Arakan Yoma |

ရခိုင်ပြည်နယ်မှာ ကျောင်းတွေပြန်ဖွင့်သွားမယ်လို့ ညွှန်ကြားပြီးနောက် မြို့နယ်တချို့မှာ ကျောင်းဆရာ၊ ဆရာမ အများစု ကျောင်းလာကြတယ်လို့ သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့ နေ့စွဲနဲ့ ညွှန်ကြားတဲ့ ကြေညာချက်မှာ ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံ ပညာ ကျောင်းတွေက ကျောင်းအုပ်တွေနဲ့ ဆရာ၊ ဆရာမတွေဟာ ဖေဖော်ဝါရီ ၂၂ ရက်နေ့ကနေ စတင်ပြီး ကျောင်းတက်ရမှာဖြစ်ပြီး ပျက်၊ ကွက်အခြေအနေတွေကို ပြန်လည် အစီရင်ခံရမယ်လို့ ပါရှိပါတယ်။

Arakan Yoma က ဆက်သွယ် မေးမြန်းရာမှာတော့ စစ်တွေ၊ ရသေ့တောင်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တို့မှာ ပညာရေးဝန်ထမ်းတွေ အကုန်လုံးက ကျောင်းလာကြပြီး နယ်ဝေးမှာ ရှိနေသူတွေ လောက်သာ ပျက်ကွက်တယ်လို့ အဆိုပါ မြို့နယ် တာဝန်ရှိသူတွေက ဆိုကြပါတယ်။

စစ်တပ်က အာဏာသိမ်းယူ လိုက်ပြီးနောက် ၂၂ ရက် အကြာမှာ မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခု ရှိနေတဲ့ အနက် ရခိုင်ပြည်နယ်တစ်ခုတည်းမှာပဲ စာသင်ကျောင်းတွေ ဖွင့်လှစ်မယ်လို့ ညွှန်ကြားလာတာပါ။

လက်ရှိမှာတော့ တစ်နိုင်လုံးမှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်တဲ့ ဆန္ဒပြ၊ သပိတ်မှောက်မှုတွေ ရှိနေပါတယ်။ အဲဒီထဲမှာ တခြားအစိုးရ ဝန်ထမ်းတွေလိုပဲ ပညာရေး ဝန်ထမ်းတွေကကလည်း ပါဝင်ပြီး CDM လှုပ်ရှားမှုတွေ လုပ်နေကြပါတယ်။

ဒီ အခြေအနေတွေကြောင့် ရခိုင်ပြည်နယ်အတွင်းက ဆရာ၊ ဆရာမတချို့လည်း အဆိုပါ ထုတ်ပြန်ချက်အပေါ် ကန့်ကွက်မှုတွေလည်း ရှိနေတာကို လှုမှုကွန်ယက် စာမျက်နှာတွေမှာ မြင်တွေ့ရပါတယ်။

စစ်တွေမြို့မှာတော့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးအောင်ကျော်မင်းဦးဆောင်ပြီး မြို့ပေါ်စာသင် ကျောင်းတွေကို လှည့်လည်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး တချို့ကျောင်းတွေမှာတော့ ရဲနဲ့ စစ်တပ်က ပညာရေးဝန် ထမ်းတွေနဲ့ ပူးပေါင်းပြီး ကျောင်းသန့်ရှင်းရေးတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

လက်ရှိမှာတော့ ပညာရေးဝန်ထမ်းတွေနဲ့ တာဝန်ကျ ဆရာ၊ ဆရာမတွေကပဲ ကျောင်းတက်နေရသေးပြီး ကျောင်းသူ၊ ကျောင်းသားတွေ ကျောင်းတက်တာတော့ မရှိသေးပါဘူး။ မြောက်ဦးမြို့နယ်ပညာရေးမှူးကေတာ့ ဒါဟာ ပြည်နယ်ရဲ့ညွှန်ကြားချက်အပေါ်မှာသာ မူတည်ပြီး လုပ်ဆောင်ရမယ့် သဘောရှိတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ – (ပြီးခဲ့တဲ့ ဇွန်လက စစ်တွေမြို့ အထက ၂ အတွင်း ရိုက်ကူးထားတဲ့ ကျောင်းသားတချို့ မြင်ကွင်း – ArakanYoma)

 402 total views,  1 views today