကျောင်းရှိတဲ့အနက် လက်ရှိအချိန်ထိ ကျောင်းပေါင်း ၁၂၈ ကျောင်းကို ပိတ်ထားရဆဲဖြစ်တယ်လို့ ပြည်နယ်ပညာရေးဆိုင်ရာ စာရင်းဇယားတွေက ပြသနေပါတယ်။

သတင်းဆောင်းပါးဓာတ်ပုံ – RFA Burmese

 1,314 total views,  2 views today