ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဆယ်စုနှစ်တစ်ခုအတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲနှစ်ခုစလုံးမှာ ပြည်နယ်အတွင်း မဲအများဆုံး အနိုင်ရ ရှိခဲ့တဲ့ ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ခွင့် အပါအဝင် နိုင်ငံတော်အဆင့် ရာထူး အကြီးတွေကို မရရှိခဲ့ ပါဘူး။ ဒါပေမယ့် တပ်မတော်က အာဏာ သိမ်းလိုက်ချိန်မှာတော့ နိုင်ငံတော်အဆင့် ဖွဲ့စည်း လိုက်တဲ့ စီမံအုပ်ချုပ်ရေး ကောင်စီမှာ အဖွဲ့ဝင်တစ်နေရာကို ရရှိလာခဲ့ပါတယ်။

အာဏာသိမ်း စစ်အစိုးရရဲ့ အကြီးဆုံး ကောင်စီမှာ ပါဝင်ဖို့ ANP က လက်ခံလိုက်တဲ့အပေါ် ပါတီတွင်းမှာရော၊ ပြင်ပက ရခိုင်နိုင်ငံရေး လေ့လာ စောင့်ကြည့်နေသူတွေ ကြားထဲမှာပါ ဝေဖန်မှုတွေ ရှိနေတာပါ။ ANP ကတော့ သူတို့ လက်ခံ လိုက်တယ်ဆိုတာဟာ စစ်ဒဏ်ခံနေရတဲ့ ရခိုင်ပြည်သူ လူထုရဲ့အကျိုးစီးပွား အတွက်ဆိုပြီး ပြောကြား ထားပါတယ်။

ရခိုင်လူထုကတော့ ဒီကိစ္စအပေါ် ကန့်ကွက်နေကြပြီး ရခိုင်အရပ်ဖက်အဖွဲ့ အစည်း တော်တော်များများကလည်း ရခိုင်ပြည်နယ်တစ်ခုလုံးကို ကိုယ်စားပြုတဲ့ ပါတီဟာ အာဏာသိမ်းအစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်လိုက်တဲ့ လုပ်ရပ်အပေါ် ပြန်လည်သုံးသပ်ကြဖို့နဲ့ လက်မခံဖို့ တိုက်တွန်းထားကြပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်အစောကြီးက တပ်မတော်ဟာ သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်တို့ အပါအဝင် နိုင်ငံတော် အကြီးအကဲတွေကို ဖမ်းဆီးလိုက်ပြီး နိုင်ငံတော် အာဏာကို သိမ်းပိုက်လိုက်တာပါ။ တပ်မတော်ကတော့ ဒုတိယသမ္မတ ဦးမြင့်ဆွေကို ယာယီ သမ္မတအဖြစ် အရေးပေါ် အာဏာ လွှဲပြောင်း လိုက်ရတယ်ဆိုပြီး သတင်း ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွဲ့ဝင် ၁၁ ဦး ပါဝင်ပြီး သူ ဥက္ကဌ တာဝန်ယူတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ တစ်ရပ်ဖွဲ့စည်း လိုက်ပါတယ်။ ဖေဖော်ဝါရီလ ၃ ရက် နေ့က အဲဒီကောင်စီမှာ နောက်ထပ် အဖွဲ့ဝင် ၅ ဦးကို ထပ်တိုး လိုက်ရာ ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာ ဦးဆောင် ကော်မတီဝင် ဒေါ်အေးနုစိန်လည်း ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စဟာ ဒေါ်အေးနုစိန်က တစ်ဦးတစ်ယောက်တည်း ဆုံးဖြတ်လိုက်တာ ဖြစ်ပြီး ပါတီကို ကိုယ်စားမပြုဘူးလို့ ကနဦးမှာ ပါတီတွင်း တာဝန်ရှိသူတွေက ပြောဆိုခဲ့ကြပါတယ်။ ဒါကြောင့် ပါတီတွင်း ကန့်ကွက်သူတွေ၊ နှုတ်ထွက်သူတွေလည်း ရှိခဲ့ပါတယ်။

ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဖေသန်းက “ပါတီရဲ့သဘောထားနဲ့ လုပ်တာတော့ ပိုသင့်တော်မယ်လို့ ထင်တယ်။ ကိုယ့်ရဲ့သဘောထားနဲ့ လုပ်ဆောင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့လုပ်ဆောင်ချက် အပေါ်မှာ အဆိုးအကောင်းကို ကိုယ်တိုင်ခံစားရမှာပေါ့။” လို့ ဒေါ်အေးနုစိန် ကောင်စီဝင် ဖြစ်လာပြီး နောက်တစ်နေ့က မေးမြန်းရာမှာ ဖြေကြားခဲ့ပါတယ်။

တရားလွှတ်တော်ရှေ့နေ တစ်ဦးဖြစ်တဲ့ ဒေါ်အေးနုစိန်ဟာ ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ရခိုင့်တပ်တော် AA အဖွဲ့နဲ့ ဆက်စပ်သံသယနဲ့ တပ်မတော်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ အမှုတွေကို အခမဲ့ လိုက်ပါ ဆောင်ရွက် ပေးနေသူလည်း ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ANP ပါတီက သဘောထား ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်လာပြီး ဒေါ်အေးနုစိန် လက်ခံလိုက်တယ်ဆိုတာ စစ်ဒဏ်ခံနေရတဲ့ ရခိုင်အမျိုးသား အကျိုးစီးပွား အတွက်ဖြစ်တာကြောင့် ရခိုင်ပြည်သူ လူထုက လည်း ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းကြောင်း ရေးသားထားပါတယ်။ အဲဒီ ထုတ်ပြန်ချက်မှာ ၅ နှစ်တာ အုပ်ချုပ်ခဲ့တဲ့ NLD အစိုးရဟာ ရခိုင်လူထုကို မျက်ကွယ်ပြုနေခဲ့ပြီး သူတို့ ပါတီကိုလည်း တွေ့ဆုံဆွေး နွေးမှု တစ်ကြိမ်မှ မရှိခဲ့ဘူးလို့ ဆိုထားပါတယ်။

ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ရခိုင်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းပေါင်း ၃၀ လောက်က လက်ရှိ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အခင်းအကျင်းဟာ ဒီမိုကရေစီ နောက်ပြန်ဆွဲခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်းနဲ့ ဒေသခံ လူမျိုးတွေရဲ့ အခွင့်အရေးတွေကို အသိအမှတ်မပြုဘဲ အနိုင်ကျင့်ဖိနှိပ်တဲ့ လူဆောင်တဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ကန့်ကွက်တယ်လို့ သဘောထား ထုတ်ပြန်ချက်တစ်စောင်ထွက်လာပါတယ်။

ဒါကြောင့် မည်သည့် ရခိုင်ပါတီအဖွဲ့အစည်းကမဆို ပြည်သူလူထုဆန္ဒမပါဝင်တဲ့ နိုင်ငံရေးအရ တရားဝင်မှုမရှိတဲ့ စီမံ အုပ်ချုပ်မှုမျိုးမှာ ပါဝင်ပူးပေါင်းခြင်း၊ အားပေး ထောက်ခံခြင်း မပြုကြဖို့ ရေးသားထားပြီး ANP က လက်ခံ ထားတာကို ပြန်လည်သုံးသပ်ပြီး လက်ခံခြင်းမပြုဖို့ တိုက်တွန်းထားတာပါ။ ရခိုင်အမျိုးသား ပါတီကတော့ လတ်တလော အခြေအနေတွေနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီလ ၁၂ ရက်ကနေ ၁၄ ရက်နေ့အထိ သုံးရက်တာ တွေ့ဆုံပြီး ပါတီ ခေါင်းဆောင်တွေ ပါဝင်တဲ့ အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီ အစည်းအဝေးမှာတော့ ရခိုင်အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆို တိုက်တွန်းကြသလို သဘောထား ဆုံးဖြတ်ချက်တွေတော့ မတွေ့ရပါဘူး။ ဆုံးဖြတ်ချက် သုံးခုချမှတ်ခဲ့ပြီး ရခိုင်ပြည်နယ်ကို တည်ငြိမ်အေးချမ်းပြီး ထာဝရ ငြိမ်းချမ်းတဲ့ ပြည်နယ်တစ်ခုဖြစ်အောင်လုပ်ဆောင်ဖို့၊ ရခိုင်အမျိုးသား အကျိုး စီးပွားကို တန်ဖိုးထားတဲ့ အဖွဲ့ အစည်းတွေနဲ့ ဆက်စပ်ညှိနှိုင်းရေး ကော်မတီ တစ်ရပ်ဖွဲ့စည်းဖို့နဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်အဖြစ် ပါဝင်လာတဲ့ ဒေါ်အေးနုစိန်ရဲ့ ပါဝင်နေမှုကို ဆက်စပ်ညှိနှိုင်းရေး ကာလ တစ်ခုအထိ စောင့်ကြည့်ပြီး ကောင်စီ အဖြစ်ပါဝင်နေမှုကို သုံးသပ်စဉ်းစား ဆုံးဖြတ်သွားဖို့ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

“အဓိကတော့ ဒီပါဝင်မှုကို မရုတ်သိမ်း။ သို့သော် ကောင်စီရဲ့လုပ်ဆောင်ချက်ဟာ ရခိုင်လူထုရဲ့ အကျိုးစီးပွားနဲ့ ပတ်သတ်ပြီးတော့ ကောင်းကျိုးဖြစ်လာသလား။ ဆိုးကျိုးဖြစ်လာသလားဆိုတဲ့အပေါ်မှာပဲ ကျနော်တို့က ဆုံးဖြတ်၊ သုံးသပ်သွားမယ်လို့တော့ ဆုံးဖြတ်ကြတယ်ပေါ့။”လို့ANP အကြီးအကဲ ဦးဖေသန်းက ပြောပါတယ်။

မြန်မာ တစ်နိုင်ငံလုံးမှာတော့ အာဏာသိမ်းလိုက်တဲ့ တပ်မတော်ကို စစ်အာဏာရှင်ဆိုပြီး ကန့်ကွက်သပိတ် မှောက်မှုတွေ ဆက်တိုက်ရှိနေပြီး အစိုးရ ဝန်ထမ်းတွေအနေနဲ့လည်း ရုံးမတက်ဘဲ CDM လှုပ်ရှားမှုတွေ ပြင်းပြင်း ထန်ထန်လုပ်နေကြပါတယ်။ ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာလည်း ဆန္ဒပြမှုတွေ ရှိနေပြီး ဖမ်းဆီး အမှု ဖွင့် ခံရသူတွေလည်း များစွာရှိနေပါတယ်။

ရန်ကုန်အပါအဝင် တချို့မြို့နယ်တွေမှာ သပိတ်မှောက်မှုတွေကို ရဲတပ်ဖွဲ့က ဖြိုခွင်းပစ်ခတ်တာ၊ မျက်ရည်ယိုဗုံး ပစ်တာ၊ ရေနဲ့ ပက်ပြီး လူစုခွဲတာတွေကြောင့် ဒဏ်ရာရသူတွေလည်း ရှိနေပြီး အသက် ၁၉ နှစ်အရွယ် ကျောင်းသူ တစ်ဦးဟာလည်း ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးလိုက်ရတဲ့ အထိ ဖြစ်နေပါတယ်။ အာဏာသိမ်း အစိုးရကတော့ အရေးပေါ်ကာလ တစ်နှစ်ကျော်လွန်ရင် ရွေးကောက်ပွဲပြန်လည် ကျင်းပပြီး အနိုင်ရတဲ့ ပါတီကို နိုင်ငံ့တာဝန်လွှဲပေးသွားမယ်ဆိုပြီး လည်း ပြောထားပါတယ်။

လက်ရှိ အာဏာ သိမ်းလိုက်တဲ့ တပ်မတော်ဟာ အာဏာမသိမ်းမီ လပိုင်းအလိုကမှ AA နဲ့ ၂ နှစ်ကြာတိုက်ပွဲတွေ ရပ်တန့် သွားခဲ့တာပါ။ အဲဒီတိုက်ပွဲတွေကြောင့် သေဆုံးဒဏ်ရာရသူ ရာနဲ့ချီ ရှိခဲ့သလို တပ်မတော်ရဲ့ဖမ်းဆီး ခံရသူတွေလည်း များစွာရှိခဲ့ပြီး သိန်းနဲ့ချီတဲ့ ဒေသခံတွေဟာလည်း စစ်ဘေးရှောင်နေခဲ့ကြရပါတယ်။

“ဒီမိုကရေစီဆိတ်သုန်းသွားမှာစိုးရိမျလို့ တစျနိုငျငံလုံး၊ တစျကမ႓ာ လုံးကနပွေီးတော့ စိတျပကြျကွတယျ။ ဆနျ့ကငြျကွတယျ။ ပွနျရဖို့အတှကျ ကွိုးပမျးနကွေတယျ။ အဲဒီလို စစျအစိုးရကို ဆနျ့ကငြျနခြေိနျမှာ ကိုယျတို့ အဖှဲ့ အစညျးက စစျအာဏာရှငျနဲ့ ပူးပေါငျးလိုကျတယျဆိုတာဟာ လူမိုကျနဲ့တသားတညျး ရပျတညျရာ ကတြယျ” လို့ရခိုင်စစ်ပွဲတွေအတွင်း စစ်တမ်းကောက်ယူမှုတွေ တစိုက်မတ်မတ်လုပ်ဆောင်နေခဲ့တဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး – REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

တပ်မတော်ဟာ မူဆလင်လူမျိုးတွေကို လူမျိုးတုန်း သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ရင်ဆိုင်နေရတဲ့ အမှုလိုမျိုး ရှိနေတာ၊ နောက်ပြီးတော့ စစ်တပ်နဲ့ ခေါင်းဆောင်တွေ၊ စီးပွားရေး လုပ်ငန်းတွေကို နိုင်ငံတကာက ပိတ်ဆို့ အရေးယူတာတွေလည်း ရှိနေတဲ့အတွက် ANP ဟာ ဒီ ပြဿနာတွေကို ခေါင်းခံလာရနိုင်ဖွယ်ရှိတယ်လို့ ကိုဇော်ဇော်ထွန်းက သုံးသပ်ပါတယ်။

“စစ်အာဏာရှင်အုပ်စုနဲ့ ပူးပေါင်း လုပ်တဲ့အတွက် အဲဒီပူးပေါင်းမှုမှာ ပါတဲ့သူတွေဟာ စစ်အာဏာရှင်တွေကို အပြစ်တင်အရေးယူတဲ့ ဒဏ်တွေကိုလည်း အနည်းအများ ခံရနိုင်တယ်”

ရခိုင်အမျိုးသားပါတီဟာ ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်တွေမှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ ပြည်နယ်အတွင်း မဲအများဆုံးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ပြည်နယ်ကိုယ်စားပြုပါတီလို့ မှတ်ယူခဲ့ကြပေမယ့် အခုလို အာဏာသိမ်း စစ်အစိုးရနဲ့ ပူးပေါင်းလိုက်တာကြောင့် ပြည်သူလူထုရဲ့ ယုံကြည်မှု ကျဆင်းသွားမှုမျိုး လာမယ့်ရွေးကောက်ပွဲ တွေမှာ ကြုံလာရနိုင်တယ်လို့ ဝေဖန်မှုတွေလည်း ခံနေရပါတယ်။

ရခိုင်လူထုထောက်ခံမှု အများဆုံးရရှိထားတဲ့ ရခိုင်တပ်တော် အေအေအဖွဲ့နဲ့ လက်နက်ကိုင်ပဋိပက္ခပြင်းထန်နေခဲ့ တဲ့ တပ်မတော်ဟာ အာဏာသိမ်းလိုက်ပြီး နောက်ပိုင်းမှာ ၂ နှစ်နီးပါး ပိတ်ထားခဲ့တဲ့ အင်တာနက် ပြန်ဖွင့်ပေးတာ၊ ANP ပါတီကို နိုင်ငံတော်အဆင့် ကောင်စီမှာ နေရာပေးလာတာ၊ နိုင်ငံတော်ပုန်ကန်မှုနဲ့ ထောင်ဒဏ်ကျနေတဲ့ ရခိုင်လူထုခေါင်းဆောင် ဒေါက်တာအေးမောင်ကို လွှတ်ပေးလာတာတွေက အချိန်တိုလေး အတွင်းမှာ ရှိလာနေတာပါ။ ဒီအပေါ်မှာ ရခိုင့်နိုင်ငံရေးအကဲဖြတ်တွေက သာမက တခြား တိုင်းရင်းသား လူထုတွေကြားထဲမှာလည်း ကွဲလွဲတဲ့ အမြင်တွေတွေ့လာရပါတယ်။

 476 total views,  1 views today