ကိုအောင်၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ်ဟာဘင်္ဂလားပင်လယ်မှာ ကမ်းခြေအရှည်မိုင်ပေါင်းလေးရာလေးဆယ်ကျော် ထိစပ်နေတဲ့ ပင်လယ်ကမ်းခြေဒေသ ဖြစ်သလို ကျွန်းကြီးတွေ ကျွန်းစုတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်နယ်တခုဖြစ်ပါတယ်။

ဒေသခံတွေဟာလည်း မြစ် ချောင်းပင်လယ်ကိုပဲအမှီပြုပြီးနေထိုင်ကြတဲ့အတွက် ရေကြောင်းခရီးကပဲ အဓိက ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်းဖြစ်နေဆဲပါ။ အထူးသဖြင့် ရခိုင်ပြည်နယ်တောင်ပိုင်းက ဘင်္ဂလား ပင်လယ်နဲ့ တဆက်တည်းရှိနေတဲ့ နေရာတွေမှာ အဓိက သယ်ယူပို့ဆောင်ရေး ယာဉ်ဟာ လှေ၊ စက်လှေနဲ့ သင်္ဘောတွေပဲ ဖြစ်နေပါသေးတယ်။

ဒီတပါတ်မှာတော့ အများသုံးတဲ့ စက်လှေတစီးကို ဒေသတွင်းမှာ ဘယ်လိုတည်ဆောက်ကြသလဲဆိုတာ လေ့လာတင်ပြပေးပါမယ်။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ထဲကစက်လှေတည်ဆောက်သူတွေနဲ့ တွေ့ဆုံမေးမြန်းထားတာပါ။

ဦးထွန်းကြွယ်က ကျောက်ဖြူမြို့နယ်၊ မြို့ချောင်းရွာမှာနေထိုင်သူတဦးပါ။ မြို့ချောင်းကနေတခြားရွာတွေနဲ့ ကျောက်ဖြူမြို့ကို ဆက်သွယ်နိုင်ဖို့ တခုတည်းသောလမ်းကြောင်းကပင်လယ်ထဲက ကျွန်တွေကို ပတ်ပြီး သွားရတဲ့ ရေလမ်းကြောင်းတမျိုးတည်းပဲ ရှိပါတယ်။ သူ့မိသားစုရဲ့ စီးပွားရေးလုပ်ငန်းသုံးဖို့အတွက် စက်လှေကြီး တစီးကို တည်ဆောက်နေတာ နှစ်နှစ်လောက်ရှိပါပြီ။ သူစက်လှေတည်ဆောက်ဖို့ ဘယ်လို စတင် ဆောင်ရွက်ရသလဲဆိုတာ အခုလိုရှင်းပြပါတယ်။

“ကျွန်တော်တို့က မော်တော်တစီး ဆင်မယ်ဆိုရင် ပိုင်ရှင်ကလက်သမားကို ငှားလိုက်တယ်။ စာချုပ် မချုပ်ခင် လက်သမားနဲ့ အပြီးအပြတ်ညှိတယ်။ မော်တော်တစီးဆင်မယ် လှိုင်းကာအထိအပြီးပေါင်းခေါင် မပါဘူး။ ဈေးဘယ်လောက်၊ ပေါင်းခေါင်ပါအပြီးဈေးဘယ်လောက်၊ ဈေးက နှစ်မျိုးနှစ်စား။ ဒီမော်တော်ဆို ပေါင်းခေါင် မပါဘူး။ ဒီအမြင်အတိုင်း လှိုင်းကာပြီးမယ်၊ ကုန်းပတ်စီပြီးမယ်၊ အခုထွက်နေတဲ့ လက်ထောက်တောင် တွေဖြတ်၊ အတိအကျဖြတ်ပြီးလက်ထောက်ကိုပျဉ်နဲ့ အပြတ်ဖိ။ ဘိပျဉ်လို့ခေါ်တယ်။ ဘိပျဉ်ဖိပြီး ကုန်းဘတ်စီပြီးရင် သူတို့တာဝန်ကျေပြီ။”

စက်လှေတစီးရဲ့ အစိတ်အပိုင်းတွေကတော့ အရင်ဦးဆုံးအရေးအပါဆုံးနဲ့ ပတမဆုံးတည်ဆောက်ရတာက ဧရာတံလို့ခေါ်တဲ့ စက်လှေ ဦးကနေပဲ့အထိကျောရိုးမဏ္ဍိုင်ဖြစ်တဲ့ အစိတ်အပိုင်းပါ။ ရခိုင်ဒေသမှာတော့ အလျားကို လက်တောင်၊ လက်လံတွေနဲ့ပဲတိုင်းထွာကြပါတယ်။တည်ဆောက်မည့် စက်လှေရဲ့ အကြီးအငယ် အရွယ်အစားပေါ် မူတည်ပြီး ဧရာတံအတိုအရှည်ကိုရွေးချယ်ရပါတယ်။ခြောက်လံခုနစ်လံကျော်ရှိတဲ့ လှေဆိုရင် ဧရာတံရဲ့ လုံးပတ်ကို ရှစ်ပါတ်လည်၊ ကိုးပါတ်လည်လောက် သုံးကြပြီးကိုးလံဆယ်လံကျော် လှေကြီးတွေ တည်ဆောက်ဖို့ ကတော့ ဧရာတံရဲ့ လုံးပါတ်ကိုဆယ့်တစ်လက်မပါတ်လည် ဒါမှမဟုတ် ဆယ့်နှစ်လက်မ ပါတ်လည်လိုမျိုး ဧရာတံကိုသုံးရတယ်။ လှေတစီးရဲ့ အစိတ်အပိုင်းအရေးအကြီးဆုံးက ဧရာတံကစတယ်။ သစ်သားတုံးကြီးတွေကို သုံးရတယ်လို့ ဆိုပါတယ်။ ဒီ့အပြင် ဘယ်အစိတ်အပိုင်းမှာ ဘာသစ်အမျိုးအစား သုံးမယ်ဆိုတာ ရွေးချယ်တတ်ဖို့ လိုတယ်လို့ ဦးထွန်းကြွယ်က ပြောပါတယ်။

“ဧရာတံကိုထိန်သားသုံးတယ်။ ဗန့်ဗွေးသုံးတယ်။ တခြားအသားတွေကသုံးလို့ မကောင်းဘူး။ ဧရာတံက အမြဲတမ်း ၂၄ နာရီရာသီမရွေးရေမြုပ်နေတဲ့ အသားမို့လို့။ သူ့ကိုအကောင်းဆုံးသစ်ကိုရွေးရတယ်။ ပျဉ်းကတိုး ရနိုင်ရင် ပိုကောင်းတာပေါ့။ အခုပျဉ်းကတိုးကမရနိုင်တော့ဘူးတော်တော်ရှားသွားပြီ။ ဧရာတံကို ရှာပြီးဝယ်တယ်။ ပြီးရင် တံကူ၊ လက်ထောက် ကတော့ ပျဉ်းကတိုးကိုပဲသုံးကြတယ် ကျွန်တော်တို့ ဒေသမှာ၊ တခြားသစ်မသုံးဘူး။ တံကူ လက်ထောက်ရယ် ဧရာရယ်ကောင်းနေရင် မော်တော်တစီးဟာ အနှစ် ၂၀ သုံးလာပြီဘေးကကာပျဉ်တွေ (ပလုပ်) ပိုးကျလာတယ်၊ ဆွေးလာတယ်ဆိုရင် ကာပျဉ်ကိုအချိန်မရွေးလဲလို့ရတယ်။ ဧရာတံနဲ့ တံကူကျတော့ လဲရ ခက်တယ်။ အဲ့ဒါကြောင့် ဧရာနဲ့ တံကူကိုအကောင်းဆုံးသစ်ကိုရွေးပြီးသုံးရတယ်။”

ဝေတင်ထွန်းကတော့ စက်လှေတည်ဆောက်ဖို့အတွက် အဓိကဦးဆောင်တဲ့ ကပိုင်ချောင်းရွာက ပညာရှင် လက်သမား ဆရာကြီး ဖြစ်ပါတယ်။ ဦးထွန်းကြွယ်လိုချင်တဲ့ အရွယ်အစားစက်လှေရအောင် သူက ဦးဆောင်ပြီး ဆောက်လုပ် နေတာပါ။ သူတို့အတွက် စက်လှေတည်ဆောက်ဖို့အတွက် ပစ္စည်းပို့ဖို့ အ၀င်အထွက်နဲ့ ရေချတဲ့ အချိန်မှာ လွယ်ကူနိုင်မယ့် နေရာကို ရွေးချယ်ပြီး လုပ်ငန်းခွင်ကို စတင်ခဲ့ပါတယ်။

“ပထမဧရာဦးတံပဲ့တံအရင်စလုပ်ရတယ်။ ပြီးရင် တံကူတင်တယ်။ ဧရာကအစပ် အောက်ခံပျဉ်လုပ်ရသေးတယ်။ အောက်ခံပျဉ်ကပ် ပြီးရင် လက်ထောက်လုပ်တယ်။ ပြီးတော့ လေးတန်းစပ်တယ်။ လေးတန်းစပ်ပြီးရင် ဘေးသားကပ်တယ်။ ဘေးသားကပ်လို့ ပြီးပြီဆိုရင် လက်ထောက် တံပြန်လုပ်တယ်။ ပြီးရင် ဖောင်းကပ်လိုက်တယ်။ ဖောင်းတန်းကပ်ပြီးရင် ဘေးပျဉ်ကပ်တာပေါ့။ အခုဆိုဘေးပျဉ်ကပ်လို့ အပြီး။ ပြီးမှ စက်တပ်ဖို့ တခြားလိုတာတွေ တဖြည်းဖြည်းလုပ်ရတယ်။”

အဆင့်ဆင့် လုပ်ဆောင်ပြီးစက်လှေရဲ့ ဘယ်ညာမိန်းဖောင်းလို့ခေါ်တဲ့ဘေးတန်းကြီးတပ်ဆင်ပြီးတဲ့အခါ မိန်းဖောင်းကြီးရဲ့ ထုတည်နဲ့ စက်လှေရဲ့ လှုပ်ရှားမှုကိုခံနိုင်အောင်စက်လှေဝမ်းရဲ့ ဘေးနှစ်ဖက်ကိုထောက်ထားတဲ့ တန်းတွေ ထည့်ရပြီး ဒေသမှာတော့ ကိုက်တန်းလို့ ခေါ်ပါတယ်။ လှေရဲ့ ဘယ်ဘက်နဲ့ ညာဘက် လက်ထောက်တိုင်တွေကိုမူလီတွေနဲ့ ဖမ်းဆွဲတာ ထားရတာပါ။ အဲ့ဒီကိုက်တန်းတွေအပေါ်မှာလူထိုင်ဖို့အတွက်နဲ့ ကုန်ပစ္စည်းတွေတင်နိုင်ဖို့ ကုန်းပတ်ပျဉ်တွေစီပြီး ခင်းရပါတယ်။ လှေကာပျဉ်တွေထည့်တဲ့အခါတော့ ရေမြုပ်တဲ့နေရာမှာ ခံနိုင်ပြီး ဒီပိုးဖောက်ခံနိုင်တဲ့သစ်ကို သုံးရပါတယ်။ အသုံး အများဆုံးကတော့ ပျဉ်းကတိုးနဲ့ ဗန့်ဗွေးသားဖြစ်ပြီး ရေမြုပ်တဲ့နေရာမဟုတ်တဲ့ လှေရဲ့ ဘယ်ညာ အထက်ကာ ပျဉ်တွေ အတွက်တော့ ပျဉ်းမ(ဒေသအခေါ် ခမောင်းသစ်) ကိုသုံးကြပါတယ်။ သစ်ရွေးချယ်တာ မှန်ကန်မှသာ လှေရဲ့ သက်တမ်းဟာ အနည်းဆုံးဆယ့်ငါးနှစ်ထိ ခံနိုင်တယ်လို့ ဆိုပါတယ်။ဒါပေမယ့် အခုခေတ်မှာလိုချင်တဲ့ အရှည်ရှိတဲ့ သစ်ကိုရဖို့ ခက်ခဲလာတဲ့ အခါတော့ ဆက်ပြီးသုံးရတာလဲရှိပါတယ်။

“ဆယ်လံမော်တော်တစီးဆိုရင် ခုနစ်လံလောက်တော့ ရအောင်ရှာရမယ်။ ဆယ်လံမော်တောမှာ ခြောက်လံ လောက်က ဆက်တာတို့၊ ငါးလံနှစ်ပိုင်းဆက်တာတို့ဆိုရင် လှေကမကြာခင် ညွတ်ပြီးတော့ ကွဲပြီးတော့ ဆင်းသွားတယ်။ ဧရာဆယ်လံဆိုရင် ခုနစ်လံလောက် ရအောင်ရှာ၊ သုံးလံလောက်ဆက် ဆိုရင် ကွဲပြီးမဆင်းတော့ဘူး။ ရေရှည်ခံဖို့အတွက်ကို။ အခုဆယ်လံကိုးလံလောက်ကတဆက်တည်းမရနိုင်ဘူး။ လူတိုင်းဆက်ရတယ်။ ကိုးလံဆိုရင် ခုနစ်လံလောက်ရှာ နှစ်လံသုံးလံလောက်ဆက်ကြတယ်။ ပဲ့ပိုင်းကဆက်တယ် ဦးပိုင်းကမဆက်ကြဘူး။”

လက်သမားဆရာကြီး ဝေတင်ထွန်းဦးဆောင်တဲ့ အဖွဲ့ဝင် ၇ ဦးပါတဲ့ လက်သမားအဖွဲ့ကအလျား ၁၁လံ၊ စောက်က ၇ တောင်ကျော်၊ ၀မ်းအကျယ် ၁၄ တောင်ကျော်ရှိတဲ့ ကုန်တင်စက်လှေကြီးကိုတည်ဆောက်နေကြပါပြီ။မီးစက် ရွှေဘော်စက်၊ ဖြတ်စက်၊ ဖောက်စက်၊ ချိန်းကြိုးတွေ စတဲ့ ပစ္စည်းကိရိယာအစုံကို သုံးပြီး စက်လှေကြီးကို တည်ဆောက်နေပါတယ်။ သူတို့အဖွဲ့ကဒီစက်လှေကြီးကို ဆယ့်နှစ်လနဲ့ အပြီးတည်ဆောက်ဖို့အတွက် စားစရိတ်ငြိမ်းလုပ်အားခသိန်း ၆၀ နဲ့ လက်ခံ ထားခဲ့တာပါ။ ဒါပေမယ့် ပစ္စည်းစုဆောင်းဖို့ခက်တဲ့အတွက် တကယ်အချိန်ပေးလိုက်ရတာ ၂၄ လကျော်သွားခဲ့ပါတယ်။

“တနှစ်ပါတ်လည် ဆယ့်နှစ်လလောက်ဆို ပြီးတယ်။ ဒီဟာလုပ်တာကအခု ဖြည်းဖြည်းလေးပဲလုပ်ရတယ်။ နှစ်နှစ် ကျော်သွားတယ်။ သစ် နဲနဲရှာလို့ မရနိုင်၊ လုပ်တဲ့လူတွေကလဲအလုပ်မအား၊ လယ်လုပ်ချိန်ကျတော့ လယ်လုပ်တယ်။ တလင်းချိန်ကျတော့လဲ တလင်းသိမ်းတယ်။ ပိုင်ရှင်ကလဲပစ္စည်းမရလို့ ပစ္စည်းလိုက်ရှာရတာ ပစ္စည်းသယ်ရတာနဲ့ နှစ်နှစ်လောက် ကြာတယ်။ တခါတည်းသစ်စုံ ၀ါးပုံ လုပ်ရမယ်ဆိုရင် ဆယ့်နှစ်လဆိုပြီးတယ်။”

လုပ်ငန်းအပ်နှံတဲ့ ပိုင်ရှင်ဖြစ်သူ ကိုထွန်းကြွယ်တို့ မိသားစုကတော့ လက်သမားတွေရဲ့ နစ်နာမှုကို ညှိနှိုင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

“ပစ္စည်းရှိနေလျှက်နဲ့ လက်သမားဘက်ကပျက်ကွက်ရင် လက်သမားပျက်တာ။ လက်သမားက အလုပ် လုပ်ချင် လျှက်နဲ့ ပစ္စည်းမပေးနိုင်ဘူးဆိုရင် ပိုင်ရှင်ဘက်ကပျက်ကွက်တာ။ အဲ့ဒါမျိုးတော့လဲ သိပ်ပြီး အငြင်းအခုန် မလုပ်ကြ တော့ဘူးလေ။ ဒေသခံအချင်းချင်းဖြစ်လို့။ တစ်နှစ်ကိုသိန်းခြောက်ဆယ်နဲ့ အပ်ထားတဲ့ မော်တော်တစီး နှစ်နှစ်လုပ်ရတယ် သုံးနှစ် လုပ်ရတယ်ဆိုရင် လက်သမားတွေကလဲ ပိုင်ရှင်ကို တင်ပြတယ် လက်သမားတွေရဲ့ နစ်နာမှုကိုလည်း ပိုင်ရှင်က သိတယ်။ အဲ့ဒီအချိန်မှာ စားစရိတ်အပြင် နောက်ထပ်ဆောင်းပြိး နှစ်ဆယ်ပေးမယ်၊ သုံးဆယ်ပေးမယ်၊ လက်သမား ဘက်ကလဲ နည်းရင် နည်းတယ် များရင် များတယ်။ ပိုပြီးပေးလေးဆယ်လောက်ပေး၊ ငါးဆယ်လောက်ပေး၊ အဲ့လို ညှိနှီုင်းပြီးတော့ လုပ်ကြတာပါ။”

လှေပျဉ်တွေ စပ်လို့ပြီးရင်တော့ အပြင်ကခံဆေးသုတ်ရပါတယ်။ ခံဆေးမသုတ်ခင် လှေကိုရေလုံအောင် ဗန့်ဗွေးပင်ရဲ့ အခေါက်ကရတဲ့ လျှော်မျှင်တွေကို ပျဉ်စပ်ကြားမှာ စို့နဲ့ရိုက်ပြီး ထည့်ရပါတယ်။ အဲ့ဒီလျှော်မြှင်တွေကို လှေစပ်သူတွေက ဘန်းတီလို့ ခေါ်ကြပါတယ်။ ထည့်ပြီးရင် သံရိုက်ထားတဲ့ နေရာ၊ မူလီစုပ်ထားတဲ့ နေရာတွေနဲ့ ပျဉ်စပ်ကြောင်းအတိုင်း ပွဲလျက်နဲ့ လိုက်ပိတ်ရပါသေးတယ်။ ပွဲလျက်ကိုတော့ တိုနာလို့ ခေါ်ပါတယ်။ ဒါမှ လှေက ရေလုံပြီး ဆေးသုတ်ထားတဲ့အတွက် ရေညှိမကပ်နိုင်သလို ဒီပိုးကိုက်တာလဲ မဖြစ်တော့ဘူးလို့ လက်သမားဆရာကြီးက ပြောပါတယ်။

“ဘုတ်မှာ ကြားခံဆေးလို့ပြောတယ်။ Red Oxide ရေညှိမကပ်ဘူးအောင် ဒီပိုးမကပ်အောင် အဲ့ဒီဆေးကို သုတ်တယ်။ ကျွန်တော်တို့ဆီမှာ တောင်ပေါ်မှာ ဘန်းတီလို့ရှိတယ်။ ဘန်းတေနဲ့ ထေးပစ်လိုက်တယ်။ ကျန်တာလုပ်ဖို့မလိုဘူး။ ဘန်းတေထေးပြီးရင် တိုနာကပ်ပစ်လိုက်တယ်။”

တည်ဆောက်ချိန် နှစ်ဆယ့်လေးလကျော် ကြာပြီးတဲ့အချိန်မှာတော့ စက်လှေကိုယ်ထည်ကို အချောတည်ဆောက်ပြီးခဲ့ပါပြီ။ တန်ပေါင်းများစွာ အလေးချိန်ရှိတဲ့ စက်လှေကြီးကိုရေချနိုင်ဖို့ကတော့ ထင်ထားသလောက်မလွယ်ခဲ့ဘဲ စိန်ခေါ်မှုတခု ဖြစ်ခဲ့တယ်လို့ ဝေတင်ထွန်းက ပြောပါတယ်။

“ကျွန်တော်တို့ဆီမှာတော့ စက်လှေနဲ့ဆွဲတယ်။ စက်လှေကြီးတော့ ချိန်းခုံလုပ်ရတယ်။ တိုင်နဲ့ ရဟတ်စစ် လုပ်ရတယ်။ ရဟတ်စင်နဲ့ချတယ်။ အခုကအကောင်လဲကြီးမြေပြန့်မှာလဲ ဖြစ်နေတယ်ဆိုတာ့ မြောင်းတူးလိုက်ရတယ်။ နဲနဲလောက်ထစ်နေရင် မရတော့ဘူး။ ချလို့ မကျတော့ဘူး။ အကောင်ကြီးတဲ့အခါ အလေးချိန်များလို့ မမျှတော့ မြောင်း လုပ်လိုက်ရတယ်။ နောက်ပြီး ဒီလိုကမ်းဘေးဆို ခက်ရာခက်ဆစ်မရှိဘူး။ အခုက ချောင်းကမ်းဘေး မဟုတ်တော့ နောက်ကို ဆွဲချလို့ မထွက်ဘူး။ အဲ့ဒါနဲ့ မြောင်းလုပ်လိုက်ရတယ်။ ဒါတောင်မှ ဒီမြောင်းကမပေါ်နိုင်ဘူး”

လှေစပ်ပြီးပြီဆိုရင်တော့ အင်ဂျင်ထိုင်ဖို့အတွက် လိုအပ်တာတွေ ပြင်ဆင်ရပါပြီ။ လက်သမားဆရာကတော့ အင်ဂျင်တပ်ဆင်နိုင်ဖို့ သူတာဝန်ယူရတဲ့အပိုင်းကို အခုလိုပြောပါတယ်။

“ကျွန်တော်တို့ စက်လှေလုပ်တဲ့သူကအကြမ်းထည် သတ်မှတ်ထားတယ် ဦးပိုင်းကမရာအပေါက်ရယ်၊ စက်ထိုင်ဖို့ ကမရာ ပေါက်ရယ်ကို ခန့်မှန်းပြီး အပေါက်လုပ်ထားတယ်။ သူတို့ ချိန်တာနဲ့ဆိုမလွဲဘူး။ ထိုင်ဖို့ကိစ္စက သူတို့အပိုင်း သူတို့ထိုင်ဖို့ အပိုင်းကို ကျွန်တော်တို့က ချိန်ထားတယ်။”

ဒါပေမယ့် တကယ့်အင်ဂျင်အစိတ်အပိုင်းတွေတပ်ဆင်ဖို့ကတော့ စက်မှုပညာရှင်လိုအပ်လာပါပြီ။ ဘယ်အရွယ်အစား လှေမှာ ဘယ်အင်ဂျင်အရွယ်အစားတပ်မလဲ၊ ပန်ကာ၊ ၀င်ရိုး၊ အပိုပစ္စည်းတွေကအစ  ကျွမ်းကျင်သူကို တိုင်ပင်ပြီး အမှားအယွင်း မရှိအောင် တွက်ချက်ပြီး ၀ယ်ယူရပါတယ်။

“ပိုင်ရှင်ကစက်ပိုင်းဆိုင်ရာကိုမကျွမ်းကျင်ဘူး။ စက်အဟောင်းတွေ၊ သုံးပြီးသားတွေ၊ နောက်ပြီး စက်အထဲမှာ ပါလာတဲ့ ပန့်တို့ နော်ဇယ်တို့ ကရိုင်းတို့ အဲ့ဒါတွေ မကောင်းတာနဲ့ ကျမှာစိုးလို့ စက်ထိုင်မယ့် စက်ဆရာပဲဖြစ်ဖြစ်၊ သင်္ဘော မောင်းနေတဲ့ စက်ဆရာကြီးပဲဖြစ်ဖြစ် အကူအညီတောင်းပြီး ရန်ကုန်ကို စရိတ်ခံပြီး ခေါ်သွားရတယ်။ လိုအပ်တဲ့ ပန်ကာ၊ ရှပ်ရိုး၊ ဂီယာ၊ လိုအပ်တဲ့ စက်အစိတ်အပိုင်းအားလုံးကို ပြည့်ပြည့်စုံစုံ ၀ယ်ပြီးမှ ကိုယ်လှေတည်တဲ့နေရာဖြစ်ဖြစ်၊ ကျောက်ဖြူမှာ ဖြစ်ဖြစ် ထိုင်ကြတယ်။ အဲ့ဒီအခါမျိုးမှာစက်ဆရာကိုခရီးစရိတ်အပြင် ဉာဏ်ပူဇော်ခတသိန်း နှစ်သိန်း လောက်တော့ ပေးကြတယ်။ လူတိုင်းပေးတယ် ပိုင်ရှင်တိုင်းပေးပါတယ်။”

လိုအပ်တဲ့ စက်ပစ္စည်း အစုံ စုဆောင်းပြီးပြီဆိုရင်တော့ မောင်းနှင်နိုင်တဲ့အဆင့်ရောက်အောင် စက်ဆရာကို အပ်ပြီး အင်ဂျင် တပ်ဆင်ရပါတော့မယ်။ ပစ္စည်းအားလုံး အစုံဆိုရင်တော့ စက်တပ်ဆင်ဖို့အတွက် စက်လှေရဲ့ အရွယ်အစားအလိုက် ငါးရက်က ရက်ပေါင်း နှစ်ဆယ်လောက်အထိ အချိန်ပေးရပါတယ်။

“အင်ဂျင်ထိုင်မယ့် စက်ဆရာကတော့ သူသုံးမယ့်ပစ္စည်း လျှပ်စစ်၊ ဂွင်း၊ ဂွ၊ စသည်ကတော့ သူ့အပိုင်း သူ့မှာပါရမယ်။ ကျွန်တော်တို့ဆီက အင်ဂျင်၊ ပန်ကာ၊ ရှပ်ရိုး၊ ဂီယာ၊ လိုအပ်တဲ့ မူလီအားလုံးပေးမယ်။ မီးစက်သုံးမယ်ဆိုရင် မီးစက်နှိုးပေးမယ်။ စက်ထိုင်တဲ့ ဈေးနှုန်းကလက်ရှိပေါက်ဈေးတရုပ်နီအင်ဂျင် ၁၈ ကောင်၊ ၂၅ကောင်လောက်ဆို သုံးသိန်းလောက်ပဲ ရှိတယ်။ ရှစ်လုံးထိုးအင်ဂျင်ကြီးဆိုရှစ်သိန်း၊ ဆယ်လုံးထိုးအင်ဂျင်ကြီးဆိုဆယ်သိန်း၊ မြို့ပေါ်မှာ ဆိုရင်တော့ သိပ်ပြသနာမရှိဘူး။ စက်ဆရာက သူ့အိမ်ကသူ လုပ်လို့ရတယ်။ ဒါပေမယ့် နယ်မှာထိုင်မယ်ဆိုရင်တော့ စက်ဆရာရဲ့ စားစရိတ်ကိုပါ တာဝန်ယူပေးရတယ်။”

အခုတော့ စက်လှေတစ်စီးကိုဆောက်လုပ်တပ်ဆင်ပြီးခဲ့ပါပြီ။ အင်ဂျင်အစိတ်အပိုင်းတွေ တပ်ဆင်ပြီးရင်တော့ စမ်းသပ် မောင်းနှင်နိုင်ဖို့ စိတ်အားထက်သန်နေကြပါတယ်။ နှစ်နှစ်ကျော်ကျော် တည်ဆောက်ခဲ့ရတဲ့ စက်လှေတစီးရဲ့ တန်ဖိုးကတော့ မူလမျှော်မှန်းထားတာထက် ပိုမိုကုန်ကျခဲ့ပေမယ့် ပင်လယ်ပြာထဲမှာအစုန်အဆန် လှလှပပပြေးလွှားခုတ်မောင်းနေမယ့် စက်လှေကြီးကို မြင်ယောင်ပြီး ကိုထွန်းကြွယ်က စက်လှေကိုဘယ်လို ပြုပြင်ထိန်းသိမ်းမယ်ဆိုတာပြောပြခဲ့ပါတယ်။

“အဆိုးဆုံးကလှေတစီးအချိန်မတန်ပဲပျက်စီးသွားတယ်ဆိုတာပိုင်ရှင်ရဲ့ ဂရုစိုက်မှု အားနည်းလို့၊ လှေတစီကို ခြောက်လတကြိမ် ….. ကျွန်တော်တို့ဆီမှာတော့ စုန်းခေါ်တယ်။ မီးတိုက်တာပေါ့။ ရေထဲမှာပလုပ်တွေ၊ ဂျင်းတွေ (ဒီရေပိုး) ရှိတယ်လေ။ ပုံမှန် ၆ လတကြိမ် ဂျင်းရှင်းမယ်၊ မီးတိုက်မယ်၊ ဂျင်းခံဆေး Red Oxide သုတ်မယ်၊ အဲလိုပုံမှန်လုပ်ပေးနိုင်ရင် ကိုယ်မှန်းထားတဲ့ ဆယ်နှစ်အတွင်းလဲဘာမှ မဖြစ်ရဘူး။ ဆယ့်ငါးနှစ်အတွင်းဘာမှမဖြစ်ရဘူး။ ရာသီဥတုကြောင့် မြုပ်တာတို့၊  ကွဲတာတို့၊ ကျောက်ဆောင်တိုက်မိတာတို့ သဘာဝဘေးအန္တရာယ်ကျတော့ ဘယ်သူမှမမြင်နိုင်ဘူးပြောလို့လဲမရဘူး။”

 1,677 total views,  1 views today