Arakan Yoma |

စစ်ကျန်လက်နက်အန္တရာယ်ကြောင့် ရခိုင်ပြည်နယ်မှ ကလေးငယ်အများဆုံး ထိခိုက် သေဆုံးနေရကြောင်း ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ – မြန်မာက ထုတ်ပြန်သည်။

မြန်မာနိုင်ငံရှိ မြေမြုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်ကျန်လက်နက် ပစ္စည်းများကြောင့် သေဆုံး ဒဏ်ရာရ သူများ အနက် သုံးပုံတစ်ပုံကျော်မှာ ကလေးငယ်များဖြစ်ကြောင်း ဧပြီလ ၅ ရက်နေ့က ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယင်းအနက် ၄၇ ရာခိုင်နှုန်းမှာ ရခိုင်ပြည်နယ်မှ ဖြစ်နေပြီး မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာတွင် ထိခိုက်သေဆုံးမှု အများဆုံး အဖြစ် ပါဝင်နေခြင်းလည်း ဖြစ်သည်ဟု ရေးသားပါရှိသည်။

ရခိုင်ပြည်နယ်တွင် ရခိုင့်တပ်တော် – AA နှင့် တပ်မတော်တို့၏ တိုက်ပွဲများဖြစ်ပွားလာပြီး နောက်ပိုင်း စတင်လာ ခဲ့သော အဆိုပါ ဖြစ်ရပ်များသည် တိုက်ပွဲရပ်မှု ၅ လကျော်သည်အထိ ရှိနေဆဲလည်း ဖြစ်သည်။

ဧပြီလ ၄ ရက်နေ့က ဆိုလျှင် ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာတွင် စစ်ကျန်လက်နက်တစ်ခု ပေါက်ကွဲမှုကြောင့် အသက် (၂) နှစ်နှင့် (၅) နှစ်အရွယ်ကလေးငယ် နှစ်ဦးနှင့် ၎င်းတို့၏ မိခင်သေဆုံးသွားပြီး (၇) နှစ်အရွယ်ကလေးမှာ ဒဏ်ရရသွားသည်။

ရသေ့တောင်နှင့် မင်းပြားမြို့နယ်တို့တွင်လည်း အလားတူ ပေါက်ကွဲမှုများ ဖြစ်ပွားပြီး ကလေးငယ် အုပ်စုလိုက် သေဆုံး ဒဏ်ရာရမှုများ များစွာရှိခဲ့သည်။

ကလေးငယ်ရန်ပုံငွေအဖွဲ့ – မြန်မာ အနေနှင့် ယင်းဖြစ်ရပ်များအပေါ် များစွာ စိတ်မကောင်းဖြစ်ရပြီး မြေမြုပ် မိုင်းနှင့် မပေါက်ကွဲဘဲ ကျန်နေတတ်သည့် စစ်ကျန်လက်နက် အန္တရာယ်အကြောင်းကို နားလည်ရန်နှင့် ထိခိုက် သူများကို အကူညီပေးရန် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

 367 total views,  1 views today