ရိုးမရေဒီယိုမဂ္ဂဇင်း

ပုဏ္ဏားကျွန်း၊ အောက်တိုဘာလ ၁၈ ရက်။ ကျပ်သိန်းပေါင်း ၅၀၀၀ ကျော် ကုန်ကျခံဆောက်လုပ်ထားသည့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ရှိ ဦးရာဇ်တောင်စေတီ ဓာတ်လှေကားအား ယခု ၂၀၁၈ ခုနှစ်ကုန်တွင် စတင် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ဂေါပက အဖွဲ့ဝင်များက ပြောသည်။

“ဒီဇင်ဘာမှာ ပြီးမယ်လို့တော့ အင်ဂျင်နီယာတွေက ပြောတယ်။ ပြီးတော့ အဲဒီလမှာပဲ ဖွင့်လှစ်သွားမယ်။ အခုတော့ စက်တစ်ခုပဲ တပ်ဖို့ ကျန်တော့တယ်။ ရာခိုင်နှုန်းနဲ့ ပြောရမယ်ဆိုရင် ၉၀ ရာခိုင်နှုန်းလောက်ပေါ့။ ဓာတ်စက်တပ်လို့ ပြီးရင် ပြီးပြီပေါ့။”ဟု ဦးရာဇ် တောင်စေတီ ဂေါပကအဖွဲ့ဥက္ကဌ ဦးမောင်ကျော်ဦးက ပြောသည်။

ထိုဓာတ်လှေကားအား ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဧပြီလတွင် အပြီးသတ် ဆောက်လုပ်နိုင်မည်ဟု မျှော်မှန်းခဲ့သော်လည်း ငွေရေးကြေးရေးအပါအဝင် တစ်အချို့အခက်အခဲများကြောင့် မပြီးစီးနိုင်ခဲ့ပေ။

၁၂၅ ပေ မြင့်ပြီး လျှောက်လမ်း ၂၀၀ ပေရှိသည့် အဆိုပါ ဓာတ်လှေကားမှာ ဓာတ်စက်နှစ်လုံးတပ်ဆင်သွားမည်ဖြစ်ပြီး တစ်လုံးစီတွင် လူ ၁၄ ဦးခန့် လိုက်ပါနိုင်မည်ဖြစ်ကာ လက်ရှိတွင် ဓာတ်စက်တစ်လုံးကို တပ်ဆင်နေပြီဖြစ်သော်လည်း နောက်တစ်လုံးတပ်ဆင်ရန် ငွေကြေးလိုအပ်ချက် ရှိနေသေးကြောင်း ဆိုသည်။

အလှူရှင်များထံမှ ကောက်ခံရရှိထားသော မတည်ငွေ ကျပ်သိန်း ၁၀၀၀ ကျော်ဖြင့် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ် အစိုးရအဖွဲ့မှလည်း ကျပ်သိန်း ၁၅၀၀ ထောက်ပံ့ပေးခဲ့သည်။ သို့ရာတွင် ထိုငွေနှင့် မလောက်ငှသည့်အတွက် အနယ်နယ်အရပ်ရပ် သို့ သွားရောက် အလှူခံခဲ့ရကြောင်း ဂေါပကအဖွဲ့က ပြောသည်။

အဆိုပါ ဦးရာဇ်တော်စေတီမှာ ရခိုင်ပြည်နယ်အတွင်းရှိ တန်ခိုးကြီးစေတီများအနက် တစ်ဆူအပါအဝင်ဖြစ်သလို လက်ရှိ ဓာတ်လှေ ကားမှာလည်း ရခိုင်ပြည်နယ်တွင် ပထမဆုံး တည်ဆောက်နေသည့် ဓာတ်လှေကားဟု ဆိုရပေမည်။

သတင်းဓာတ်ပုံ – ဦးရာဇ်တောင်စေတီ ဓာတ်လှေကား လက်ရှိပြီးစီးနေမှု အခြေအနေ

 555 total views,  1 views today