ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

တပ်မတော်က အာဏာသိမ်းလို့အပြီး ဒုတိယမြောက်နေ့မှာ များစွာသော မိဘတွေက သား၊ သမီးတွေကို နေအိမ် ပြင်ပ မထွက်သွားကြဖို့ ဂရုစိုက်နေရချိန် အသက် (၁၄) နှစ်အရွယ် မစုစုအောင် တစ်ယောက်ကတော့ ဖရဲသီး ဗန်းလေးကို ခေါင်းပေါ်ရွက်ပြီး မြို့ပတ်ကာ တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်ရောင်းနေရပါတယ်။

သူက ရခိုင်ပြည်နယ် စစ်တွေမြို့ မီးလောင်ပြင် ကျူးကျော်ရပ်ကွက်ကပါ။ ကျန်းမာရေး မကောင်းတဲ့ မိခင်ရဲ့ လစဉ် ဆေးဖိုးနဲ့ ကျဘန်းအလုပ်သမား ဖခင်ဖြစ်သူကို သူမတတ်နိုင်တဲ့ဖက်က ဝင်ကူရင်း မိသားစု စားဝတ် နေရေးကို ဖြေရှင်း ပေးနေတာ ဖြစ်ပါတယ်။ သူမမှာ စုစုထွန်းလို့ ခေါ်တဲ့ အမွှာညီမ တစ်ယောက်လည်း ရှိပါသေးတယ်။

“အဖေကတော့ ကြုံရာကျဘန်း လုပ်ပါတယ်။ မေမေကတော့ ဘာမှ မလုပ်နိုင်ပါဘူး။ ရောဂါသည်ပါ။ အခက်အခဲကတော့ အဖက်ဖက်က ချို့ယွင်းချက်တွေ ရှိပါတယ်။ အဆင်မပြေမှုတွေ များပါတယ်။ အမေက ခဏခဏ ဆေးရုံ တက်နေရတော့ အဆင်မပြေမူကလည်း အရမ်းကို များတာပေါ့။ အလုပ် အကိုင်ကလည်း အရမ်းကြီး အဆင်မပြေတော့ ကျောင်းတက်ဖို့ကလည်း စနေ၊ တနင်္ဂနွေ ကျရင်လည်း အားရင် ကိုယ်မှာ ရောင်းဖို့ သွားရပါတယ်လေ။” လို့ သူမက ပြောပြပါတယ်။
စုစုအောင်တို့ မိသားစုဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်ပွားလာပြီး နောက်ပိုင်း မြောက်ဦး မြို့နယ်ကနေ စစ်တွေမြို့ကို ပြောင်းရွှေ့ နေထိုင်လာကြတာပါ။ ၂၀၁၉ ခုနှစ်လောက်က ပြောင်း ရွှေ့လာချိန် အကွက်ရိုက် ရောင်းချလျက်ရှိနေတဲ့ စစ်တွေမြို့ မီးလောင်ပြင်က ခြံတစ်ခြံကို ၂ သိန်းနဲ့ ဝယ် လိုက်တာလို့ ဆိုပါတယ်။

“အိမ်ဝယ်ပြီးနေတာပါ။ အိမ်ရာက အဖေ နွေစပါး လုပ်တဲ့အခါက ငွေ နည်းနည်းလေး ရခဲ့ပါတယ်။ အဲဒါနဲ့ အိမ်ရာ ၂ သိန်းပေးပြီး နေတာပါ။ ဖေဖေက ကြုံရာကျဘန်း ပန်းရံ လုပ်တဲ့အခါ လုပ်တယ်။ ဒီကုန်တန်းမှာ သင်္ဘောတွေ ဝင်ပါတယ်။ စက်လှေတွေဝင်ဆိုရင် အထုပ်ထမ်းတယ်။ ကားတွေနဲ့ စျေးကြီးကို လိုက်ပို့ရပါတယ်။”

Photo: Aung Aung Myint/Arakan Yoma

AA နဲ့ တပ်မတော်တို့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေစတင်ဖြစ်ပွားလာချိန် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ကုန် ပိုင်းကနေ ဒေသခံတွေဟာ တစတစနဲ့ ရွှေ့ပြောင်းလာခဲ့ကြရာ စုစုအောင်တို့ မိသားစုလည်း ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

သူ စရောက်ချိန်မှာ ၈ တန်းတက်ခဲ့ပြီး ၉ တန်းတက်မယ့်နှစ်မှာပဲ ကိုဗစ်ကြောင့် စာသင်ကျောင်းတွေ ပိတ်သိမ်း လိုက်လို့ မတက်လိုက်ရပါဘူး။ သူဟာ စစ်တွေမြို့ ဓညဝတီရပ်ကွက်က ဘုန်းတော်ကြီးသင် စာသင်ကျောင်းမှာ ပညာသင်ရင်းနဲ့ အားလပ်ချိန်တွေမှာ ကျောင်း အသုံးစရိတ်နဲ့ မိသားစုအတွက် ကိုယ်တိုင်ရုန်းကန် နေခဲ့တာပါ။

“ဆယ်နာရီလောက်ရင် ရောင်းဖို့ထွက်တယ်။ ဓညဝတီ၊ မကျည်းမြိုင်၊ စက်ပြင် ဘက်၊ ကုန်တန်းဘက်တွေကို သွားရောင်းတယ်။ အလုပ်ခွင်တွေကို။ ရောင်းလို့ ကောင်းတယ်ဆိုရင်လည်း ခဏလေးပဲ။ ရောင်းမကောင်းတဲ့ နေ့ဆိုရင် အသုံးစရိတ် စားသောက်ရေးတွေမှာ ကြပ်တည်းသွားတယ်။ အမေရောဂါဖြစ်တော့ အကြွေးတင် သွားတယ်။ အဲဒါကို မသွင်းနိုင်။ ငွေရမဲ့သူမှာတော့ လာပြီးပြောကြတာပေါ့။ ဒါဆို စိတ်ဆင်းရဲရတယ်။ ကိုဗစ်ကာလမှာ ဆိုရင် ရောင်းလို့က ဘယ်လိုမှ မကောင်းတာ။ ၂ ထောင်ဖိုး ရောင်းရင်လည်း ၂ ထောင်ဖိုးပြန်ပါ လာတယ်။ ဒါဆို ရှုံး။ စိတ်ပင်ပန်း။”

Photo: Aung Aung Myint/Arakan Yoma

ကျောင်းဖွင့်ရာသီမှာ ကျူရှင် တက်ရမယ့် အချိန်နဲ့ အားလပ်ရက်တွေမှာသာ အပိုဝင်ငွေ ရှာနေခဲ့ရတာကနေ အခုဆိုရင် ကျောင်းပိတ်ထားတဲ့အတွက် အချိန်ပြည့် ရောင်းချနေရပါပြီ။ ဖရဲသီးတို့လို ရာသီပေါ်သီးနှံတွေ သာမက အချိန်ရရင် ရသလို ထီပေါက်စဉ် ရောင်းတာတို့ အပြင် တချို့စားသောက်ဆိုင်တွေမှာ အချိန်ပိုင်းလည်း ဝင်လုပ် ပါသေးတယ်။ ၁၄ နှစ်သာသာ ရှိသေးတဲ့ ဒီကလေးမလေး အတွက် အိပ်ချိန်ကော ပြည့်ပြည့်ဝဝ ရှိပါရဲ့လား။

“သမီးတို့ ကျောင်းထွက်လိုက်တော့မယ် ပြောတော့ မိဘက ငါတို့ စာမတတ်ခဲ့ဘူး။ နင်တို့တတ်ရမယ်။ နင်တို့ ၁၀ တန်းအောင်ခဲ့ရင် ကလောင်လေးကိုင်ပြီး စားရမယ်။ အဲလို စိတ်တော့ မိဘတွေမှာ အပြည့်ရှိပါတယ်။ အဖေ နေကောင်းလားမေးလို့ နေမကောင်းဘူး သမီး ဆိုရင် စိတ်ဆင်းရဲရတယ်။ တစ်ခါခါကျရင် ကိုယ့်ဟာကို အားငယ် မိပါတယ်။ စနေ၊ တနင်္ဂနွေနေ့ကျရင် ရောင်းဖို့ ထွက်ပါတယ်။ ၂ နာရီ၊ ၃နာရီဆိုရင် အိမ်ပြန်ပါပြီ။ ကျောင်းတက် နေချိန်ဆိုရင်လည်း ၄ နာရီ ကျောင်းလွတ်ရင် လောကာနန္ဒာနားက အန်တီ မုန့်ဟင်းခါးဆိုင်မှာ အချိန်ပိုင်း အလုပ်လုပ်ပါတယ်။ ၅ နာရီ၊ ၆နာရီ အထိပါပဲ။ ဆိုင် သိမ်းရင်တော့ အိမ်ကို ၇ နာရီမှ ရောက်တတယ်။ ဒါဆို ရေချိုး၊ ထမင်းစား။ စာဖတ်နဲ့ အိပ်ချိန်တောင်မရဘူး။ တစ်ခါတစ်လေ ကျရင် မအိပ်လိုက်ရဘူး။”

မစုစုအောင်လို မိသားစုအတွက် အခုလို ရောင်းချရင်း တစ်ဖက်တစ်လမ်းက ဝင်ငွေ ကူရှာပေးနေတဲ့ မုန့်လက်ကောက်သည်မလေး တစ်ယောက်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကပဲ ပြည်နယ်အစိုးရအဖွဲ့ ရုံးစိုက်တဲ့ စစ်တွေမြို့မှာ အသတ်ခံခဲ့ရပါတယ်။

ဖေ့စ်ဘုတ် လူမှုကွန်ယက်နဲ့ တချို့သတင်းတွေအရ အဆိုပါ မိန်းကလေးငယ်ဟာ အသတ်မခံရမှီ အဓမ္မ ပြုကျင့်ခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။ ဒီအမှုဟာ ဒေသနေ ပြည်သူတွေအကြား ဟိုးလေးတကျော် ဖြစ်ခဲ့ပေမယ့် အစိုးရ အာဏာပိုင်တွေဖက်ကတော့ အရေးယူဖမ်းဆီးနိုင်တာတွေ မရှိခဲ့ပါဘူး။

Photo: Aung Aung Myint/Arakan Yoma

ဒီဖြစ်ရပ်ဟာ ဆိုရင် စုစုအောင်တို့လို အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေအတွက် တစ်ယောက်တည်း သွားလာ လှုပ်ရှားနေရတာ မလုံခြုံဘူး ဆိုတဲ့အချက်ကို ပြသနေတာဖြစ်ပါတယ်။ ဒါပေမယ့် သမုဒ္ဒရာ ဝမ်းတထွာ အတွက် တိုက်ပွဲဝင်နေရတဲ့ သူတို့လို ဘဝတွေရဲ့ နေ့စဉ် စားဝတ်နေရေးကို ဘယ်သူကများ လာရောက် ဖြေရှင်း ပေးနိုင်မှာပါလဲ။

သူ့မှာ မိသားစုအရေးအပြင် နောက်ထပ် ပူပင်စရာတွေလည်း ရှိပါတယ်။ မိသားစု စားဝတ်နေရေး ဖူလုံမှု မရှိတဲ့ အထဲ ရွာက အဘိုး အဘွားတွေကို ထောက်ပံ့ပေးရတာပါ။ ကျောင်းသူလေး တစ်ယောက် ဖြစ်တယ် ဆိုတာကို မေ့ထားပြီး အရွယ်ရောက် အမျိုးသမီးတစ်ယောက်မှာတောင် ရှိခဲလှတဲ့ စိတ်သဘောထား ပြည့်ဝသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

မစုစုအောင်က “နယ်မှာဆိုလည်း အဘိုးရယ်၊ အဖွားရယ်၊ အဒေါ်ရယ် ရှိတယ်။ အဘိုးနဲ့ အဘွားမှာ ဆိုရင် သားနှစ်ယောက်က မသန်စွမ်းဘူး။ စစ်လည်းဖြစ်နေလို့ ပိုပြီး ကျပ်တည်းပါတယ်လေ။ အဲဘက်တွေမှာ စစ်ဖြစ်နေတယ် အပြင်လည်း မထွက်ရဘူး ဆိုရင် ငွေတွေ၊ ဘာတွေ နည်းနည်းပါးပါးစီ ကိုယ်စားမဲ့ ဟာက မစားဘဲ ပို့ပေးရတယ်။”လို့ ပြောပါတယ်။

မိသားစုအတွက် အမြဲတမ်း အနစ်နာခံတတ်တဲ့ သူမအနေနဲ့ လိုချင်ဖြစ်ချင်တဲ့ ဆန္ဒတွေကိုလည်း တတ်နိုင်သမျှ မျိုသိပ် ထားရပါတယ်။ အခုလို အဆင်မပြေမှုတွေ များစွာ ရှိနေခဲ့လို့ ရင်ဘတ်ထဲမှာ အကြိမ်ကြိမ် ငိုနေခဲ့ပေမယ့်လည်း သမီးလိမ္မာလေးဖြစ်တဲ့ မစုစုအောင်က ငြိုငြင်တယ်ဆိုတဲ့ အပြုအမှုတွေကို မိဘတွေဆီမှာ ဘယ်တော့မှ မပြခဲ့ပါဘူး။

“ကျောင်းမှာ စုံညီပွဲ ကျတယ်။ ကပွဲတွေ ပါတယ်။ ဘယ်ဟာတွေ ခြုပ်ရမယ်။ ဘာတွေ လိုတယ်ဆိုရင် မပါပဲ နေလိုက်တယ်။ မိဘက သမီး မပါဘူးလားမေးရင် မပါဘူး။ လိမ်ထားတယ်။ မတတ်နိုင်တော့ မပါတာက အကောင်းဆုံးပဲလေ။ မပြည့်စုံတဲ့ ဘဝမှာ ရောင်းလို့ ပင်ပန်းတာက တစ်မျိုး။ ပြီးတော့ ငွေမှာတယ် ဟိတ်ဘယ်သူ ငွေထည့်ပေးလိုက်။ ရောင်းလို့ကလည်း မကောင်း။ အမေကလည်း နေမကောင်းဘူး ဆိုရင် အိပ်ယာဝင်ရင် ငိုမိတယ်။ တစ်ခါတစ်လေ”လို့ နုနယ်နေသေးတဲ့ မျက်ဝန်းတစ်စုံမှာ ဝမ်းနည်းမျက်ရည် စိုရွှဲစွာနဲ့ ပြေပြပါတယ်။

ဥပဒေရေးရာ ကုစားရေးအဖွဲ့ရဲ့ စာရင်းဇယားတွေအရဆိုရင် ရခိုင်ပြည်နယ်မှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ မုဒိန်းမှု ပြုကျင့်ခံရမှုပေါင်း NLD အစိုးရ ၅ နှစ်တာအုပ်ချုပ်ခဲ့တဲ့ နောက်ဆုံးနှစ် ၂၀၂၀ ပြည့်နှစ်မှာ ၂၆ မှုအထိ ရှိခဲ့ပါတယ်။ ဒါပေမဲ့ စားဝတ်နေရေးချိုတဲ့ပြီး မပြည့်မစုံနေနေရတဲ့ သူမတို့လိုဘဝတွေက ဒီလို အချက်တွေဟာ ကာကွယ် ရကောင်းမှန်းကော သိနိုင်ပါ့မလား။ ဖြစ်လာခဲ့ရင်ကော ဘယ်သူက တာဝန်ယူ ဖြေရှင်းပေးမှာလဲ။

ကြီးလာရင် ကျောင်းဆရာမ ဖြစ်ချင်တဲ့ မစုစုအောင်လိုပဲ အသတ်ခံခဲ့ရတဲ့ မုန့်လက်ကောက်သည်မလေး မှာကော ရည်မှန်းချက်တွေ မရှိဘဲနေခဲ့ပါ့မလား။ အခက်အခဲကြုံလာရင် ရင်ဆိုင် ဖြေရှင်းမယ်ဆိုတဲ့ သတ္တိကကော မရှိဘဲနေပ့ါမလား။ ဒါပေမယ့် သူမတို့လို ငယ်ရွယ်နုနယ်သေးတဲ့ မိန်းကလေးငယ် တစ်ယောက်ကို စော်ကားလာတဲ့အခါမှာ ဘယ်လိုများ ပြန်လည် ခုခံနိုင်စွမ်း ရှိနိုင်ပါမလဲ။

မိသားစုမှာ ကြုံနေရတဲ့ အခက်ခဲတွေအားလုံး အချိမဆန့် သိုလှောင်ထားရသမျှ Arakan Yoma ကို ရင်ဖွင့်လိုက်ရလို့ ရင်ထဲ ပေါ့သွားတယ်ဆိုတဲ့ မစုစုအောင်က “တစ်နေ့နေ့တော့ အောင်မြင်ရမယ်ဆိုတဲ့ စိတ်ကတော့ ရှိပါတယ်။ အဲဒါကတော့ မသေချာပါဘူး။ မိဘက ဆယ်တန်းတောင် သင်နိုင်ပါမလား မသေချာ သေးပါလေ။ ကိုယ့်မှာ ရည်မှန်းချက် ပန်းတိုင်က ကျောင်းဆရာမ ဖြစ်ချင်တာပါ။”လို့ ဖွင့်ဟခဲ့ပြီး ကျန်နေသေးတဲ့ လက်ကျန်လေးတွေကို “ဖရဲသီး၊ ဖရီးသီး”လို့ အော်ရောင်းရင်း ထွက်သွား ပါတော့တယ်။

ကိုဗစ်ကာလကျော်လွန်လို့ ကျောင်းဖွင့်ရာသီ ပြန်လည်ရောက်ရှိလာချိန်မှာကော မစုစုအောင်တစ်ယောက် ကျောင်း ဆက်တက်ဖြစ်ဦးမှာလား။ သူ ဖြစ်ချင်တဲ့ ကျောင်းဆရာမ ဖြစ်ခွင့် ရှိပါဦးမလား ဆိုတာကတော့ သူ့ရဲ့ ကံ တရားနဲ့သာ သက်ဆိုင်ပါတော့မည်။

ဓာတ်ပုံ – အောင်အောင်မြင့်/ ရိုးမရေဒီယိုမဂ္ဂဇင်း

 635 total views,  1 views today