ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

မကြာမီအချိန်အတွင်းတွင် မန္တလေးမြို့၌ ကျင်းပပြုလုပ်မည့် Miss Supranational 2021 ပြိုင်ပွဲတွင် ရခိုင်ပြည်နယ် ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ဒေသခံ အမျိုးသမီးငယ်သုံးဦးက ပြင်ဆင်လျက် ရှိနေကြသည်။

ယင်းအနက် နှစ်ဦးကိုမူ Miss Burma Organization ပြည်နယ် တာဝန်ရှိသူတို့မှ ရွေးချယ်ထားခြင်းဖြစ်ပြီး သူတို့၏ မိခင်အဖွဲ့အစည်းက ၎င်းတို့ အား မကြာသေးမီက ရခိုင်ပြည်နယ် အခြေစိုက် မီဒီယာတချို့နှင့် မိတ်ဆက် ပေးခဲ့သည်။

သူတို့မှာ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ပေါကြွယ်ဝရာ မြောက်ဦးမြို့မှ အသက် (၂၁) အရွယ် မမေမိုး (ခေါ်) အိအိခင်ထွန်းနှင့် ပြည်နယ်၏ မြို့တော်လည်းဖြစ်သည့် စစ်တွေမှ အသက် (၂၃) နှစ်အရွယ် မစိုးထက်နွယ်တို့ ဖြစ်သည်။

မမေမိုးသည် ပြီးခဲ့သည့်နှစ်က ကျင်းပခဲ့သည့် Miss Ethnic Myanmar 2019 တွင် အဆင့် ၅ အထိ တက်ရောက်ခဲ့သူ တစ်ဦးဖြစ်ပြီး မစိုးထက်နွယ်ကမူ စစ်တွေမြို့ရှိ Akyab Star အနုပညာသင်တန်းကျောင်းတွင် Winner အဖြစ် ရရှိထားသူလည်း ဖြစ်သည်။

“ညီမက အကောင်းဆုံး ကြိုးစားနေတဲ့အတွက် ယုံကြည်မှုတော့ အပြည့်အဝရှိတယ်။ Miss Supranational ဆိုတဲ့ Crown ကို ရယူနိုင်အောင် ညီမနဲ့အတူ ရခိုင်ကိုယ်စားပြုတဲ့ ညီမလေးတွေ အကုန်လုံး ကြိုးစား သွားမှာပါရှင့်”ဟု မစိုးထက်နွယ်က ပြောသည်။

လက်ရှိတွင် ထိုနှစ်ဦးအား စစ်တွေမြို့ရှိ Akyab Star အနုပညာသင်တန်းကျောင်းတွင် ယှဉ်ပြိုင်ရန် လိုအပ်သည်များကို သင်ကြားပေး လျက်ရှိနေပြီး ဆင်းရဲနွမ်းပါးသူများနှင့် မိဘမဲ့ကလေးဂေဟာသို့ သွားရောက်ကာ လှူဒါန်းမှု တချို့ ပြုလုပ်နေကြသည်။

မြန်မာနိုင်ငံရှိ တခြား ပြည်နယ်နှင့် တိုင်းများနည်းတူ ရခိုင်ပြည်နယ်တွင်လည်း နိုင်ငံအလိုက် ကျင်းပပြုလုပ်သည့် ယခုကဲ့သို့သော ပြိုင်ပွဲများမကျင်းပမီ ဒေသတွင်းယှဉ်ပြိုင်ပွဲများ ပြုလုပ်ပြီး အနိုင်ရရှိသူကိုသာ ပြည်နယ်ကိုယ်စားပြု စေလွှတ်လျက်ရှိ သော်လည်း ယခုနှစ်တွင်မူ ကိုဗစ်သာမက စစ်ရေး ပဋိပက္ခများလည်း ရှိနေသဖြင့် လျှောက်လွှာစနစ်ဖြင့်သာ ခေါ်ယူခဲ့ရကြောင်း ဆိုသည်။

သို့ဖြစ်၍ လက်ရှိ ရွေးချယ်ထားသည့် ပြည်နယ် ကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်မည့် အလှမယ်များကို လူသိမှု အားနည်းနေပြီး ငွေရေးကြေးရေး အပါအဝင် အခက်ခဲများစွာ ရှိသည့်အတွက် ဝန်းရံအားပေးကြဖို့ Miss Burma Organization ၏ ပြည်နယ်တာဝန်ခံ ကိုစံသာက မေတ္တာရပ်ခံသည်။

ကိုစံသာက “ကျနော်တို့ ပြည်နယ်မှာ ဒီထက်မက လှတဲ့သူတွေ အများကြီးရှိသေးတယ်။ သူတို့ကို ရှေ့ထွက်လာ စေချင်တယ်။ ကျနော်တို့ အခုရွေးထားတဲ့ ရခိုင်ပြည်နယ် ကိုယ်စားပြု အလှမယ် နှစ်ယောက်ကိုလည်း အားပေးကြပါလို့ ဒီနေရာကနေ ပြောချင်ပါတယ်”ဟု ပြောသည်။

ယင်းပြိုင်ပွဲတွင် ရခိုင်ပြည်နယ်အပါအဝင် တခြားတိုင်းနှင့် ပြည်နယ်များ ကိုယ်စားပြုအလှမယ် ၄၀ မှ ၆၀ ဦး ခန့်အထိ ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယင်းအနက်မှ သရဖူဆွတ်ခူး အနိုင်ရရှိသူ တစ်ဦးသည် ပိုလန်နိုင်ငံတွင် ကျင်းပမည့် နိုင်ငံတကာပြိုင်ပွဲကြီးတွင် မြန်မာကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ရမည်လည်း ဖြစ်သည်။

ရခိုင်ပြည်နယ်သည် ယခုကဲ့သို့ ကဏ္ဍများနှင့် ရင်းနှီးမှု မရှိသေးသည့်အတွက် စိတ်ဝင်စားသည့် လူငယ်၊ မောင်မယ်များ အနေဖြင့်လည်း ဝါသနာပါလျှင် လုပ်ကိုင်ကြဖို့ လိုအပ်ပြီး မိဘဆွေမျိုး အသိုင်းအဝိုင်းတို့ကလည်း အားပေးအားမြှောက်ပြုဖို့ လိုအပ်ကြောင်း Miss Burma Organization ၏ ရခိုင်ပြည်နယ်တာဝန်ခံ ကိုစံသာက အကြံပြုသည်။

 530 total views,  1 views today