ရိုးမရေဒီယိုမဂ္ဂဇင်း

ဘူးသီးတောင်၊ အောက်တိုဘာ ၃၀ ရက်။ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာတွင် UNHCR ၏ အကူအညီဖြင့် နေအိမ် ၇၆ လုံး ဆောက်ပေးသွားမည်ဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ARSA အကြမ်းဖက်မှုဖြစ်စဉ်တွင် တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်သွားသူများ မဟုတ်ဘဲ ထိုကျေးရွာအတွင်း ကျန်ရစ်ခဲ့ပြီး နေအိမ်မီးလောင်ဆုံးရှုံးသွားသူများအတွက် ဆောက်လုပ်ပေးခြင်းလည်း ဖြစ်သည်။

“သူတို့က မထွက်ပြေးဘူးပေါ့လေ။ ရွာအတွင်းမှာ မှီခိုနေကြတဲ့ဟာတွေ မီးလောင်သွားတဲ့အတွက် ကျနော်တို့က ပြန်ပြီး သူတို့ကို ပံ့ပိုးပေးတဲ့ အနေနဲ့ အစိုးရက လုပ်ပေးတာပါ။ မလုံလောက်လို့ ထပ်တင်ရင်လည်း ထပ်လုပ်ပေးသွားမှာပါ။” ဟု ဘူးသီးတောင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူး ဦးကျော်မြင့်ထွန်းက ပြောသည်။

ထိုသို့ ကျပ်သိန်း ၂၀ တန် မျှောတိုင်မြေစိုက်၊ ဝါးထရံကာ အိမ်အမျိုးအစားများကို ဆောက်လုပ်ရန် လက်ရှိတွင် စီစဉ်နေပြီဖြစ်ပြီး ထိုအိမ်အရေအတွက်နှင့် လောက်ငှမှုမရှိ၍ တင်ပြလာပါက ထပ်မံဆောက်လုပ် ပေးသွားမည်ဟု ဆိုသည်။

ARSA အကြမ်းဖက်ဖြစ်စဉ် မတိုင်မှီ ထိုကျေးရွာတွင် လူဦးရေ ၁၈၀၀ နှင့် နေအိမ် ၃၀၀ ဝန်းကျင်ရှိခဲ့သော်လည်း လက်ရှိတွင် လူဦးရေ ၉၀၀ ခန့်နှင့် မီးမလောင်ဘဲ အိမ်ခြေ ၅၆ လုံးကျန်ရစ်ခဲ့ကာ ယာယီနေအိမ် ၄၆ လုံး ဆောက်လုပ်လျှက်ရှိကြောင်း သိရသည်။

ယင်းကျေးရွာမှာ စာသင်ကျောင်းကို ပြန်လည် ဖွင့်လှစ်ထားပြီဖြစ်သည်။ သို့သော် ကျန်းမာရေးဆေးပေးခန်း မရှိသေးပေ။

 564 total views,  1 views today