ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

စစ်တွေမြို့ရှိ “မေတ္တာဝတီ”ဟု အမည်ပေးထားသည့် အနှိပ်ခန်းသည် ရခိုင်ပြည်နယ်အတွင်းမှ မျက်မမြင်ဒုက္ခသည် လူငယ်တချို့၏ ဝမ်းစာ ရှာဖွေရာနေရာ တစ်ခုလည်း ဖြစ်သည်။

ယင်းအနှိပ်ခန်းတွင် ဂျန်ပန်အကြောဖြေနည်းပညာအား အမြင်အာရုံ မသန်စွမ်းသူများကို သင်တန်းပို့ချကာ ဝင်ငွေရရှိအောင် ဖန်တီးပေးထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၀၉ နှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် ဆယ်စုနှစ်တစ်ခုကျော်လွန်ခဲ့ပြီလည်း ဖြစ်သည်။ သို့သော် ယင်းကာလကမူ အနှိပ်ခန်းပုံစံဖြင့် ဖွင့်လှစ်ခဲ့ခြင်း မဟုတ်သလို ယခုနေရာတွင်လည်း မဟုတ်ခဲ့ပါ။

“ဒီကျောင်းကို စရောက်တာ အသက် ၁၀ နှစ် ကနေ စရောက်တာဖြစ်ပါတယ်။ ကျောင်းဆရာ တစ်ယောက်နဲ့ အဆက်သွယ်ရတာကြောင့် ဒီကျောင်းကို ရောက်လာတာ။ မိသားစုဝင် ညီကို၊ မောင်နှမ သုံးယောက်ရှိတယ်။ မိဘက ထောက်ပံ့ တာကတော့ မရှိပါဘူး။ ခုလောလောဆယ် ဂျပန်-မြန်မာ အကြောနှိပ်လုပ်ပါတယ်။” ဟု မေတ္တာဝတီ မျက်မမြင် ကျောင်းကို ရောက်ရှိလာသည့် ပုဏ္ဏားကျွန်းမြို့နယ် ဆင်သေရွာမှ အသက် (၂၀) ကျော် အရွယ် မမြတ်စုလှိုင်က ပြောပြသည်။

Photo: Aung Aung Htoo/ArakanYoma

စစ်တွေမြို့၊ စံပြရွာတွင် နေထိုင်ကြပြီး ယင်းအနှိပ်ခန်းတွင် အလုပ်လုပ်ကြသည့် မျက်မမြင်များသည် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ရသေ့တောင် စသည့် မြို့နယ်တို့မှ ဖြစ်သည်။

ယင်း အထဲတွင် မွေးရာပါ အမြင် အာရုံချို့တဲ့သူများ ပါဝင်သလို အသက်အရွယ် တစ်ခုသို့ ရောက်မှ မျက်စိ ကွယ်သွား သူများလည်း ပါဝင်သည်။ ၎င်းတို့ကို စစ်တွေမြို့မှ ဦးရွှေကျော်သာ ဆိုသူက စောင့်ရှောက်ထားခြင်း ဖြစ်ပြီး ယခင်က မျက်မမြင်ကျောင်း ပုံစံ ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ အခြေအနေ အမျိုးမျိုးကြောင့် မလုပ် ဖြစ်တော့ဘဲ အလုပ်အကိုင် ဖန်တီးကာ စောင့်ရှောက်သည့် သဘောမျိုးဖြင့်သာ ထားရှိထားရကြောင်း ဆိုသည်။

ဦးရွှေကျော်သာက “ဗုဒ္ဓပြတိုက် ဆရာတော်ကို ကျွန်တော်တို့ မျက်မမြင်ကျောင်း တစ်ကျောင်းလုပ်ဖို့ စိတ်ကူးထားတယ်။ နေရာမရှိတဲ့ အတွက်အခက်ခဲ ဖြစ်နေတယ်။ အရှင်ဘုရားကျောင်းမှာ လုပ်လို့ရမလား ဆိုတော့ လုပ်လို့ဆိုတယ်။ သူတို့လုပ်လို့ ပြောတဲ့နေ့က စပြီး အဲနေရာမှာ ဦးလေးတို့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ၃၂ ပေ×၁၆ ပေလောက်ရှိမယ့် တစ်ထပ်ပျဉ်းခင်း၊ ဝါးကာ ဆောက်လိုက်တယ်ပေါ့”ဟု စတင်ဖွင့်လှစ်ခဲ့သည့် အကြောင်းကို ပြောပြသည်။

မျက်မမြင်တို့၏ တောင်းဆိုမှုကြောင့် ဦးရွှေကျော်သာသည် မိတ်ဆွေတချို့နှင့်အတူ မျက်မမြင် စာသင်ကျောင်း တစ်ခုဖွင့်လှစ်ရန် ကြိုးပမ်းရာ နေရာအခက်ခဲ ရှိသည့်အတွက် အစ်ကိုတော်စပ်သည့် ဘုန်းတော်ကြီးတစ်ဦးဆီမှာ နေရာတောင်းခံခဲ့သည်။ ယင်းနောက် ယင်းဘုန်းတော်ကြီးကျောင်းတွင်ပင် နေရာတစ်ခုရရှိခဲ့သည့်အတွက် အဆောင်တစ်ခု ဆောက်လုပ်ပြီး “မေတ္တာဝတီ”ဟု အမည်ပေးကာ မျက်မမြင်ကျောင်းကို စတင်တည်ထောင်ခဲ့ ပြီး ပြုစုစောင့်ရှောက်ကာ စာပေသင်ကြားမှုများ ပြုလုပ်ခဲ့သည်။

Photo: Aung Aung Htoo/ArakanYoma

ထိုအချိန်က မျက်မမြင်ကလေးငယ် ၅ ဦးကို စတင်ထားရှိခဲ့ရာ နောက်ပိုင်းတွင် လူဦးရေ ၂၀ ခန့် ရှိလာခဲ့သည်ဟု ဆိုသည်။ ယင်းသို့ ဦးရေ များလာချိန်တွင် ထိုသူတို့၏ နေ့စဉ် စားဝတ်နေရေးကို ဖြေရှင်းရန် ငွေကြေးအခက်အခဲ ဖြစ်လာခဲ့တော့သည်။ သို့ဖြစ်၍ ယင်းအနက်မှ အရွယ်ရောက်ပြီးသူ မျက်မမြင် လူငယ်တစ်ဦးက ဦးဆောင်ပြီး ၎င်း အားသန်သည့် အဆိုအတီးတို့ဖြင့် နယ်တကာ လှည့်လည်ကာ သီဆိုဖျော်ဖြေခြင်း၊ ၎င်းတို့၏ ကျောင်းအမည် ဖြင့် အမွှေးနံသာတိုင် ထုတ်လုပ်ခြင်း၊ ကြိမ်ခြင်းတောင်း ရက်လုပ်ခြင်းစသည့် လက်မှုပညာများ သင်ကြားပြီး ရောင်းချခြင်းဖြင့် ဝင်ငွေရှာခဲ့ကြရသည်။

“ဥပမာ တီးဝိုင်း ထောင်ချင်တယ်ဆိုရင် ဦးတို့က အကြွေးဝယ်ပေးတယ်။ အလှူခံတယ်။ အဲဒီမချိန်က ဝန်ကြီးချုပ် လှမောင်တင်ရဲ့ ဇနီးကိုယ်တိုင်လာပြီး အလှူဒါန လုပ်တာတွေရှိတယ်။ လူတွေကလည်း စိတ်ဝင်စား လာကြတယ်။ စိတ်ဝင်စားပြီး ဦးတို့က အလှူရပြီးရင် သူတို့ကို ဦးလေးတို့က တီးဝိုင်း ထောင်ပေးလိုက်တယ်။ သူကလည်း ကြိုးစားပါတယ်။ ကျောက်တော်၊ အပေါက်ဝနယ်တွေကို သွားပြီးရင် မျက်မမြင်ဆိုတော့ခါ လူတွေက လှူကြတယ်ပေါ့။ အဲလိုနဲ့ ရံပုံငွေတွေ ရလာကြတယ်။ ရံပုံငွေတစ်ခုတည်းနဲ့ အဆင်မပြေသေးဘူး။ ဒီကလေးတွေကို ပညာ သင်ရမယ်ဆိုပြီးရင် ဦးလေးတို့ ဘာလုပ်လည်းဆိုလို့ရှိရင် မတ္တာဝတီမျက်မမြင် နံသာတိုင် ဆိုပြီးတော့ လုပ်ခဲ့တယ်။ နံသာတိုင်ရောင်းတယ်။ ကြိမ်ခင်းလေးတွေ ရက်တယ်ပေါ့။ ရက်ရင်လည်း လုပ်တဲ့ တန်ဖိုးနဲ့ ရောင်းစျေးနဲ့ မကိုက်တဲ့အခါ ကြိမ်လည်းမရတော့ မလုပ်ဖြစ်ဘူး။”

ထိုသို့ အဆင်မပြေမှုများစွာ ကြုံတွေ့ရပြီးနောက် ၎င်းတို့အတွက် အခွင့်အလမ်းတစ်ခု ရောက်ရှိလာခဲ့သည်။ ယင်းမှာ လက်ရှိ ယခုအသုံးချလျက်နေသော ဂျပန်နည်းပညာဖြင့် နှိပ်နယ်ပေးသည့် နည်းပညာသင်ယူခွင့် ဖြစ်သည်။ ရန်ကုန်မှ အနှိပ်ဆရာ တစ်ဦးကို စစ်တွေသို့စေလွှတ်ပြီး မျက်မမြင်ထဲမှ လူငယ်အမျိုးသားနှင့် အမျိုးသမီးတစ်ဦးတို့ကို ယင်းသက်မွေးဝမ်းကြောင်း ပညာရပ်ကို သင်ကြားစေခဲ့သည်။ ကျန်မျက်မမြင်များကို ထပ်ဆင့် သင်ကြားပေးကာ ယင်းဘုန်းတော်ကြီး ကျောင်းတွင်ပင် ယာယီအနှိပ်ခန်း ဖွင့်လှစ်ပြီး ရံပုံငွေရှာခဲ့ကြ သည်။

Photo: Aung Aung Htoo/ArakanYoma

“ဂျပန်အနှိပ် သင်တန်းကျောင်းကို ယောကျာ်းလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက် ပို့ပေးလိုက်တယ်။ သင်တန်း ခြောက်လ ပြီးတဲ့အချိန်မှာ အဲနှစ်ယောက်က နေပြည်တော်မှာ ဆီးဂိမ်းပြိုင်ပွဲကျင်းပတဲ့အတွက် တပ်က အရာရှိ တစ်ဦး ခေါ်သွားပြီးတော့ အလုပ်ရသွားတယ်။ ဦးလေးတို့ မျက်မမြင် ၁၀ ကျော်လောက်က ဒီမှာ လစဉ်ကြေး လေးနဲ့ မှီတင်း နေထိုင်ကြရတယ်ပေါ့။ ဆရာတော် ဦးဉာဏ်ရက အနှိပ်ဆရာတစ်ယောက်ကို စစ်တွေကို လွှတ်ပေးပါဆိုတော့ အနှိပ်ဆရာ တစ်ယောက် ပို့လိုက်ပြီးရင် ဒီ မဟာကုသလကျောင်းမှာပဲ ယောကျာ်လေး တစ်ယောက်၊ မိန်းကလေးတစ်ယောက် အနှိပ်သင်ကြတယ်။ အနှိပ်သင်ရင်းနဲ့ အနှိပ် အခန်းတွေနဲ့ ယာယီဖွင့်လိုက်တယ်။ အနှိပ်ခန်းဖွင့်လိုက်တဲ့အခါ လူတွေက သဘောကျကြတယ်။ ဂျပန် အကြောပညာကို သူတို့က သဘောကျကြတဲ့အခါ တော်တော်အလုပ်ဖြစ်တယ်”

အချိန်တချို့ ကြာမြင့်ပြီးချိန်တွင် ယင်းနည်းပညာဖြင့် မျက်မမြင်တို့က နှိပ်နယ်ပေးသည့် နည်းပညာကို ဒေသနေ လူအများက သဘောတွေ့လာကြပြီး ယင်းလုပ်ငန်းမှာလည်း အဆင်ပြေလာခဲ့သည်။ သို့သော် တချို့ အဆင်မပြေ မှုများကြောင့် နေရာ အပြောင်းအလဲများ ပြုလုပ်ခဲ့ကြရာ လက်ရှိနေရာ ဗျူးပွိုင့်၏ အနောက်ဖက်သို့ ရောက်ရှိလာခဲ့ ကြကြောင်း ဆိုသည်။ ဝင်ငွေ ကောင်းလာသည်နှင့်အမျှ ပြဿနာတချို့လည်း ပေါ်ပေါက်လာ ခဲ့တော့သည်။ ထိုကိစ္စများနှင့် ပတ်သက်၍ ဦးရွှေကျော်သာက ယခုလို ပြောပြသည်။

“တော်တော် အလုပ်ဖြစ်တာကနေ ပြဿနာက စလာတယ်။ ဦးလေးတို့ကလည်း နှစ်နှစ်ပြီးရင် သူပြောတဲ့ အတိုင်း ဦးလေးတို့ ဘာမှ မကိုင်လိုက်တော့ပါ။ ပထမကတော့ အခင်တို့က စာရင်းတွေနဲ့ လုပ်ခဲ့တယ်။ နှစ်နှစ် ကုန်တော့ အားလုံးကို သူတို့ကို အပ်လိုက်တယ်။ မင်းတို့လုပ်ကြတော့ ဆိုပြီးတော့ သူက သူဟာသူ လုပ်ပြီးတော့ ကလေးတွေ နဲ့ သူက အနှိပ်ခ ဘယ်လောက်ရရင် သူဘယ်လောက် ငွေလောဘတွေ ဖြစ်လာခဲ့တယ်။”

လုပ်ငန်းတွင် အဆင်မပြေမှုတချို့ရှိလာခဲ့ပြီး ဦးဆောင် ကူညီလုပ်ပေးနေသူတချို့ နှုတ်ထွက်သွားခြင်း၊ ယင်း ကျောင်းတွင် နေထိုင်နေသည့် မျက်မမြင် လူငယ်တချို့ ထွက်ခွာသွားခြင်း စသည့်အမျိုးမျိုးသော အခက်အခဲများကို ရင်ဆိုင်လာတော့သည်။ ယင်းကျောင်းတွင် မျက်မမြင် ၈ ဦးသာ ကျန်တော့ပြီး အလုပ်ချိန် အတွင်းတွင် ဗျူးပွိုင့် နောက်ဖက်မှ အနှိပ်ခန်းတွင်နေကြပြီး ညဖက်ကျလျင် စံပြရွာရပ်ကွက်ရှိ ဦးရွှေကျော်သာ၏ လုပ်ငန်းခွင် တစ်ခုတွင် နေစရာပေးထားသည်။

“တာဝန်လေးတာကတော့ ဥက္ကဌ လည်း သေသွားပြီး။ ဘဏ္ဍာရေးမှူးလုပ်တဲ့ သူကလည်း သူတို့နဲ့ နည်းနည်းဖြစ်တဲ့ အခါ မလာတော့ဘူး။ ဦးက သူတို့တောင်းဆိုတဲ့ နှစ်နှစ် လုပ်ပေးလိုက်တာ။ နောက်ပိုင်းမှာတော့ ဘာမှ မလုပ်ပေးတော့ဘူးလို့။ သို့သော် ဦးက တာဝန်ခံ။ သူတို့သွားပြီးတဲ့ နောက်ပိုင်းမှာ ကျန်ခဲ့ကြတဲ့အခါ ဦးက သူတို့တွေကို ပစ်ထားလို့မရဘူး။ ကလေးတွေကတော့ လိမ္မာပါတယ်။ သူတိုဆို့ တစ်လကို ၈ သောင်း၊ ၁ သိန်း လောက်ကို ရကြတယ်။ စားပြီးသောက်ပြီးပေါ့။ ကိုဗစ်ဖြစ်တဲ့ ကာလဆို ငွေ ဘာမှ မရဘူးပေါ့။ သူတို့အားလုံးကို။ ဦးလေးကျွေးထားရတယ်။ ဒါကတော့ ဦးလေးမှာ ကုသိုလ်တစ်ခုပေါ့။ ကိုယ်စိတ်ထဲမှာ အဲလို ပဲတွေးတယ်။ ကျောင်းလို့ မဟုတ်တော့ပါ။ မျက်မမြင်လာလို့ရှိရင် အခင်တို့က ထိန်းသိမ်း ထားတယ်ပေါ့။ ပညာတစ်ခုရအောင် ခု အကြောနှိပ် သင်ပေးတယ်။”

ကိုဗစ်ရောဂါဝင်လာပြီး နောက်ပိုင်း လာရောက်အနှိပ်ခံတော့သူ မရှိသည့်အတွက် စားဝတ်နေရေး ကျပ်တည်းလာ ရသည့်အထဲ ဆယ်ကျော်သက်အရွယ်မှ ပြုစု၊ စောင့်ရှောက်လာခဲ့သည့် မျက်မမြင် ကလေးငယ်များသည် အရွယ်ရောက်လာကြပြီး တစ်ဦးနှင့်တစ်ဦး အနေနီးစပ်ကာ လူငယ်တို့ သဘာဝအတိုင်း ချစ်ကြိုက်ပြီး အချင်းချင်း အိမ်ထောင်ပြုခြင်းများ ရှိလာတော့သည်။ လက်ရှိ ယင်းအနှိပ်ခန်းတွင် လူလွတ် တစ်ဦးသာ ရှိပြီး ကျန်လူများမှာ အိမ်ထောင်ကိုယ်စီနှင့် ဖြစ်နေကြပြီး တချို့ဆိုလျှင် ကလေးရထားကြပြီ ဖြစ်သည်။

သဘာဝအတိုင်း ဖြစ်ပေါ်လာသော ယင်းဖို၊ မ သဘာဝသည်ပင်လျှင် မျက်မမြင်တို့အတွက်မူ ကြီးမားသည့် အခက်ခဲတစ်ခု ဖြစ်လာသည်။ ယင်းအချက်မှာ ကူညီစောင့်ရှောက်ထားသူ အတွက်လည်း အခက်ခဲတွေ့လာပြီး ကလေးများ ရလာလျှင် ၎င်း ပေးထားသည့်နေရာတွင် အဆင်မပြေတော့ ဟုဆိုသည်။ သို့ဖြစ်၍ ၎င်းတို့ မိသားစုနှင့် အတူထားရှိရန် နေရာတန်းလျား လိုအပ်နေပြီး ၎င်းတို့အား တန်းလျားတစ်ခု ဆောက်လုပ်ကာ သီးသန့်စီ ထားရှိဖို့ အစိုးရထံမှ အကူညီပေးဖို့ မေတ္တာရပ်ခံကြသည်။

“သားနဲ့သမီးနဲ့ ဖြစ်လာတဲ့အခါ ဘုန်းကြီးကျောင်းမှာလည်း ထားလို့မရဘူး။ ဦးတို့ဆီမှာလည်း အကြာကြီးဆိုရင် သားနဲ့ သမီးနဲ့ဆို အဆင်မပြေဘူး။ ခုက ကလေးမရကြသေးလို့။ ရတဲ့ သူတွေက ရန်ကုန်မြို့မှာ နေသွားကြတယ်။ ခု ကလေးမရှိတဲ့ အတွက် အခင်တို့ဆီမှာ နေလို့ရတယ်။ သားကြီးသမီးကြီးနဲ့ ဖြစ်လာခဲ့ရင် အခင်တို့မှာ ထားလို့မရတော့ပါ။ အခင်ကတော့ မျက်မမြင်အတွက် မြေတစ်ကွက်တောင်း ထားတယ်။ ဒါပေမဲ့ အစိုးရကတော့ မျက်မမြင်အတွက်မပေးဘူး။ မသန်စွမ်းအတွက်ရုံးဆိုပြီးရင် စစ်တွေတက္က သိုလ်ရှေ့မှာ မြေတစ်ကွက် ပေးထားတယ်လို့ သိရှိထားတယ်။ သို့သော် အဲဒါကတော့ မျက်မမြင်သပ်သပ် မဟုတ်တဲ့အတွက် ဆက်လက် မဆောင်ရွက်ဘဲထား ရှိတယ်” ဟု ဦးရွှေကျော်သာက ပြောသည်။

ရခိုင်ပြည်နယ်၏ လူဦးရေ ၅ ဒဿမ ၃ ရာခိုင်နှုန်းမှာ မသန်စွမ်းသူများဖြစ်နေပြီး ယင်းအထဲတွင် အမြင် အာရုံချို့တဲ့သူ မသန်စွမ်းသူ ၆၅၅၇၆ ဦးရှိကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်၊ အလုပ်မှုဆောင် အဖွဲ့ဝင် ဦးညွန့်အောင်က ပြီးခဲ့သည့်နှစ်က စစ်တွေမြို့မှာ မသန်စွမ်းအဖွဲ့ ဖွဲ့စည်းစဉ် မီဒီယာ တချို့ကို ဖြေကြားခဲ့သည်။ ရခိုင်ပြည်နယ်တွင် မသန်စွမ်းဦးရေ များပြားနေသော်လည်း ယင်းပုဂ္ဂလိက “မေတ္တာဝတီ” မျက်မမြင်ကျောင်းမှအပ မည်သည့် သင်တန်းကျောင်းမျှ မရှိပေ။

ပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကမူ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက ငွေကြေးထောက်ပံ့မှုများ ပြုလုပ်နေပြီး မသန်စွမ်းများနှင့် ပတ်သက်၍ သင်တန်းကျောင်းများ ဖွင့်လှစ်မည်ဆိုလျှင် ၎င်းတို့နှင့် ပတ်သက်သည့် အချက်အလက်များ၊ စွမ်းဆောင်ရည်နှင့် လိုအပ်ချက်များကို သိရှိမှသာ လုပ်ဆောင်ပေးလို့ ရနိုင်မည်ဖြစ်သဖြင့် သက်ဆိုင်ရာ မိဘများနှင့် ဦးဆောင်လုပ် ကိုင်နေသူများ အနေဖြင့် အစိုးရထံသို့ တိုက်ရိုက်ဖြစ်စေ၊ လူမှုဝန်ထမ်းကယ်သို့ ဖြစ်စေ တင်ပြလာလျှင် ဖြစ်နိုင်ခြေ အရှိဆုံးကို စဉ်းစား လုပ်ဆောင်လို့ရကြောင်း Arakan Yoma ၏ မေးမြန်းချက်ကို ဖြေကြားသည်။

“သူတို့အနေနဲ့ ဘယ်လို စွမ်းဆောင်နိုင်တဲ့ အနေအထားမျိုးရှိလဲ။ မသန်ဘူး။ ဒါပေမဲ့ စွမ်းတယ်။ တချို့ မျက်စိမမြင်ဘူး။ တီးနိုင်တယ်။ ဆိုနိုင်တယ်။ တချို့က ဘယ်လိုမျိုး လုပ်နိုင်တယ်။ အဲဒီဟာတွေကို ကျနော်တို့က ဒက်တာ အချက်အလက် ရရှိမှသာလျှင် ဘာလုပ်သင့်လဲ စဉ်းစားလို့ရမယ်။ လူနှစ်ယောက်နဲ့လည်း ကျောင်း တစ်ကျောင်းက ဖွင့်လို့ အဆင်မပြေပြန်ဘူး။”

အမြင်အာရုံချို့တဲ့သည့် မသန်စွမ်းတို့သည် အနှိပ်၊ ကွန်ပျူတာ၊ အဆိုအတီးစသည့် ကဏ္ဍများတွင် ဝါသနာပါ အားသန်လေ့ ရှိသည့်အတွက် အစိုးရအနေဖြင့် မသန်းစွမ်းများအတွက် သင်တန်းကျောင်း တစ်ကျောင်း ဖန်တီးကာ ထပ်မံအနိုင်ရရှိလာသည့် အစိုးရအနေဖြင့် လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း မသန်စွမ်းအရေး ဆောင်ရွက်နေသူများက ထောက်ပြသည်။ အစိုးရအနေဖြင့် ငွေကြေးထောက်ပံ့မှု မဟုတ်ဘဲ ၎င်းတို့ ကိုယ်တိုင် ငွေကြေးကို ရှာဖွေတတ်အောင် သင်ကြားပေးရန်သာ လိုကြောင်းလည်း ဝေဖန်သည်။

ရခိုင်ပြည်နယ်မသန်စွမ်းသူများအသင်း၊ ဒုတိယဥက္ကဌ ကိုတင်အောင်မိုးက “မျက်မြင်တွေဆိုရင် မျက်မမြင် အနှိပ်ခန်းတွေ၊ ကွန်ပျူတာပိုင်းတွေ၊ ဂီတဖျော်ဖြေမူတွေ၊ အဆိုအတီးအက တွေကို အားသန်တယ်။ သူတို့က သက်မွေး ဝမ်းကျောင်းကိုလည်း အဲဒါတွေနဲ့ ပြုလုပ်ပါတယ်။ မျက်မမြင်တွေ အလုပ်အကိုင်အခွင့်လမ်း နည်းတယ်ဆိုတာ တကယ်က မျက်မမြင်ကျောင်းတွေ နည်းတာကြောင့် ဖြစ်တယ်။ သူတို့ မျက်မမြင် ကျောင်းတွေက မျက်မမြင်စာတွေ တတ်သွားပြီ ဆိုလို့ ရှိရင် မြန်မာတစ်နိုင်ငံလုံးမှာလည်း သွားလို့ရပါတယ်။ ရန်ကုန်က အကိုတို့ ဆရာတွေဟာလည်း မျက်မမြင်တွေပါပဲ။ အလုပ်အကိုင် အခွင့်လမ်းတွေ ဦးဆောင်ပြီးရင် လုပ်နေကြတာပါပဲ။ သူတို့က မျက်မမြင်သင်တဲ့ စာကိုသင်ဖို့ ကျောင်းကို မရှိခဲ့တာကြောင့် ဖြစ်ပါတယ်။ အစိုးရအနေနဲ့ လုပ်ပေးမယ်ဆိုရင် အကိုတို့ မသန်စွမ်းလောကထဲမှာ ပြောတဲ့ စကားအရ ကျနော်တို့ကို နေပြီးတော့ ငါးမျှားခွင့်မပေးပဲ ငါးမျှားနည်းပဲ သင်ပေးစေချင်ပါတယ်လို့” ဟု ပြောသည်။

ရသေ့တောင်မြို့နယ် ထွန်းဝေကျေးရွာက ကိုသန်းရွှေဆိုလျှင် အသက် (၂၉) နှစ်ရှိနေပြီ ဖြစ်သည်။ ၎င်းသည် ဆယ်ကျော် သက်အရွယ်ရောက်မှ မျက်စိ ကွယ်သွားခြင်းဖြစ်သည်။ မိသားစု၏ ဆင်းရဲမွဲတေမှုကြောင့် ဆေးကုသမှုကို အချိန်မှီ မပြုလုပ်နိုင်ခဲ့ခြင်းကြောင့်ဟု ယူဆနေသူလည်း ဖြစ်သည်။ ၎င်းကမူ အစိုးရက မသန်စွမ်းများ အတွက် အလုပ်အကိုင် အခွင့်အလမ်းတစ်ခုခု ဖန်တီးပေးဖို့ တောင်းဆိုသည်။

“ကျနော်ကျောင်းမှာ မနေဖူးပါ။ စစ်တွေရောက်ပြီးမှ ရေးတတ်ဖတ်တတ် လောက်ကို မျက်မမြင်စာကို သင်ခဲ့ရပါတယ်။ ကျနော်စောနက ပြောသလို့ ကျနော်တို့ မသန်စွမ်းတွေကို အစိုးရအနေနဲ့ အလုပ်ကိုင် တစ်ခုလောက် အဆင်ပြေအောင် လုပ်ငန်းတစ်ခုလောက် အဆင်ပြေအောင် ဆောင်ရွက်ပေးစေချင်ပါတယ်”

 608 total views,  1 views today