Photo credit to the UNICEF Myanmar/2017/Kyaw Kyaw Winn

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

သမီးဖြစ်သူ ပျောက်နေသဖြင့် လိုက်ရှာရန် ထွက်သွားသော ဖခင်သည် အမောတကြီးဖြင့် အိမ်သို့ ပြန်ပြေးလာသည်။ အိမ်အနီးသို့ အရောက်တွင် “ကိုယ့်သမီးအဝတ်တွေက ဘယ်လိုဟာလဲ”ဟု အလောတကြီးဖြင့် အော်မေးရာ ဇနီးဖြစ်သူက အိမ်အောက်သို့ ပြေးဆင်းလာပြီး “အကျႌအဝါဝတ်ထားတယ်”ဟု ပြန်ဖြေသည်။ ယင်းနောက် ဖခင်ဖြစ်သူက “အကျႌတထည်၊ ဖိနပ်တစ်ရံ မြင်ခဲ့တယ်”ဟု ဇနီးသည်ကို ပြောလိုက်သည်။

ထိုအချိန်တွင် သူတို့ဇနီးမောင်နှံသည် အနီးဝန်းကျင်မှ ဆွေမျိုးတချို့တို့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီကို သွားရောက်ပြီး ရဲစခန်းကို ဖုန်းဆက်ကြသည်။ တာဝန်ရှိသူများ ရောက်ရှိလာပြီးနောက် ရွာအနီး လိုက်ရှာကြရာ တဖက်ရွာနှင့် ခြားထားသည့် ချောင်းအနီးတွင် ကိုယ်တုံးလုံး အနေအထားဖြင့် ဖြစ်နေသည့် သမီးဖြစ်သူကိုတွေ့ခဲ့ကြရကြောင်း မိခင် ဖြစ်သူက ပြောပြသည်။

“အဲဒီညက သမီးသုံးယောက် TV ကြည့်ဖို့ သွားကြပါတယ်။ ၇ နာရီလောက်က ထွက်သွားတာပါ။ ရွာမှာဆိုတော့ ဟို အိမ်မှာလည်း ကြည့်ကြတယ်။ ဒီအိမ်မှာလည်း ကြည့်ကြတယ်။ ဆိုတော့ ကွဲနေကြတာ။ သူတို့ ညီမသုံးယောက်။ တစ်ဘက်ဆိုင်ရဲ့ အိမ်မှာ ဖုန်းထဲမှာ ကနေတာကို ကြည့်ပြီးရင်နေကြပါတယ်။ TV ကြည့်ပြီး အပြန်လမ်းမှာပဲ ဖမ်းစီးပြီး ခေါ်သွားကြတယ်လို့ ပြောပါတယ်။”

ယင်းအဖြစ်အပျက်သည် မကြာသေးမီက ကုန်ဆုံးသွားသည့် ၂၀၂၀ ပြည့်နှစ်၏ နောက်ဆုံးလဖြစ်သော ဒီဇင်ဘာ ၂၂ ရက်နေ့က ဖြစ်သည်။ ယင်းနေ့က မခင်အေး (အမည်လွဲ) နှင့် ညီမငယ်နှစ်ဦးသည် ညနေ ထမင်းစားပြီးချိန် ၇ နာရီခန့်က သူများ အိမ်တွင် TV သွားကြည့်မည်ဟု ဆိုကာ အိမ်ကထွက်သွားကြသည်။ တစ်နာရီခန့်ကြာပြီးနောက် မခင်အေးသည် TV ကြည့်နေရာမှ ရုတ်တရက် ထလာခဲ့သည်။

မခင်အေးသည် အသက် (၁၆) နှစ်သာရှိသေးပြီး ဆွံ့အနားမကြားသူတစ်ဦးလည်း ဖြစ်သည်။ သူသည် လမ်းလျှောက် ပြန်လာရာ လမ်းတွင် အရက်သေစာ သောက်စားထားသည့် သူစိမ်းယောက်ျားနှစ်ဦးနှင့် တွေ့သည်။ သို့ရာတွင် ၎င်းမှာ အိမ်သို့ ဆက်လျှောက်မြဲ လျှောက်နေခဲ့ပြီး ညီမတို့ဆီသို့ ပြန်မသွားခဲ့။ ယင်းနောက် ချောင်းစပ်ဖက်မှ အသံများ ခပ်သဲ့သဲ့ ကြားသဖြင့် စိုးရိမ်စိတ် ဝင်နေသည့် မခင်အေး၏ မိခင်က အိပ်နေသည့် အမျိုးသားဖြစ်သူကို လှုပ်နှိုးကာ သမီးများကို အခေါ် လွှတ်လိုက်သည်။ သမီးငယ် နှစ်ဦးကိုမူ ၎င်းတို့ရပ်ကွက်မှ နေအိမ်တစ်အိမ်တွင် TV ကြည့်လျက် တွေ့သည်။ သို့သော် သမီးကြီးကတော့ သူတို့နှင့် မဟုတ်။

“ချောင်းမှာ အော်သံကြားလိုက်တယ် ဆရာ။ လူအော်သံကြားတာ ကိုယ့်သမီးမှန်း၊ သူများ သမီးမှန်းမသိ။ ဆိုပြီးရင် ကျမ ယောက်ျားကို ချောင်းမှာ လူအော်သံကြားတယ်။ ကိုယ့်သမီးတွေ အိမ်မရောက်သေးဘူးဆိုပြီး နှိုးလိုက်တယ်။ ရွာမှာလည်း ပတ်ရှာသေးတယ်။ နှစ်ယောက် တွေ့တယ်။ ကျန်တစ်ယောက် မတွေတော့ ချောင်းပတ်ကုန်းမှာ ကိုယ့်သမီးများ ဖြစ်မလား ဆိုပြီးရင် သွားစုံစမ်းကြည့်တယ်။ ကုန်းကရွာနဲ့ နီးတဲ့အခါကျတော့ ကျမယောကျာ်းက အိမ်ကို ပြန်ပြေးလာပါတယ်။ လမ်းရောက်တဲ့အခါကျတော့ ကိုယ့်သမီးအဝတ်တွေက ဘယ်လိုဟာလည်းလို့ မေးပါတယ်။ အကျႌအဝါဝတ်ထားတယ်။ အဲဒီလို ပြောပြတဲ့အခါကျတော့ အကျႌတထည်၊ ဖိနပ်တစ်ရံမြင်ခဲ့တယ်လို့ ပြောပါတယ်။”ဟု မခင်အေး၏ မိခင်က ပြောပြသည်။

ရွာလူကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့သည် အသံကြားသည့်ဖက်သို့ လိုက်လံရှာဖွေခဲ့ကြရာ အဓမ္မပြုကျင့် ခံထားရသည့် ယင်းအမျိုးသမီးငယ်ကို ၎င်းတို့နေထိုင်သည့် အမ်းမြို့၊ စျေးတောင်ရပ်ကွက်အနီးချောင်းစပ်တွင် တွေ့ခဲ့ရပြီး ကျူးလွန်သူနှစ်ဦးအနက်မှ တစ်ဦးကိုလည်း အခင်းဖြစ်သည့် နေရာတွင်ပင် ဖမ်းဆီးနိုင်ခဲ့သည်ဟု အမ်းမြို့နယ်ရဲတပ်ဖွဲ့မှ သိရှိရသည်။
ကျူးလွန်သူနှစ်ဦးမှာ အမ်းမြို့နယ် ကမ်းဒိတ်ကျေးရွာမှ ကိုမောင်သောင်းဖေ (၂၅) နှစ်နှင့် ကိုသက်ပြင်း (၂၂) နှစ် တို့ ဖြစ်ကြောင်း သိရှိရသည်။ လက်ရှိတွင်မူ ကျူးလွန်သူများကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ (မုဒိန်းမှု) ၊ ၁၁၄ (ပြစ်မှု ကျူးလွန်ရန် အားပေးမှု) စသည်တို့ဖြင့် အမှုဖွင့်လှစ်ထားသည်။

“ရွာက လူတွေလည်း ဝိုင်းပြီး ဖမ်းမိတဲ့အခါကျတော့ တစ်ယောက်က လွတ်သွားပါတယ်။ သမီးကလည်း ခန္ဓာကိုယ် တစ်ခု လုံးမှာ ဘာအဝတ်စားမှ မရှိဘူးလို့ ပြောကြပါတယ်။ စိတ်တော့ ဒုက္ခဖြစ်ရပါတယ်။ ကိုယ့်သမီးလေး မသန်စွမ်း တစ်ယောက်ကို နှိပ်စက်ကြတာတော့ အန်တီ မကျေနပ်တာ တစ်ခုပဲ ရှိတာပါ။”ဟု မခင်အေး၏ မိခင်က ဝမ်းနည်းစွာဖြင့် ပြောပြသည်။

အမ်းမြို့ဒေသခံ လူမှုရေး တက်ကြွလှုပ်ရှားသူ ကိုမျိုးလွင်ကမူ အမ်းမြို့နယ်တွင် အစိုးရ၏ ဥပဒေစိုးမိုးမှု အနေအထားမှာ အတော်လေး အားနည်းကြောင်း တွေ့လာရပြီး ယင်း အနေအထားကြောင့်လည်း အသက်မပြည့်သေးသည့် အမျိုးသမီး ငယ်များ ပစ်မှတ် ထားလာရခြင်းဖြစ်ကြောင်း ဝေဖန်သည်။

“မြို့ပေါ်မှာတောင် အသက်မပြည့်တဲ့ လူငယ်အမျိုးသမီး တစ်ဦးကို အုပ်စုဖွဲ့ပြီး မုဒိမ်းကျင့်ခံရတယ်ဆိုရင် မြို့နယ်တွေမှာ ပိုပြီးတော့ မလုံခြုံဘူးလို့ ခံစားရပါတယ်။ အမ်းရဲ့အနေအထားက ဥပဒေစိုးမိုးမှုက ဒီမုဒိမ်းမှုတစ်ခုတည်း မဟုတ်ဘူး။ ကျန်တဲ့ အမှုတွေမှာလည်း ဥပဒေစိုးမိုးမှုတွေ မရှိတော့ဘူး။ ဘာအရေးကိစ္စကိုမဆို အစိုးရဘက်ကို တိုင်ကြားလို့ ထိထိရောက်ရောက် လုပ်ဆောင်ချက်တွေ မရှိတော့ပါ။ ဒါကြောင့် ဒီအမျိုးသမီးတွေအပေါ်မှာ ပစ်မှတ်ထားလာတယ်လို့ ကျနော်တို့ မြင်လာရတယ်ပေါ့နော်။ ဒီအမှုက မိဘတွေကိုယ်တိုင် ဒေသခံတွေနဲ့ ဝိုင်းဝန်းပြီးတော့ ဖမ်းလို့သာလျှင် ဒီလူကို မိတာပါ။ ရဲကသာ ဖမ်းမယ်ဆို မိဖို့က မလွယ်ပါဘူး။” ဟု ဝေဖန်သည်။

Photo: Htoo/Arakan Yoma

ယင်းမတိုင်မီ နိုဝင်ဘာလ ၂၉ ရက်နေ့ကလည်း ပေါက်တောမြို့နယ်တွင် သက်ငယ်မုဒိန်းမှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။ အသက် (၁၂) နှစ်သာ ရှိသေးသည့် မူဆလင်ဒုက္ခသည် အမျိုးသမီးငယ်ကို အသက်ကြီး အမျိုးသားသုံးဦးက ကျူးလွန်မှု ဖြစ်သည်။ နစ်နာသူ အမျိုးသမီးငယ်သည် ပေါက်တောမြို့နယ် အနောက်ရဲကျေးရွာမှ ငှက်ချောင်းကျေးရွာ မူဆလင် ဒုက္ခသည် စခန်းသို့ သွားရောက်ပြီး နေအိမ်တစ်အိမ်တွင် အိမ်ဖော်လုပ်ကိုင်နေသူ ဖြစ်သည်။

ထိုသို့ လုပ်ကိုင်နေရင်း တစ်နေ့တွင် တစ်ခြားအိမ်တစ်အိမ်သို့ အလည်သွားရာ ငွေကျပ် ၁၂ သိန်းခိုးယူသည်ဟု စွပ်စွဲ ခံရပြီးနောက် ငွေပိုင်ရှင်ဆိုသူ မော်လဝီဆရာနှင့် အပေါင်းအပါနှစ်ဦးက မုဒိန်းမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း နစ်နာသူ အမျိုးသမီးငယ်၏ မိသားစုထံမှ သိရှိရသည်။

နစ်နာသူ အမျိုးသမီးငယ်နှင့် ဦးရီးတော်စပ်သူ ဦးမောင်နုက “အဲကောင်မလေးက အနောက်ရဲက ရောက်လာပြီး (ငှက်ချောင်း ဒုက္ခသည်စခန်းက) အမိရ်ဟူးစောင် အိမ်မှာနေပါတယ်။ အိမ်ဖော် အဖြစ်နေခဲ့တာပါ။ ၂ လလောက် နေပြီး တော့မှ ဟစ်ဒအာလီ ဆိုတဲ့လူရဲ့ အိမ်မှာ အလည်သွားတယ်လို့ ဆိုပါတယ်။ သူ့ကို ငွေခိုးတယ်ဆိုပြီး စွပ်စွဲကြတယ်လို့ ဆိုပါတယ်။ ငြင်းတော့လည်း အမိရ်ဟူးစောင်ရဲ့ အိမ်ကနေ အုပ်ချုပ်ရေးမူး ရွှေလဆိုတဲ့ အိမ်မှာ ခေါ်ယူခဲ့တယ်တဲ့။ ရွှေလ အိမ်မှာ ခေါ်ပြီးရင် နှိပ်စက်တယ်။ ရိုက်နှက်ကြပါတယ်တဲ့။”ဟု ဖြစ်စဉ်ကို အသေးစိပ် ပြောပြသည်။

ဆက်လက်၍ ဦးမောင်နုက “မိဘတွေဆီမပို့ဘဲ အာမိရ်ဟူးစောင် အိမ်ကို ပြန်ပြီးအပ်တယ်။ အာမိရ်ဟူးစောင်နဲ့ အုပ်ချုပ်ရေးမှုးနဲ့ သတ်တာပါ (ရိုက်နှက်ထိုးကြိတ်သည့် အမှုပြုခြင်းတို့အားလည်း ရခိုင်ဒေသယိစကားပြောတွင် သတ်သည်ဟူ၍လည်း ပြောကြသည်) ။ အာမိရ်ဟူးစောင် အိမ်ကနေ ရွှေလက ခေါ်ယူသွားပြီးတော့ တစ်ညလုံး ကြိုးတွေတုတ်ပြီး ခြောက်ပေါက်မှာ ထည့်ထား ပါတယ်တဲ့။ ခြိမ်းခြောက်ပြီးရင် ဓားနဲ့ ထိုးပါတယ်။ ပြီးတော့ ငွေရှင်ကို ပြန်ပြီး အပ်လိုက် ပါတယ်တဲ့။ အဲကောင်မလေးကို မုဒိန်းလည်း ကျင့်ပါတယ်။” ဟု ပြောပြသည်။

ကျူးလွန်ခံရသူ အမျိုးသမီးငယ်မှာ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတချို့ ရရှိခဲ့သည့်အတွက် Save The Children နှင့် UNICEF စသည့် INGO အဖွဲ့တချို့၏ အကူအညီဖြင့် စစ်တွေမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိနေပြီး ကျူးလွန် သူများကို ပေါက်တောမြို့နယ်ရဲစခန်းတွင် တိုင်တန်းထားကြောင်း မိသားစုဝင်များက ဆိုသည်။ အမှုဖွင့်ထားသည့်အနက် ရာဇသတ်ကြီး ဥပဒေပုဒ်မများဖြစ်သည့် ၃၂၃ (သာမန်နာကျင်စေမှု)၊ ၃၄၂ (ချုပ်နှောင်မှု)၊ ၃၇၆ (မုဒိန်းမှု)၊ ၃၅၄ (ကာယိအိန္ဒြေ ပျက်ပြားစေမှု)၊ ၁၄၄ (ပြစ်မှုကျူးလွန်ရန်အားပေးမှု) တို့ပါဝင်ကြောင်း ရခိုင်အခြေစိုက် သတင်းဌာနများ၏ တချို့ သတင်းများတွင် မြင်တွေ့ရသည်။

အမှုဖွင့်ပြီး နောက်ပိုင်း ကျူးလွန်သူများက နစ်နာသူ၏ မိသားစုဝင်များကို တုတ်၊ ဓါးများဖြင့် လာရောက်ခြိမ်းခြောက်မှုများ ရှိနေကြောင်း ဦးမောင်နုက Arakan Yoma သို့ ပြောသည်။ ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့ကမူ ကျူးလွန်သူများကို ဖမ်းဆီးရန် ဒီဇင်ဘာလ ၂၅ ရက်နေ့က အခင်းဖြစ်ပွားရာသို့ သွားရောက်ခဲ့ရာ တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပေါက်တော မြို့နယ် ရဲစခန်းမှူး ဒုရဲမှူးလှဌေးက ရခိုင်ဒေသတွင်း အခြေစိုက် Western News အွန်လိုင်းသတင်း စာမျက်နှာသို့ ဖြေကြားခဲ့သည်ကို ဖတ်ရှုရသည်။

Photo: Htoo/Arakan Yoma

ရခိုင်ပြည်နယ်မှာ သက်ငယ်မုဒိန်းမှု ယခင်နှစ်ကထက် ၄ ဆပိုတိုးလာကြောင်း ဥပဒေရေးရာကုစားရေးရုံး (LCM) ရဲ့ ရခိုင် ပြည်နယ် ရုံးခွဲမှ ကောက်ယူ ထားသည့် စာရင်းဇယားများအရ သိရသည်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က သက်ငယ်မုဒိန်းမှု ၅ မှု သာရှိခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် အမှုပေါင်း ၂၀ အထိရှိလာခဲ့ခြင်းလည်း ဖြစ်သည်။ ယင်းအနက် စစ်တွေခရိုင်တွင် ၁၁ မှုနှင့် ကျောက်ဖြူ ခရိုင်တွင် ၉ မှုရှိခဲ့ခြင်းလည်း ဖြစ်သည်။ ယင်းသို့ တိုးလာနေချိန်သည် ရခိုင်ဒေသအတွင်း တပ်မတော်နှင့် ရခိုင့် တပ်တော် အေအေ အဖွဲ့တို့ကြား လက်နက်ကိုင် ပဋိပက္ခ တင်းမာနေသည့် အချိန်လည်း ဖြစ်သည်။

ဥပဒေရေးရာကုစားရေးရုံး (LCM) ရဲ့ ရခိုင်ပြည်နယ်ရုံးခွဲမှ ကောက်ယူထားသည့် စာရင်းဇယားများအရဆိုလျှင် ယင်း အမှုများထဲမှ ၁၆ မှုမှာ တရားခံမိထားပြီး ကျန်တဲ့ ၄ မှုတွင် ကျူးလွန်သူ ထွက်ပြေးလွတ်မြောက်နေကြောင်း ဆိုထားသည်။ တချို့ရှေ့နေများကမူ အသက် (၁၈) နှစ် မပြည့်သေးသူကို အဓမ္မမှု ကျူးလွန်ကြောင်း ထင်ရှားလျှင် သက်ငယ် မုဒိန်းမှု မြောက်ကြောင်း ဆိုကြသည်။

အထက်ပါ ဖြစ်စဉ်များအပြင် ပေါက်တောမြို့နယ် သဲခုံကျေးရွာတွင် အောက်တိုဘာလ ၁၁ ရက်နေ့က အသက် (၁၇) နှစ် အရွယ် အိမ်ထောင်ရှိ အမျိုးသမီးငယ်တစ်ဦးကို အမျိုးသားဖြစ်သူ၏ အစီစဉ်ဖြင့် ၎င်း အပါအဝင် အပေါင်းအပါ ၈ ဦးတို့ က အုပ်စုဖွဲ့ မုဒိန်းမှု တစ်ခုလည်း ရှိခဲ့သည်။ ယင်းဖြစ်စဉ်တွင်မူ ကျူးလွန်သူများကို ရခိုင့်တပ်တော် AA အဖွဲ့က ဖမ်းဆီး သွားကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

Photo: Htoo/Arakan Yoma

ထို ဖြစ်စဉ်သာမက ပြည်သူများက လက်ညိုးထိုး အပြစ်ပြောစရာ ပြစ်မှုတစ်ခုလည်း ရှိနေခဲ့သေးသည်။ ယင်းသည် သက်ငယ် မုဒိန်းမှုတော့ မဟုတ်။ နိုင်ငံတော်၏ လုံခြုံရေးကို တာဝန်ယူနေကြသော တပ်မတော်သားများက စစ်မြေပြင် အတွင်း ခိုကိုးရာမဲ့နေသော အမျိုးသမီးကို အုပ်စုဖွဲ့ပြီး အဓမ္မပြုကျင့်ခဲ့ခြင်းပင် ဖြစ်သည်။ ရှေ့တန်း ထွက်လာကြသည့် တပ်မတော် သားများထဲမှ သုံးဦးက ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှ အသက် (၃၆) နှစ် အရွယ်အမျိုးသမီးကို ကျူးလွန်ခဲ့ကြသည်။ ယင်းအမျိုးသမီးသည် ကလေး ၄ ယောက် မိခင်လည်း ဖြစ်သည်။ ယင်းအမျိုးသမီးကို သာမက ကလေး မွေးပြီး ၆ ရက်သာ ရှိသေးသည့် အဆိုပါအမျိုးသမီး၏ သမီးဖြစ်သူကိုလည်း ပြုကျင့်ရန် ကြံစဉ်ခဲ့ကြသည်။ ယင်း အမှုကိုတော့ ၆ လခန့်အကြာတွင် စီရင်ချက်ချမှတ်နိုင်ခဲ့ပြီး ကျူးလွန်သည့် တပ်မတော်သားများကို စစ်တွေမြို့ အရပ်ဖက် အကျဉ်းထောင်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်အနှစ် ၂၀ စီ ချမှတ်ထားပြီး ဖြစ်သည်။

စောစံငြိမ်းသူ ဦးဆောင်သည့် အင်္ဂလိပ်ဝေါဟာရ အတိုကောက်အားဖြင့် RWIO ခေါ် ရခိုင့်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ ဆိုလျှင် အမျိုးသမီးများနှင့် ပတ်သက်သည့် အကြမ်းဖက်မှုများကို နှစ်စဉ်နှစ်တိုင်း စောင့်ကြည့်လျက်ရှိသည်။ မုဒိန်းမှုနှင့် ပတ်သက်ပြီး ပြောရမည်ဆိုလျှင် ၂၀၂၀ ပြည့်နှစ်တွင် ပေါက်တောမြို့နယ်တွင် အများဆုံး ဖြစ်ပွားသည်ကို တွေ့ရကြောင်း ဆိုသည်။ ဖြစ်ပွားရသည့် အကြောင်းအရင်းများမှာ အရက်အပါအဝင် မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ ဆင်းရဲ မွဲတေခြင်း၊ ဒေသ အခြေအနေ မလုံခြုံခြင်း စသည်တို့ ပါဝင်ကြောင်း ဆိုသည်။

Photo: Htoo/Arakan Yoma

“၆ နှစ်တာကာလ အတွင်းမှာဆိုရင် ဖြစ်ပျက်တဲ့ မုဒိန်းမှု အများအပြားဟာ ပေါက်တောမြို့နယ်မှာ အများဖြစ်ပါတယ်။ အဲဒီ ထဲမှာမှ ပေါက်တောမြို့နယ်ထဲမှာမှ ဒီသက်ငယ်မုဒိမ်းမှု ဆိုရင် အများကြီး ဖြစ်ပါတယ်။ ကျွန်မတို့လည်း အဲဒီကနေ ၂၀၁၇၊ ၂၀၁၈ ဝန်းကျင်မှာလည်း ကျွန်မတို့ စဉ်းစား မိနေတယ်။ ဒီကိစ္စဟာ ပေါက်တောမြို့နယ်မှာ ပိုပြီးတော့ အဖြစ်များတဲ့ အပေါ်မှာ လည်း ကျမတို့ စဉ်းစားချက်တွေ ရှိပြီးရင် အဲဒါကို ဘယ်လို စစ်တမ်း ကောက်နိုင်မလဲ။ ဘယ်လို သုတေသန ပြုနိုင်မလဲ။ ဆိုပြီးတော့ စဉ်းစားနေတာ ရှိပါတယ်။ တရားဝင် ဒီလို စစ်ဆေးမှုတွေနဲ့ စနစ်တကျ လိုက်လုပ်နိုင်တဲ့ အနေ အထား မရှိသော်လည်း ဒေသခံတွေရဲ့ ကောလဟာလ ပုံစံမျိုးနဲ့ ပြောတဲ့စကားအရ ဆိုရင် ကြားလိုက်ရတာက အရက်ဗူး တစ်ခုမှာဆိုရင် စိတ်ကြွစေတဲ့ အရက်ပုလင်း တစ်လုံးလောက်ပါတယ်လို့ ပြောပါတယ်။ အဲလိုဟာတွေသည် ပေါက်တော မြို့နယ်ကို ပိုပြီးတော့ ရောက်တယ်လို့ ကြားပါတယ်။ အဲဒါတော့ ကျမတို့ တရားဝင် ပြောလို့မရပါဘူး။ တရားဝင် ပြောလို့ မရသော်လည်း ဒီလို အရပ်သားတွေရဲ့ ထွက်ပေါ်လာတဲ့ စကားအရ ဆိုလို့ရှိရင် ပေါက်တောမြို့နယ်မှာ မုဒိမ်းမှုတွေ များပြားရခြင်းသည် အရက်ပုလင်းတွေမှာ စိတ်ကြွစေတဲ့ ပုလင်း တစ်လုံးလောက်ပါတယ်။ အဲဟာတွေကို သောက်မိရင် ဖြစ်တယ်လို့ပဲ ယူဆရတယ် ဆိုပြီးတော့ ပြောကြတာရှိပါတယ်။ ရခိုင်ဒေသအတွင်းမှာ အမျိုးသမီးတွေကို အကြမ်း ဖက်မှုတွေ ယခုချိန်အထိ များပြားနေရတဲ့ အကြောင်းအရင်းကတော့ တစ်ဘက်မှာလည်း စီးပွားရေးတွေ အခက်အခဲ အကျပ်အတည်း အခြေအနေတွေမှာ ပိုပြီးတော့ လုံခြုံမူကင်းမဲ့စေတဲ့ အနေအထားတွေကို ဖြစ်စေတယ်။ ဆင်းရဲနွမ်းပါးတဲ့ အိမ်တွေမှာ ဆိုရင် များသောအားဖြင့်က အသက်မပြည့်တဲ့ သားသမီးတွေကိုအိမ်မှာ ထားခဲ့ပြီးတော့ မိဘတွေက တော၊ တောင်တွေကို သွားလာ လှုပ်ရှား လုပ်ကိုင်စားသောက်ရတဲ့ အခြေအနေတွေမှာလည်း လုံခြုံမှု မရှိတဲ့ အကြောင်းကြောင့် အဓမ္မ ပြုကျင့်ခံရတဲ့ အနေအထားတွေ ရှိပါတယ်။ ဆိုတော့ စီးပွားရေး အကျပ်အတည်း အခက်အခဲတွေ သက်ရောက်မှု ရှိတယ်လို့ ကျမတို့ ယူဆပါတယ်။” ဟု စောစံငြိမ်းသူက ထောက်ပြသည်။

ရခိုင်ပြည်နယ်အတွင်း ဒေသတည်ငြိမ်မှု ဆုတ်ယုတ်လာပြီးနောက် တရားဥပဒေ စိုးမိုးမှုအပိုင်းတွင် အားနည်းသွားသည့် အတွက် မုဒိန်းမှု အပါအဝင် မှုခင်းများ ဖြစ်ပွားသည့်အခါ ရဲတပ်ဖွဲ့သို့ သွားရောက် တိုင်တန်းသော်လည်း အရေးတယူ ဆောင်ရွက် မပေးခြင်းကြောင့် နောက်ပိုင်းတွင် မည်သည့် အဖွဲ့အစည်းကို သွားရောက် တိုင်တန်းရမည်ဆိုသည်ကို မသိရှိသည့် အနေ အထားများကို ပြည်သူက ကြုံလာရခြင်းမှာလည်း ကျူးလွန်သူများကို ထပ်မံကျူးလွန်ရန် အခွင့်အရေးပေးရာ ရောက်ကြောင်း ယူဆသူများလည်း ရှိသည်။

ထိုသို့ ပြစ်မှု ကျူးလွန်ခြင်းများ ထပ်မံမဖြစ်ပွားရလေအောင်၊ လျော့နည်းလာအောင် ဥပဒေရေးရာ အပိုင်းများတွင်လည်း ပြင်ဆင် ဖြည့်စွက်ခြင်းများ လိုအပ်နေသလို တစ်ဖက်တွင်လည်း အသိပညာပေးမှုများ၊ Sex Education ဟု ခေါ်သည့် လိင်ပညာပေးမှုများနှင့် ကလေးသူငယ် အခွင့်အရေးများကို နားလည် သဘောပေါက်လာအောင် ဆောင်ရွက်မှုများလည်း လိုအပ်နေသည်။ ယင်းအပြင် ထိုသို့ပြစ်မှုများ မဖြစ်ပွားရအောင်နှင့် ဖြစ်လာလျှင် မည်သို့ ဆောင်ရွက်မည်ကို အကူအညီ ပေးမည့် အဖွဲ့အစည်းများလည်း များလိုအပ်နေကြောင်း သက်ငယ် မုဒိန်းမှုများနှင့် ပတ်သတ်၍ စစ်တမ်းကောက် မှုများ ပြုလုပ်နေသည့် ဥပဒေရေးရာကုစားရေးရုံး၊ ရခိုင်ပြည်နယ်ရုံးခွဲတာဝန်ရှိသူ ဒေါ်မြသူဇာက ပြောသည်။

“ကလေးသူငယ် အခွင့်အရေး Child right law ၊ CRC Convention စသဖြင့်ပေါ့ ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ တွေကို အခွင့် အရေးတွေကို မလေးစားလို့ဖြစ်တယ်။ နောက်တချက်ကတော့ ချဉ်းကပ်ရ လွယ်ကူတယ်။ နောက် တစ်ချက်က အရက်သေစာ သောက်စားမူ၊ မူးယစ်ဆေးဝါး သောက်စားမူတွေကြောင်းလည်း မုဒိန်းမှုတွေ ဖြစ်ဖို့အတွက် ပိုပြီးတော့ ပံ့ပိုးစေတယ်ပေါ့။ ပြီးတော့ အင်တာနက် ဆိုရှယ်မီဒီယာတွေမှာ ညစ်ညမ်း ဗွီဒီယိုတွေ၊ ပုံတွေပေါ့လေ စသဖြင့် အဲပုံတွေကြောင်း ဒီသက်ငယ်မုဒိမ်းမူတွေဖြစ်ဖို့တွက်ပိုပြီးတော့ ပံ့ပိုးစေတယ်။ နောက်တစ်ချက်က အမတို့ မြန်မာနိုင်ငံမှာ ဆိုရှယ် Education learn ပညာပေးမူနဲ့ ပတ်သတ်ပြီးရင် အားနည်းတယ်။ စတဲ့ အချက်တွေကြောင်းလည်းနေပြီးတော့ ဒီလို ပံ့ပိုးမူတွေဖြစ်စေတယ်။ နောက်တစ်ချက်ကနေပြီးတော့ လက်ရှိ ဥပဒေမှာ ပြဌာန်းထားတဲ့ ပြဌာန်းချက်တွေကိုသိရှိမူ့ အားနည်းတဲ့အတွက်ကြောင့်လည်း ဒီပံ့ပိုးမူတွေကို ဖြစ်စေတယ်။ ပြီးတော့ ဒီဟာတွေကို မဖြစ်ရအောင် စောင့်ကြည့်၊ ကာကွယ်ပေးဖို့ စသဖြင့် ယန္တရားတွေ မရှိတဲ့အတွက် ကြောင်းလည်း နေပြီးတော့ ဒီသက်ငယ် မုဒိမ်းမူကို ဖြစ်ဖို့အတွက် ပံ့ပိုး ပေးစေတယ်။”

ကျူးလွန်သူတွေကို စစ်ဆေးကြည့်ရာတွင် အိမ်နီးနားချင်း၊ ဆွေးမျိုးအရင်းအချာများ ပါဝင်သည့်အတွက် အယုံ မလွယ်ကြဖို့ လည်း တိုက်တွန်းကြသည်။ ယင်းအပြင် အမျိုးသမီးငယ်တွေကိုသာမက ယောက်ျားငယ်တွေကိုပါ ပစ်မှတ်ထားလာမှု တွေလည်း ရှိလာကြောင်း သိရသည်။ ယင်းသို့ မိသားစုဝင် အချင်းချင်း ဖြစ်ပွားလာသည့် အမှုများတွင်မူ အရှက်ရမှုများ မဖြစ် လာရအောင် နှစ်ဦးနှစ်ဖက် ကြေအေး လိုက်ကြသည်များလည်း ရှိသည်။

“ကျူးလွန်ခံရတဲ့ အမျိုးသမီး တစ်ယောက်အနေနဲ့ ကိုယ့်ဟာကို ကျူးလွန်ခံရတယ်ဆိုရင်ပဲ မသန့်မရှင်းသလို ခံစား သွားရတာတွေ ရှိတယ်။ တစ်ဖက်မှာကလည်း ပတ်ဝန်းကျင်ကို ရင်ဆိုင်မဲ့ အခက်အခဲအများကြီးရှိပါတယ်။ ဘာလို့ဆို ပတ်ဝန်း ကျင်က ကျူးလွန်ခံရတဲ့ အမျိုးသမီး ကိုသာ ရှက်စရာဆိုတဲ့ အဖြစ်နဲ့ ခံယူသွားပြီးရင် တကယ်တန်း ရှက်ရမယ့် သူက ကျတော့ ကျူးလွန်သူတွေသာ ဖြစ်ပါတယ်။”ဟု စောစံငြိမ်းသူက အကြံပြုသည်။

 868 total views,  1 views today