Arakan Yoma|

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကထက် ၂၀၂၀ ပြည့်နှစ်တွင် သက်ငယ်မုဒိန်းမှု ၄ ဆ ထက် ပိုတိုးလာကြောင်း ဥပဒေရေးရာ ကုစားရေးရုံး၊ ရခိုင်ပြည်နယ်ရုံးခွဲမှ ကောက်ယူထားရရှိထားသည့် စာရင်းဇယားများကို တာဝန်ရှိသူများက ပြောပြသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် သက်ငယ်မုဒိန်းမှု ၅ မှု သာရှိခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ၁၅ မှု ပိုတိုးလာခဲ့ကာ စုစုပေါင်း အမှု ၂၀ အထိ ရှိလာခဲ့သည်။ စစ်တွေခရိုင်တွင် ၁၁ မှုနှင့် ကျောက်ဖြူခရိုင်တွင် ၉ မှုရှိခဲ့ခြင်းလည်း ဖြစ်သည်။ စစ်တွေခရိုင်တွင် စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ ပါဝင်သည့်အနက် ပေါက်တောမြို့နယ်တွင် အများဆုံး ရှိခဲ့သည်ဟု ဆိုသည်။

ကျောက်ဖြူ ခရိုင်တွင်မူ ကျောက်ဖြူအပါအဝင် ရမ်းဗြဲ၊ မာန်အောင်နှင့် အမ်းမြို့နယ်တို့ပါဝင်သည်။

အဆိုပါ အမှုများထဲမှ ၁၆ မှု တွင်မူ တရားခံ မိထားခဲ့ပြီး ကျန် ၄ မှုတွင်မူ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ပေ။ ယင်းစာရင်းများမှာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ ကောက်ယူ ရရှိထားခြင်းဖြစ်ကြောင်း ဥပဒေရေးရာကုစားရေးရုံးက ရခိုင်ပြည်နယ်ရုံးခွဲ တာဝန်ရှိသူ ဒေါ်မြသူဇာက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့က ပေါက်တောမြို့နယ် သဲခုံကျေးရွာတွင် အိမ်ထောင်ကျနေသည့် (၁၇) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို အမျိုးသားဖြစ်သူအပါအဝင် အပေါင်းအပါ ၈ ဦး က အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့သို ယင်းမြို့နယ် အတွင်းတွင်ပင် နိုဝင်ဘာလ ၂၉ ရက်နေ့မှာလည်း ငှက်ချောင်းကျေးရွာတွင် သွားရောက်ပြီး အိမ်ဖော်အဖြစ်လုပ်ကိုင်နေတဲ့ (၁၂) နှစ်အရွယ် မူဆလင်ဒုက္ခသည် အမျိုးသမီးငယ်တစ်ဦး အမျိုးသားသုံးဦး၏ ပြုကျင့်မှုခံခဲ့ရပြန်သည်။

ယင်းအပြင် ဒီဇင်ဘာလ ၂၁ ရက်နေ့ကလည်း အမ်းမြို့တွင် ၁၆ နှစ်အရွယ် ဆွံ့အနားမကြားသည့် မသန်စွမ်းအမျိုး အမျိုးသမီးငယ်တစ်ဦး ထပ်မံပြုကျင့်ခံခဲ့ရသည်။ ထိုသို့ အမျိုးသမီးများကို ပြုကျင့်မှုသာမက ယောက်ျားလေးငယ်များကို ပစ်မှတ်ထားလာမှု လည်း ရှိခဲ့သည်။ ဥပဒေရေးရာ ကုစားရေးရုံး၏ စာရင်းတွင် ယောက်ျားလေးကို ပြုကျင့်သည့် ဖြစ်စဉ်တစ်ခု ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ယခုကဲ့သို့ မုဒိန်းမှုများ များပြားလာရခြင်းသည် အရက်သေစာ သောက်စားမှုများပြားလာခြင်း၊ လူမှုစီးပွားရေး အခြေအနေ ကျဆင်း လာခြင်းနှင့် တရားဥပဒေ စိုးမိုးရေးအပိုင်းတို့တွင် အားနည်းချက်များ ရှိလာခြင်းကြောင့် ဖြစ်သည်ဟု ရခိုင့် ရှေ့ဆောင် အမျိုးသမီးအဖွဲ့၊ ဥက္ကဌ စောစံငြိမ်းသူက ပြောသည်။

 540 total views,  1 views today