Arakan Yoma |

ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ ၁၉ လ ကြာ ပိတ်ထားခြင်း ခံခဲ့ရတဲ့ မြန်နှုန်းမြင့် 4G အင်တာနက်ကို မနေ့ (ဖေဖေါ်ဝါရီ ၂ ရက်) အင်္ဂါနေ့ညက စတင်ပြီး ပြန်လည် အသုံးပြုလို့ရလာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

လက်ရှိမှာ လိုင်းသုံးလို့ ရနေပြီဆိုပေမယ့် လိုင်းဆွဲအားက ထင်သလောက် အဆင်မပြေသေးပါဘူး။ MPT နဲ့ Mytel ကလွဲလို့ တခြားကွန်ယက်တွေက အသုံးပြုလို့ မရသေးတာကိုလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းနေ ဒေသခံတွေဆီကနေ Arakan Yoma က ကြားသိရပါတယ်။

ကျောက်တော်ဒေသခံ မမြတ်မွန်ကျော်က “ဒီမနက် ၉ နာရီလောက်ကတည်းက Mytel 4G ရတယ်။ MPT က 3G၊ Telenor က 2G လိုင်းကျ၊ လိုင်းတက်လိုက်နဲ့။ MM 900 ကမ်းရိုးတမ်းဖုန်း 2G , 3G ရတယ်။ Ooredoo 2G ရတယ်။ ဆက်တင် (Setting) ထဲဝင်ပြီး carrier က စစ်ထားတာ။” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ် ၈ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ ကတည်းကနေ အင်တာနက်နဲ့ မိုဘိုင်းဝန်ဆောင်မှုလုပ်ငန်းတွေ ဖြတ်တောက်ခံထားခဲ့ရတာဖြစ်ပြီး တစ်နှစ်နဲ့ ၇ လလောက်ကြာမြင့်တဲ့ အချိန်မှာ အခုလို ပြန်လည်ရရှိလာတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ခံအစိုးရနဲ့ တပ်မတော် တာဝန်ရှိသူတွေကတော့ အဲဒီအချိန်တုန်းက ဖြေကြားခဲ့ကြရမှ‌ာ – အင်တာနက်ပိတ်ထားတာဟာ ရခိုင်ပြည်နယ်ဖြစ်ပွားနေတဲ့ စစ်ရေး အခြေအနေ တွေကြောင့်လို့ အကြောင်းပြခဲ့ပြီး ၂၀၂၀ ခုနှစ် မေလမှာတော့ မောင်တောမြို့နယ်မှာ တည်ငြိမ်လာလို့ဆိုပြီး အင်တာနက်ပြန်ဖွင့်ပေးခဲ့ပါသေးတယ်။ ကျန်ရှိနေသေးတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ 2G အင်တာနက်သာ ဖွင့်ပေးခဲ့တာပါ။

ဒါပေမယ့် ဖေဖေါ်ဝါရီ ၂ ရက်နေ့ ညသန်းခေါင်မှာတော့ မြန်နှုန်းမြင့် အင်တာနက်ကို ပြန်လည် ရရှိလာခဲ့ကြတာ ဖြစ်ပါတယ်။

သတင်းနှင့် ဓာတ်ပုံ – ထူး (ရိုးမရေဒီယိုမဂ္ဂဇင်း)
ဓာတ်ပုံစာသား – မင်းပြားမြို့နယ် ကြပ်စင်တံတားအလွန် တွေ့ရသော တာဝတိုင်နှင့် သွားလာလှုပ်ရှားမှုတချို့

 401 total views,  1 views today