ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

နိမ့်ကျနေတဲ့ သူတို့ လူမျိုးတွေကို လက်တွဲခေါ်ပေးကြဖို့ မရမာကြီး လူငယ်တွေက လိုလားနေကြပါတယ်။

“ကျမတို့ လူမျိုးကို လက်လှမ်းမီသလောက် ဆွဲခေါ်စေချင်ပါတယ်။ ကိုယ်တို့က လုပ်တတ်တဲ့ ပုံစံလည်း မရှိ သလောက် နည်းပါးတဲ့အခါ နောက်က ကျန်ခဲ့ရတယ်။ အဲလိုမျိုး ဖြစ်နေပါတယ်။ သိတတ် နားလည်တဲ့ သူတွေက ဆွဲခေါ် စေချင်တယ်။” လို့ စစ်တွေမြို့၊ ဓညဝတီရပ်ကွက်မှာ နေထိုင်တဲ့ အသက် (၂၀) အရွယ် မအေးခင်ဦးက ပြောပါတယ်။

မရမာကြီး လူမျိုးတွေဟာ ရခိုင်မျိုးနွယ်စု (၇) မျိုးထဲက လူမျိုးစုတစ်စု ဖြစ်ပါတယ်။ သူတို့တွေဟာ ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တော၊ မြေပုံ၊ ကျောက်ဖြူမြို့နယ်နဲ့ မြန်မာပြည် အထက်ပိုင်း ဒေသမှာလည်း အနည်းငယ် နေထိုင်လျက် ရှိပါတယ်။

လူဦးရေ အားဖြင့်တော့ တစ်နိုင်ငံလုံးမှာ ၁၅၀၀၀ ဝန်းကျင်လောက်ရှိတယ်လို့ မရမာကြီးလူမျိုးစု ခေါင်းဆောင်တွေ က တွက်ချက်ထားကြပါတယ်။ သူတို့ဟာ များသောအားဖြင့်တော့ တပိုင်တနိုင် လုပ်ငန်းတွေ ဖြစ်တဲ့ ကုန်စိမ်းတွေ ရောင်းချတာ၊ ဆိုင်ကယ် ကယ်ရီဆွဲတာ စတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်လေ့ ရှိကြပြီး အစိုးရ ဝန်ထမ်းတော့ လုပ်လေ့ မရှိကြဘူးလို့ ဆိုပါတယ်။

“ကျပန်းလုပ်နေရတယ်။ ဘေးတွဲမောင်းတဲ့ခါ မောင်းတယ်။ သုံးဘီးမောင်းတဲ့အခါ မောင်းတယ်။ ဘေးတွဲ ကတော့ ကိုယ့်ဟာ။ သုံးဘီးကတော့ သူများသုံးဘီး။ share မောင်းနေရတာ။ အလုပ်မှာ ၅၀၀၀ ရရင် တစ်ယောက် ၂၅၀၀ အဲလို မောင်းနေရတာ။ အဆင်မပြေမူတွေ အများကြီးရှိတယ်ပေါ့။ အလုပ်အကိုင်တွေက အငှား ကျရင် သွားရတယ်။ အငှား မကျရင် မသွားရဘူးပေါ့။ ကျောင်းဆက် မတက်ဖြစ်ခဲ့တာ ၂၀၁၀ မှာ အလုပ် အကိုင် ရှားပါးတာကြောင့် မိသားစု အဆင်မပြေ ငွေရေး ကြေးရေးကြောင့် ဒါဆို အထက်တန်းတစ်ယောက် စာသင် ရတာလည်း မလွယ်ဘူး။ ကျူရှင်လခတွေ အဆင်မပြေတာကြောင့် တစ်နှစ်ပဲ ဖြေခဲ့ရတယ်။” လို့ ဆယ်တန်းကျလူငယ် မောင်ဇော်ဦးက ပြောပါတယ်။

ဘာလို့လဲ ဆိုတော့ သူတို့အနေနဲ့ အစိုးရအမှုထမ်းတွေ လျှောက်ကြတဲ့အခါ လူမျိုးနေရာမှာ မရမာကြီးလို့ မြင်လိုက်တာနဲ့ နှိမ်ချ ဆက်ဆံမှုတွေ စတင်လာတော့ပြီး လျှောက်လွှာတွေ ပယ်ချတာတွေ များစွာ ခံကြ ရတာတွေ ကြောင့်လို့ ဆိုကြပါတယ်။ ဒီအခြေအနေတွေကို ကိုယ်တိုင် ကြုံတွေ့ဖူးတဲ့ မရမာကြီး လူငယ် ခေါင်းဆောင် ကိုလှရွှေက အခုလို ပြောပြပါတယ်။

“ဌာနဆိုင်ရာ တစ်ခုခုမှာ အလုပ်လုပ်ဖို့ လျှောက်လိုက်ရင် လျှောက်လွှာမှာ လူမျိုးဘာသာ ထည့်ရတာကိုး။ ဘာသာကတော့ တူတူပဲ (ဗုဒ္ဓဘာသာ)။ မရာမာကြီး ဘာညာ မြင်တာနဲ့ အဲစာရွက်ကို အဲလျှောက်လွှာတွေကို ချန်ထား ခဲ့တယ်။ အဲလိုမျိုးတွေ ကျနော် ကိုယ်တိုင်ကြုံခဲတာ။ ပထမ ဆယ်တန်းအောင်၊ ဘွဲ့ရပြီးရင် ကျောင်းဆရာ လုပ်ဖို့ သွားခဲ့တယ်။ လျှောက်လွှာ တင်ထားခဲ့ပြီး မရာမာကြီးမြင်လို့ ထင်တယ် လျှောက်လွှာပါ။ တစ်ခါတည်း ပျောက်သွားတယ်။ အဲလိုနှိမ့်ချမူတွေခံခဲ့ရတဲ့ အချိန်မှာ တစ်ယောက်တစ်ယောက် ပြောလိုက် ကြတယ်ပေါ့။ ‘ဝေးငါလျှောက်တာကို ငါ့ကို ဒီလိုပယ်လိုက်တယ်’ ဘာညာဆိုတာနဲ့ တစ်ယောက်စကား တစ်ယောက်နား ထောင်ပြီးရင် ရင်ထဲ စိတ်ဝင်စားမူတွေ နည်းလာတယ်ပေါ့။ အဲဒီမှာ ငါတို့ လျှောက်ရင်လည်း ရမဲ့ဟာမဟုတ်ဘူး။ အလကား မရာမာကြီးဆိုရင် ပယ်လိုက်ကြမှာပဲ ဆိုပြီးတော့ အစိုးရ အလုပ်တွေဘာတွေ မလုပ်တာတွေ များတယ်ပေါ့။”

ဒါကြောင့် ခွဲခြားဆက်ဆံမှု ကင်းမဲ့တဲ့ INGO လို အဖွဲ့အစည်းတွေမှာပဲ ပညာတတ်တဲ့ အသိုင်းအဝိုင်း အနည်း အကျဉ်းက လုပ်ကိုင်ခွင့်ရကြပြီး တချို့ကတော့ မိဘမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ကြသလို တချို့ဆိုရင်လည်း တတ်နိုင်တဲ့ အရင်းအနှီးလေးတွေနဲ့ ကုန်စုံဆိုင်တွေ၊ ကွမ်းယာဆိုင်တွေ ဖွင့်လှစ်ရောင်းချ လျက် ရှိကြတယ်လို့ ပြောကြပါတယ်။

မရာမကြီး မျိုးနွယ်စုမှာ ခေါင်းဆောင်အနေနဲ့ တာဝန်ယူထားတဲ့ ကိုလှရွှေဟာ ဆိုရင်လည်း ဘွဲ့ရပြီး နောက်ပိုင်း ကျောင်းဆရာ လုပ်ချင်ခဲ့ပေမယ့် ဒီလိုခွဲခြား ဆက်ဆံမှုတွေကြောင့် ဝါသနာပါရာ အလုပ်ကို စွန့်လွှတ်ခဲ့ပြီး မိသားစုရဲ့ တပိုင်တနိုင်လုပ်ငန်းကို လုပ်ကိုင်နေရတယ်လို့ ပြောပါတယ်။

“NGO တို့ဘာတို့မှာ လုပ်တဲ့ လူတွေလည်း ရှိတယ်ပေါ့လေ။ သို့သော် ဆယ်တန်း အောင်သွားတယ်။ ဘွဲ့ ရသွားတယ်။ ခုနကပြောသလို လူမျိူးခွဲခြားရေး စိတ်တွေနည်းနည်းပါးပါး ရှိတဲ့အတွက်ကြောင့် ဘယ်လိုပြောမလဲ။ လျှောက်လည်း မလျှောက်ကြဘူး။ ဝါသနာလည်း မပါကြဘူးဆိုတော့ ကိုယ့် အလုပ်လေးတွေနဲ့ စားသောက်ပြီးရင် နေကြတာတော့ များတယ်။ အလုပ်ကြတော့ ငါတို့ မာရာမာကြီးတွေက များသော အားဖြင့် နည်းနည်း ငွေတွေ ဘာတွေ ရှိနေတယ်ဆိုရင် စျေးမှာ ပွဲရုံလေးတွေ စားကုန်ဆိုင်လေးတွေ ရောင်းကြတယ်။ နောက်ထပ်ကြရင် လျှပ်စစ်ပစ္စည်း ဆိုင်တွေဘာတွေ ဖွင့်ပြီးရောင်းကြတယ်။ ရွာဆိုင်တွေပေါ့ အဲလိုအိမ် သုံးပစ္စည်းဆိုင်တွေ ရောင်းကြတယ်။ မရှိဆိုရင်လည်း ဘေးတွဲလေး မောင်းပြီး စားကြတယ်ပေါ့။ လုံးဝ အခက်အခဲ ရောက်နေတဲ့ လူတွေဆိုရင်လည်း သူများတွေဆီမှာ စာရေးလေး ဘာလေး လုပ်ကြတယ်။ လုပ်မှု ပညာလေးနဲ့ ပုရံလုပ်တဲ့သူလုပ် အိမ်ဆောက်တဲ့သူလည်းဆောက်ပေါ့လေ။”လို့ ကိုလှရွှေက ဆိုပါတယ်။

ဗုဒ္ဓဘာသာကို ကိုးကွယ်ကြတဲ့ သူတို့ လူမျိုးတွေထဲက မွတ်ဆလင်တွေနဲ့ ဆင်တူတာကြောင့် ပတ်ဝန်းကျင်ရဲ့ ခွဲခြား ဆက်ဆံမှုတွေ ခံကြရသလို တခါတလေမှာ ရန်မှုတာ၊ အနိုင်ကျင့်တာတွေကိုလည်း အခုထက်ထိ ခံနေရဆဲ ဖြစ်တယ်လို့ မရမာကြီး အသိုင်းအဝိုင်းက ရင်ဖွင့်ကြပါတယ်။
ဒီလိုကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဒေသဆိုင်ရာ ရဲတပ်ဖွဲ့တွေကို တိုင်တန်း ပေမယ့်လည်း အရေးတယူ မလုပ်တဲ့ အပြင် ငွေကြေး တောင်းရမ်းတာတွေ ရှိနေတာ အခါခါပဲလို့ မရမာကြီး လူမျိုးစု ခေါင်းဆောင် ဦးမောင်နုက ပြောပါတယ်။

“ဌာနဆိုင်ရာမှာတော့ မရမာကြီးတွေ မရှိသဘောက်ပဲ။ မလုပ်ကြဘူး။ အလုပ်တာလည်း မရလို့ မလုပ်တာ။ ရဲ လျှောက်ပြန်ရင်လည်း လူငယ်တွေ စိတ်ဓာတ်ကျအောင် အမျိုးမျိုး စကားပြောတယ်။ ဘွဲ့ရ တယောက်ကလည်း ရိုးရိုး ရဲ မလုပ်ချင်ဘူး။ မရမာကြီး ဆိုရင် ငွေညှစ် လို့ ရမယ်။ အဲလို မြင်နေကြတယ်။ ရဲစခန်းမှာ ဆိုရင် တစ်ခုခု ဖြစ်လို့ သွားတိုင်ကြည့် မရမာကြီးဆိုရင် အမဲသား ရသလိုပဲ။ ရခိုင်တယောက်နဲ့ ရန်ဖြစ်တယ် ဆိုရင်လည်း ရခိုင်သားဖက်က နာသွားရင် ပိုက်ဆံ သုံးလေးငါးသောင်းနဲ့ ဆေးကုလို့ရမယ့် ဟာကို သိန်းသုံးဆယ်၊ သုံးလေးဆယ် တောင်းကြတယ်။ သတ်မယ်။ ဖြတ်မယ်လုပ်လို့ ရှိတာ ချရောင်း ပေးလိုက်ရတာတွေ ရှိတယ်။”

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ဗုဒ္ဓ ဘာသာဝင် ရခိုင် အသိုင်းအဝိုင်းနဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ မွတ်ဆလင်တွေရဲ့ အရေးအခင်းမှာ ဆိုရင်လည်း သူတို့တွေ အနေနဲ့ အသွားအလာ ဂရုတစိုက် နေထိုင်ခဲ့ကြရပြီး တချို့ ဆိုရင်လည်း နေအိမ်တွေ ဖျက်ဆီးခံခဲ့ကြတာတွေ ရှိတယ်လို့လည်း သူတို့ရဲ့ ပြောဆိုချက်တွေကို ကြားခဲ့ရပါ တယ်။

“တခြားဘာသာ မကိုးကွယ်ဘူး ဗုဒ္ဓ ဘာသာတစ်ခုပဲ ကိုးကွယ်တာ။ နောက်ဘာမှ မရှိဘူး။ ဘုရားက လွဲပြီး တစ်ခြား မကိုးကွယ်ဘူး။ ငါတို့က မရာမာကြီးလူမျိုးက။”လို့ ကိုလှရွှေက ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောပြ လာပါတယ်။ ဒီလို အခြေအနေတွေ ကြုံတွေ့နေကြရတာဟာ သူတို့ လူမျိုးစုတွေ အနေနဲ့ ပြည်နယ်ကို တည်ဆောက်ကြရာမှာ နေရာပေး မခံရတာတွေကြောင့်လို့ ယူဆကြပါတယ်။

လက်ရှိမှာဆိုရင် သူတို့လူမျိုးတွေရဲ့ ထက်ဝက် နီးပါးလောက်က နေရပ်စွန့်ခွာ လာကြပြီး ရန်ကုန်တို့လို အခွင့် အလမ်း ပိုများတဲ့ ဒေသတွေကို ပြောင်းရွေ့သွားကြပြီလို့ အခိုင်အမာ ပြောပြကြပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး လက်ရှိအာဏာ ရနေတဲ့ ပြည်နယ်ကောင်စီ အကြီးအကဲ တချို့ကို ဆက်သွယ် မေးမြန်းရာမှာလည်း ဖုန်းလက်ခံ ဖြေဆိုတာမရှိပါဘူး။

အခုလို အခြေအနေတွေကို ဖြေရှင်းဖို့ အတွက်ဆိုရင် အာဏာရှိသူတွေ အနေနဲ့ ခွဲခြား ဆက်ဆံခံနေကြရတဲ့ သူတို့ တွေကို ဌာနဆိုင်ရာတွေမှာ နေရာပေးတာ၊ ပတ်ဝန်းကျင်ကလည်း ရခိုင်မျိုးနွယ်စုဝင် တစ်ခု ဖြစ်တယ်ဆိုတဲ့ အသိနဲ့ သဟဇာတ ကျအောင် ပေါင်းသင်း ဆက်ဆံပေးကြဖို့ လိုအပ်ပါတယ်။

ရခိုင့်အင်အားကြီးပါတီ တစ်ရပ်ဖြစ်ပြီး ၂၀၂၀ အလွန်မှာ မျိုးနွယ်စု ပါတီတွေနဲ့ တွေ့ဆုံခဲ့တဲ့ ရခိုင်အမျိုးသားပါတီ – ANP ကိုတော့ သူတို့ရဲ့ မူဝါဒထဲမှာ ရခိုင်အမျိုးနွယ်စုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမူဝါဒတွေ ရှိတယ် ဆိုတာကို သိနိုင်ဖို့ ပါတီ အကြီးအကဲ ဦးထွန်းအောင်ကျော်ကို မေးမြန်းခဲ့ပါတယ်။

ဒီပါတီဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ နေရာပေးမှုကို ရရှိထားတဲ့ ပါတီလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပါတီမှာ ဦးဖေသန်းကိုပဲ တာဝန်ပေးထားလို့ သူဖြေကြားနိုင်ခြင်း မရှိဘူးလို့ ဦးထွန်းအောင်ကျော် က ဆိုပြီး ဦးဖေသန်းကို ဆက်သွယ်ရာမှာလည်း အဆင်မပြေခဲ့ပါဘူး။

တစ်ဖက်မှာလည်း ရခိုင်လူထုရဲ့ ထောက်ခံမှု အများဆုံးရရှိထားတဲ့ ရခိုင့်တပ်တော် – AA နဲ့ လည်း ဆွေးနွေးမှုတွေ ရှိနေပြီး သူတို့ရဲ့ နှိပ်ကွပ်ခံရမှုတွေကို ဖြေရှင်းပေးမယ်လို့ ရခိုင့်တပ်တော်က ပြောဆိုတာတွေ ရှိတယ်လို့ အမည်မဖော်လိုတဲ့ သူတို့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

“ဗိုလ်မှူးချုပ် ညိုထွန်းအောင်ကလည်း ကျောက်ဖြူ ညီလာခံမှာ ဘာပြောလဲဆိုရင် 7 stars ပေါ့။ ကျနော်တို့မှာ တိုင်းရင်းသား လူမျိုးစု ၇ မျိုးရှိတယ်တဲ့။ လူမျိုးစု အခွင့်အရေးသီးသန့်ရှိတယ်။ ဥပဒေ ဆွဲပြီးသားလို့ ပြောတယ်။ ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကိုလည်း တင်ပြထားတယ်။ သူတို့ကတော့ ဥပဒေရေး ဆွဲပြီးသာ ရှိတယ်။ လောလောဆယ် သူတို့မှာလည်း ရဲဘော်တွေကိုတောင် ခေါင်းအုံးလေး တစ်ခုံးတောင် မပေးနိုင်သေးဘူးတဲ့။ နောင်တချိန်မှာတော့ ဒါတွေကို ဦးစားပေး ကဏ္ဍက လုပ်သွားမယ်လို့ ပြောတယ်။”လို့ သူက ဆိုပါတယ်။

သူတို့ဟာ လူနည်းစုဖြစ်တဲ့ အလျောက် ပညာတတ် အသိုင်းအဝန်းလည်း နည်းပါးတာကြောင့် နိုင်ငံရေးအသိုင်း အဝိုင်းတွေနဲ့ တချို့လက်မှု ပညာပိုင်းတွေမှာ အားနည်းနေတာကြောင့် သူတို့ကို အားပေးဖေးမပြီး လက်တွဲခေါ် ယူမယ့် သူတွေ ပေါ်ထွန်းလာစေဖို့ မရမာကြီးလူငယ်တွေက မျှော်လင့်နေကြပါတယ်။

 504 total views,  1 views today