ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

တန်းတူအခွင့်အရေး မရခြင်းနှင့် လွတ်လပ်စွာ ပညာသင်ကြားခွင့် ဆုံးရှုံးနေသည့် အကြောင်းကို ပြောပြနေရင်း ငယ်ဘဝက အကြောင်းအရာ တချို့ပါလာသည်ကို သတိထားမိသည်။ ပြည်နယ်၏ မြို့တော်သည် သူ့ မွေးရပ်ဖြစ်ပြီး ယင်းမြို့တွင် နာမည်ကြီးသည်ဟု ဆိုကြသောအထက်တန်း ကျောင်းတွင် ဆယ်တန်းအောင်ခဲ့ကာ ယင်းမြို့ရှိ တက္ကသိုလ်မှ ဘွဲ့ယူခဲ့သည် ဆိုသည့် အကြောင်းတို့ပါသည်။

ယခင်နှင့် ယခုအခြေအနေမှာ များစွာပြောင်းလဲသွားပြီဟု ဆိုသည်။ ယခု မျိုးဆက်သစ်လူငယ်များမှာမူ ၎င်းတို့ ငယ်စဉ် ဘဝကလို မြို့ပေါ်ကျောင်းများတွင် ပညာသင်ကြားခွင့်ရရန်မှာ မလွယ်ကူတော့ဟု ဆိုသည်။ ယင်းအခြေအနေမှာ ၂၀၁၀ အလွန် စစ်တပိုင်း အစိုးရလက်ထက်မှ စတင်ခဲ့ခြင်းဟု သူက ရှင်းပြသည်။ သူဆိုသည်မှာ ရခိုင်မျိုးနွယ်စု ၇ မျိုးထဲတွင် ပါဝင်ပြီး မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင်လည်း တရားဝင် သတ်မှတ်ခံထားရသည့် လူမျိုးတစ်ခုထဲမှာ လူငယ်တစ်ဦး ဖြစ်သည်။

Photo: Htoo/Arakan Yoma

“ကျွန်တော် ကိုယ်တိုင် စစ်တွေ အ.ထ.က ၄ ကနေ ၁၀ တန်း အောင်တာကိုး။ စစ်တွေ တက္ကသိုလ်ကပဲ ကျွန်တော်လည်း ကျောင်းပြီး တာကိုး။ အခု generation မှာကျတော့ ကလေးတွေဟာ စောစောက ကျနော်ပြောသလို ၂၀၁၂ ခုနှစ် နောက်ပိုင်းကနေ စစ်တွေမှာရှိတဲ့ မြို့ပေါ်ကျောင်းတွေကို တက်လို့မရပါဘူး။ ကျွန်တော်တို့ပါတီ အနေနဲ့လည်း နည်းပေါင်းစုံ ကြိုးစားတယ်။ ဒါပယ်မဲ့လည်း အဆင်မပြေဘူး။” ဟု အသက် ၃၁ နှစ်အရွယ် ကမန်လူမျိုး ကိုတင်လှိုင်ဝင်းက ပြောပြသည်။

တိုင်းရင်းသားဖြစ်ပါလျက်နှင့် တန်းတူအခွင့်အရေးများ ဆုံးရှုံးလျက်ရှိရာ ၎င်းတို့လူမျိုးအတွက် တတ်နိုင်သည့်ဖက်မှ တိုက်ပွဲ ဝင်ရင်း ကိုတင်လှိုင်ဝင်းမှာ ကမန်လူမျိုးစုခေါင်းဆောင်များအနက် တစ်ဦး အပါအဝင်ဖြစ်လာပြီး လက်ရှိတွင် ကမန်အမျိုးသား တိုးတက်ရေးပါတီ၏ အထွေထွေ အတွင်းရေးမှူး တာဝန် ထမ်းဆောင်နေသူလည်း ဖြစ်သည်။

လွန်ခဲ့သည့် ၈ နှစ်ကျော် ကာလက ရခိုင်ပြည်နယ်တွင် လူမျိုးရေးအသွင်ဆောင် ပဋိပက္ခတစ်ခုဖြစ်ပေါ်ခဲ့သည်။ ယင်း အချိန်က အစ္စလာမ် ဘာသာဝင်တို့၏ နေအိမ်များမှာ မီးရှို့ခြင်းခံခဲ့ရသည်။ ယင်းအချိန်က ဦးသိန်းစိန် ဦးဆောင်သော အစိုးရ အုပ်ချုပ်စဉ် ကာလလည်း ဖြစ်သည်။ ယင်းအစိုးရသည် မြို့နှင့် ဝေးရာဒေသတို့တွင် သီးခြားစခန်းများ ဆောက်လုပ်လျက်ဖြစ်စေ၊ ယခင်ရှိနေဆဲ ကျေးရွာများတွင် အသွားအလာ ကန့်သတ်၍ဖြစ်စေ မူဆလင်များအား ထားရှိရန် အစီစဉ် ချမှတ်ခဲ့သည်။

ယင်း အစီစဉ်ထဲတွင် အစ္စလာမ်ဘာသာ ကိုးကွယ်သော်လည်း ရခိုင်တို့၏ ဘာသာစကားကို ပြောဆိုကြပြီး ရိုးရာ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းတို့မှာ အင်မတန်နီးစပ်သော ကမန်တိုင်းရင်းသားများလည်း ပါဝင်သွားသည်။ ယင်းနောက် ကမန်တို့မှာ မူဆလင်များနည်းတူ ပညာရေး၊ စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းစသည့် ကဏ္ဍအသီးသီးတွင် ခွဲခြားမှုများ ခံလာခဲ့ရတော့သည်။

“ရခိုင်ပြည်နယ်ထဲမှာကျတော့ ၂၀၁၀ ကာလ လောက်ထိ စစ်တွေ တက္ကသိုလ်တို့လို မြို့နယ်ခြားတွေမှာလည်း ရခိုင်နဲ့ တန်းတူ ပညာသင်ကြားလို့ရတယ်။ ပြီးတော့ ၂၀၁၂ ခုနှစ် ဒီရခိုင်ဒေသမှာ ပြဿနာတက်လာပြီးတဲ့ နောက်ပိုင်းမှာ ကမန်တွေဟာ ရခိုင်တွေနဲ့ တန်းတူ ပညာသင်ယူခွင့် လုံးဝမရှိတော့။ ကျောင်းတက်လို့ မရဘူး။ ပြီးတော့ ဆေးကုသလို့ မရဘူး။ ဒီတော့ ကျောင်းလည်းတက်လို့မရဘူး ဆေးကုသလည်းမရ။ ဒါဆိုရင် စီးပွားရေး လုပ်ကိုင်ရှာဖွေစားသောက်ဖို့ ဆိုတာကတော့ တွက်သာကြည့်ကြပါတော့။ တိုင်းရင်းသား ဖြစ်တယ်လို့သာဆိုတာ စာရွက်မှာပဲရှိတယ်။ ဥပဒေအရ တစ်ခုအခွင့်အရေးမှ ဒီကနေ့အထိ ခံစားရတယ်လို့ ကမန်စိတ်ထဲမှာ မရှိသေးပါ။” ဟု ကိုတင်လှိုင်ဝင်းက ဆိုသည်။

ယင်းခွဲခြားမှုများထဲက ၎င်းတို့ လွတ်မြောက်ရန် ကြိုးပမ်းလာခဲ့ကြသည်။ အုပ်ချုပ်နေသည့် အစိုးရကို တင်ပြဆွေးနွေးခြင်း၊ ဒေသနေ ရခိုင်တို့နှင့် ညှိနှိုင်းခြင်းစသည်တို့ကို ဆောင်ရွက်ခဲ့ကြောင်း ကမန် လူမျိုးစုခေါင်းဆောင်များက ပြောသည်။

သို့သော် အစိုးရနှစ်ဆက်ကုန်တော့မည်ဖြစ်သည့် ယခုအချိန်ထိ တာဝန်ရှိသူတို့၏ အကောင်ထည်ဖော်ဆောင်မှု အားနည်းခြင်းကြောင့် မအောင်မြင်ခဲ့ကြပေ။ မအောင်မြင်သည့်အဆုံး ၎င်းတို့သည် မည်သည့်နည်းလမ်းဖြင့် အလုပ်ဖြစ်မည်လဲကို စဉ်းစားလာကြသည်။

Photo: Htoo/Arakan Yoma

ယင်းမှာ နေရပ်စွန့်ခွာပြီး နယ်မြေသစ်တွင် နေထိုင်သည့်နည်းလမ်းမှာ ၎င်းတို့အတွက် အဆင်အပြေဆုံး ဖြစ်ဟန်တူသည်။ ကန့်သတ်ခံလိုက်ရပြီး နောက်ပိုင်းတွင် ကမန်တို့မှာ ရန်ကုန်အပါအဝင် မန္တလေးနှင့် တခြားပြည်နယ်နှင့် တိုင်းတချို့သို့ ပြောင်းရွှေ့သွားကြသည်။ ယခင်က လူဦးရေ ၄ သောင်းခန့်ရှိခဲ့သော ကမန်မျိုးနွယ်စုအထဲမှ ၂ သောင်းခန့်သာလျှင် ရခိုင်ပြည်နယ်တွင် ကျန်တော့သည်ဟု ကမန်အမျိုးသားတိုးတက်ရေးပါတီမှ သိရသည်။

“လူရဲ့ သဘာဝ လူဆိုတာတော့ ရေကြည်ရာ မြက်နုရာမှာ မိမိရဲ့ မိမိဘဝ၊ မိမိရဲ့ အနာဂါတ်ဟာ မသေချာရင်တော့ ပြောင်းရွှေ့ နေထိုင်ကြရတာပါ။ ခိုင်မာ သေချာတဲ့ အနာဂါတ်တစ်ခုကိုတော့ လိုချင်ကြတာကိုး။ အဲဒါကြောင့် ဘယ်လိုခေါ်မလဲ ဒီပုံစံအတိုင်း သွားရင်တော့ ရခိုင်မှာ လူကျန်မှာ မဟုတ်တော့ပါ။ ကမန်လို့ မဟုတ်ဘူး ရခိုင်လည်းမကျန်။”

စစ်တွေနှင့် သံတွဲတို့တွင် သီးခြားကျေးရွာများဖြင့် နေထိုင်နေကြသော်လည်း ကျောက်ဖြူတွင်မူ ကျောက်တစ်လုံး ကယ်ဆယ်ရေးတွင် နေထိုင်နေကြသည်ကို တွေ့ရသည်။ ရမ်းဗြဲတွင်ဆိုလျှင် ၁၀ ဦးတောင် မကျန်တော့ပြီဟု သိရကြောင်း ကိုတင်လှိုင်ဝင်းက ဆိုသည်။ လက်ရှိ ရခိုင်ပြည်နယ်ထဲတွင် ကျန်ရှိတော့သူ တချို့မှာလည်း ပိုမိုကောင်းမွန်သည့် အခွင့်အလမ်း ရရှိရန် ပြောင်းရွှေ့လိုသည့် ဆန္ဒရှိကြသော်လည်း ငွေကြေးပိုင်းဆိုင်ရာ လိုအပ်ချက်များရှိနေကြောင်း ဆိုကြသည်။

“ကျွန်တော်တို့ စစ်တွေမှာဆိုရင် သက်ကယ်ပြင်ရွာမ၊ သင်္ဂနက်၊ သာယာကုန်း ဒီရွာသုံးရွာကျန်တယ်။ မြို့ပေါ်မှာ ရှိတဲ့ ကမန် တချို့ကတော့ ရန်ကုန်ကို ပုံစံ အမျိုးမျိုးနဲ့ ပြောင်းရွှေလာကြတာတွေ ရှိတယ်။ ဒီလို ကျေးရွာထဲမှာ ရန်ကုန်ကို မပြောင်းနိုင်တဲ့ လူတွေကျတော့ ဒီကျေးရွာကိုပဲ ပြန်ပြီးတော့ အခြေချ နေကြတာလည်းရှိတယ်။”

ကမန်တို့သည် တိုင်းရင်းသားဖြစ်သည့်အတွက် နေရာပိုင်ဆိုင်မှုတွေနဲ့ ဆုံးရှုံးနစ်နာမှုများ ပြန်လည်ဖော်ဆောင်ပေးကြဖို့ လိုအပ်ကြောင်းနဲ့ ဥပဒေပါ အခွင့်အရေးကို ပေးရမယ်ဆိုပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင်လည်း အကြံပြုထားသည်။ သို့သော် အစိုးရ၏ အားနည်းချက်ကြောင့် ကမန်တို့၏ တောင်းဆိုမှုမှာ မအောင်မြင်ခဲ့ဟု ကိုတင်လှိုင်ဝင်းက ဆိုသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း ကျန်ရစ်နေထိုင်လျက်ရှိကြသည့် သံတွဲနှင့် စစ်တွေမှ လူငယ်များမှာမူ သူငယ်တန်းမှ အလယ်တန်း ရောက်သည်အထိ ကျေးရွာများတွင် ပညာသင် ကြားရသော်လည်း မူဆလင်များနှင့်အတူ ယှဉ်တွဲ သင်ကြား ကြရသည့်အတွက် ရခိုင်စကားပြောသည့် ၎င်းတို့မှာ ဘာသာစကား နားမလည်ခြင်း၊ အထက်တန်းနှင့် တက္ကသိုလ်အဆင့်ထိ ရောက်လာကြသော်လည်း လုံခြုံရေးအခြေအနေ စိုးရိမ်ရသည့်အတွက် ကျောင်းထွက်လိုက်ကြရခြင်း များစွာ ရှိကြောင်း သံတွဲမြို့နယ် ကျောင်းတိုက်ကျေးရွာနေ အသက် (၃၁) နှစ်အရွယ် ကမန်လူငယ် အမျိုးသမီးတစ်ဦး ဖြစ်သည့် မဆောင်းနှင်းဝေက ပြောသည်။

Photo: Htoo/Arakan Yoma

“စိတ်ပိုင်းဆိုင်ရာကို ဘယ်လိုထိ ထိခိုက်လည်းဆိုလို့ရှိရင် ခုလက်ရှိအမတို့ဆီမှာ ဖြစ်ဖျက်နေတဲ့ ဟို တစ်ခုကပေါ့ သူတို့ကကျတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တွေမှာလည်း အရမ်းကို ထိခိုက်သွားတာတွေ ရှိတယ်။ ဥပမာ ဟို ပညာတတ်လို့ ရှိရင်လည်း ကိုယ်တွေက ဘာအလုပ်မှ မရဘူး ။ ဥပမာဘွဲ့ရလည်း လယ်ထွန်မယ်။ ဘွဲ့ရလည်း ကောက်စိုက်ပဲ။ ဘွဲ့ရလည်း ဒီ ကြုံရာကျဘန်း အလုပ်လုပ်ပေါ့ ကိုယ့်အိမ်မှာ မိဘမှာ ရှိတဲ့ အလုပ်ကို လုပ်ပဲ ဆိုတဲ့ လူငယ်တွေက မြင်လာတဲ့ အချိန်မှာ ပညာသင်လိုချင်စိတ်သည် အရမ်းနည်းပါးလာတယ်။ ဟိုတခါတလေတွေမှာ ဆိုလို့ ရှိရင်လည်း အမတို့ ဒီခရီးသွား လိုရှိရင် ကြုံတွေရတယ်ပေါ့။ ကိုယ်က အစ္စလာမ်ဘာသာ ဆိုတဲ့ ဟာကိုတောင် လူငယ်တွေက ပြောဖို့ကို အဲလောက်ထိ ကြောက်လာကြတယ်။ ကြောက်လာကြတယ်ဆိုတာကို ကိုးကွယ်တဲ့ ဘာသာကို ဟို မယုံကြည်လို့ မဟုတ်ဘူး။ အစ္စလာမ်ဘာသာ ဆိုလို့ရှိရင် သူတို့က အရမ်းခွဲခြားထားတာတွေ ရှိတဲ့ အတွက် အဲဘာသာလို့ ပြောလို့ ရှိရင်သူများ ကပဲ ကိုယ့်ကို အထင်သေးတဲ့မျက်လုံးနဲ့ ကြည့်မလား ။ ကိုယ့်ကိုများဘယ်လို အနိုင်ကျင့်လိုက်မလဲ ဆိုတဲ့ ပုံစံလေးတွေ နဲ့ ကိုယ့်ဟာကို အစ္စလာမ်ဆိုတဲ့ ဟာကိုတောင် ကိုယ့်ဟာကို အားငယ်လာတဲ့ အနေအထားတွေ ရှိလာတယ်ပေါ့။ အဲဒါကတော့ စိတ်ဓာတ်ပိုင်း ဆိုင်ရာနဲ့ ပတ်သက်ပြီးလို့ရှိရင် အဲလိုမျိုးတွေ ခုလက်ရှိ လူငယ်တွေလည်း ဟို ကြုံတွေနေရတယ်။ အရင်က အမတို့ ဒီကျောင်းတက်တုန်းကလည်းအဲလိုမျိုး ကြုံတွေ့နေရတယ်ပေါ့။ အဲလိုမျိုးတွေတော့ရှိတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ။”

တချို့မှာ ဘွဲ့ရသည်အထိ သင်ကြားခွင့်ရခဲ့ကြသော်လည်း အစ္စလာမ်ဘာသာဝင် ဖြစ်နေသည့်အတွက် အလုပ်လျှောက်ခွင့် မရကြခြင်းနှင့် ကျန်းမာရေးအခြေအနေများ ကြုံရသည့်အခက်လည်း ခွဲခြားဆက်ဆံမှုများကို များစွာကြုံ ကြရပြန်ကြောင်း ထပ်လောင်း ပြောပြသည်။ ယင်းအပြင် လွတ်လပ်စွာ ခရီးသွားလာခွင့်မှာလည်း လက်ရှိအချိန်ထိ ပြည့်ပြည့် ဝဝ မရသည်များ ရှိကြောင်းဆိုသည်။

“အစိုးရဌာနပိုင်း ဆိုင်ရာတွေမှာ အလုပ်လျှောက်တဲ့ အချိန်မှာကျလို့ရှိရင် ကမန် အစ္စလာမ်ဆိုလိုရှိရင် လက်မခံကြတာမျိုး။ ပညာရေးဌာနပေါ့ ကျောင်းဆရာ၊ ဆရာမတွေကကျတော့ လျှောက်လို့ရတယ်။ ဒါပေမဲ့ တခြားဌာနပိုင်းဆိုင်ရာတွေမှာ ဆိုလို့ရှိရင် ကမန်-အစ္စလာမ်ဆိုလို့ရှိရင် လက်မခံတဲ့ အနေအထားတွေ ရှိတယ်။ ပြီးတော့ ဟိုတယ်လုပ်ငန်းတွေမှာပေါ့နော် ငပလီမှာရှိတဲ့ ဟိုတယ်တွေမှာ ဆိုလို့ရှိရင် တချို့တချို့သော ဟိုတယ်တွေမှာ အစ္စလာမ်ဆိုလို့ရှိရင် လျှောက်လို့ မရတာတို့ အဲလိုမျိုးတွေ ခွဲခြားဆက်ဆံတာတွေ ရှိတယ်။ ခုလက်တလောမှာ နောက်တစ်ပိုင်းအနေနဲ့ကျတော့ အမတို့ဒီ ကိုးကွယ်တဲ့ ဘာသာအပေါ်မှာကျတော့ အမတို့ ဒီ ၂၀၁၂ က ပဋိပက္ခဖြစ်စဉ်မှာ ဗလီတွေ မီးရှို့ဖျက်စီးခံရတာတွေ ရှိတယ်။ အဲဒီရဲ့ဟာတွေကို ပြန်ပြင်ဖို့အတွက်အခွင့်ရေးမရဘူးပေါ။”

စစ်တွေမြို့နယ်မှ အသက် ၂၆ နှစ်အရွယ် ကမန်လူငယ် မအေးမြကမူ ၎င်းတို့အနီးတဝိုက်ကျေးရွာမှ ရခိုင်ကျေးရွာများတွင် လျှပ်စစ်မီးနှင့် လမ်းတံတားများ ကောင်းမွန်စွာ ရရှိကြသော်လည်း ၎င်းတို့နေထိုင်သည့် သင်္ဂနက်ကျေးရွာအပါအဝင် သက္ကယ်ပြင်ရွာမနှင့် သာယာကုန်း ရွာများမှာမူ ထိုသို့ဖွံ့ဖြိုးတိုးတက်မှုများ အင်မတန်အားနည်းလျက်ရှိကြောင်း သူတို့ နေထိုင်သည့် ကျေးရွာအခြေအနေများကို ရှင်းပြသည်။

မအေးမြက “အိမ်နဲ့ ခြံဆိုရင် ခုထိ မရသေးပါ။ အိမ်တွေလည်း မီးလောင်တဲ့ထဲ ပါသွားတယ်။ ခြံလည်း မရ ခုထိ မရသေးပါ။ လူငယ် တစ်ယောက်အနေနဲ့ တန်းတူအခွင့်ရေးရချင်ပါတယ်။ ခု တခြား တိုင်းရင်းသားတွေ ပညာသင်ခွင့်ရတယ်ဆိုရင် ကျွန်မတို့လည်း ပညာသင်ခွင့်ရချင် လိုချင်ပါတယ်။ အဲလို အားလုံးသူနဲ့ တန်းတူ အခွင့်ရေး အဲလို လိုချင်ပါတယ်။”ဟု ပြောသည်။

၎င်းသည် ယခင်က စစ်တွေမြို့ပေါ် ကုန်တန်းရပ်ကွက် (ဒေသအခေါ် နာဇီရပ်ကွက်) တွင် နေထိုင်ခဲ့သူဖြစ်ပြီး ၂၀၁၂ ခုနှစ် ပဋိပက္ခနောက်ပိုင်းတွင် နေအိမ်များ မီးရှို့ခံကြရရာ ၎င်းတို့စုရုံးနေထိုင်လျက်ရှိကြသည့် မြို့ပြင်မှ သင်္ဂနက်ကျေးရွာသို့ ပြောင်းရွှေ့ လာခြင်းဖြစ်ကြောင်း ဆိုသည်။ ယင်းနောက်ပိုင်းတွင် သူတို့ မိသားစုမှာ စီးပွားရေးကျဆင်းသွားပြီး ၈ တန်းမှ ထွက်လိုက်ရကြောင်း ဝမ်းနည်းစွာဖြင့် ပြောပြသည်။ သို့ဖြစ်၍ လက်ရှိတွင် သူ၏ လက်အောက်မောင်ငယ်၊ ညီမငယ်လေးများ တန်းတူအခွင့်အရေးရစွာဖြင့် ပညာတတ်မြောက်အောင် သင်ကြားရစေလိုသည်ဟု ပြောလာသည်။

ပြီးခဲ့သည့် အစိုးရနှစ်ဆက်တိုင် တောက်လျှောက်တောင်းဆိုလာသည့် အခွင့်အရေးများ အကောင်ထည်ဖော်ခွင့် မရခဲ့သော်လည်း လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထပ်မံအနိုင်ရလာချိန် ၂၀၂၀ အလွန်ကာလတွင်မူ NLD ၏ သဘောထား ပြောင်းလဲလာလိမ့်မည်ဟု ကမန်အမျိုးသားတိုးတက်ရေးပါတီက မျှော်လင့်နေသည်။

ကိုတင်လှိုင်ဝင်းက “ကိုယ်ပြည်နယ်မှာရှိတဲ့ NLD အစိုးရလက်ထက်မှာတော့ ဒီ ရခိုင်ပြည်နယ်ကို ပြန်လည် တည်ဆောက်ဖို့ကျတော့ အစိုးရအနေနဲ့လည်း ဒေသခံတိုင်ရင်းသားတွေရဲ့ သဘောကို သူတို့ လက်ခံဖိုဆိုပြီး ဆိုနေတာလည်း ဝမ်းသာစရာတစ်ခုဖြစ်ပါတယ်။ တကယ်လို့ ရခိုင်မှာ ရှိကြတဲ့ ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေ ကိုယ့် ပြည်နယ် အကျိုး၊ ကိုယ်ဒေသမှာ ရှိတဲ့ ကိုယ့်လူ့အဖွဲအစည်းရဲ့ အကျိုးကို တကယ်လိုလားလို့ရှိရင် စုပေါင်းဆောင်ရွက်မှသာ ရခိုင်ပြည်နယ်ဟာ ခုလို ရခိုင်ဒေသမှာရှိတဲ့ လူဒေသခံတွေဟာ ကိုယ့် ဒေသပြန်လည် စည်ပင်လာဖို့ တိုးတက်လာဖို့ ကိုယ့် ဒေသ အတွက် ကိုယ်တိုင်လုပ်မှ ရဖို့ဆိုတဲ့ အသိအနေနဲ့ ဆောင်ရွက်နိုင်ကြပါစေလို့ ကျနော်က အဲလိုပဲ မျှော်လင့်ပါတယ်။” ဟုပြောသည်။

ထိုသို့ ကမန်အမျိုးသားတို့က မျှော်လင့်ချက်ထားရှိနေသည့်အပေါ် NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဗဟိုပြန်ကြားရေး တာဝန်ခံ မုံရွာ အောင်ရှင်ကတော့ ကမန်တို့မှာလည်း တိုင်းရင်းသားဖြစ်သည့်အတွက် အခွင့်အရေးများပြန်လည် ရလာနိုင်ခြေရှိပြီး မူထဲတွင်လည်း မည်သည့်တိုင်းရင်းသားကို ဦးစားပေးပြီ မည်သည့်တိုင်းရင်းသားကို နောက်ထားမည် ဆိုသည် မရှိဘဲ အားလုံးအပေါ် တန်းတူဆက်ဆံကြောင်း ပြေပြာသည်။

“ဒါပေါ့။ ဒါပေါ့။ ရနိုင်ပါတယ်။ ကျနော်တို့က ရမယ်လို့ပဲ ယုံကြည်ပါတယ်။ ကိုယ့် တိုင်းရင်းသားတွေဘဲဗျာ ဘယ်လိုလုပ်ချန်လှပ်ထားမလဲ။ ကျနော်တို့ရဲ့ မူထဲမှာကိုက ဘယ်တိုင်းရင်းသားကို ဦးစားပေးရမယ်။ ဘယ်တိုင်းရင်းသားကို နောက်ထားရမယ်ဆိုတာ မပါဘူး။ အားလုံးတန်းတူဆက်ဆံရေးပါပဲ။”ဟု မုံရွာအောင်ရှင်က ပြောသည်။

၂၀၁၂ ခုနှစ်ပဋိပက္ခနောက်ပိုင်း ကမန်တို့သည် ယခင်ကလို ရခိုင်ဒေသခံတိုင်းရင်းသားများနှင့်အတူတကွ ပြန်လည် ယှဉ်တွဲနေထိုင်ရန် စိုးရိမ်မှုရှိနေသည့်အပေါ် ပြည်နယ်အစိုးရက ထိုသို့ မဖြစ်ရလေအောင် ခိုင်မာသည့် မူဝါဒများချမှတ်ရန် လိုအပ်ကြောင်း ထောက်ပြသူများလည်း ရှိသည်။
ရခိုင်တို့သည် မိခင်ပြည်နယ်နှင့် မြန်မာနိုင်ငံမှ တိုင်းနှင့် ပြည်နယ်တို့အနှံ့တွင်မက နိုင်ငံရပ်ခြားတို့တွင်ပါ နေထိုင်လျှက် ရှိနေသော်လည်း မည့်သည့် ဘာသာဝင်များနှင့်မျှ အဆင်မပြေဆိုသည်ကိုမူ မတွေ့ရသည့်အတွက် လွန်ခဲ့သည့် ၈ နှစ်ကျော် ကာလကဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များဖြစ်ပေါ်လာခြင်းမှာ ရခိုင်တို့ကြောင့် မဟုတ်ဘဲ အုပ်ချုပ်ခဲ့သည့် အစိုးရ၏ တရားဥပဒေဆိုင်ရာ ကိစ္စရပ်များအပေါ် ကိုင်တွယ်ဖြေရှင်းမှု၊ အခြေခံအကြောင်းတရားများကို ဖြေရှင်းရန် ပျက်ကွက်နေမှု တို့ကြောင့် ဖြစ်ရသည်ဟု လက်ရှိတွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တာဝန်ထမ်းဆောင်နေပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို အနိုင်ရရှိထားသည့် ဒေါ်ထုမေက ထောက်ပြသည်။

“ကျမအနေနဲ့ လွှတ်တော်မှာလည်း ကမန်တို့ ဆုံးရှုံးမှုရှိတာနဲ့ ပတ်သက်လို့ တောင်းဆိုခဲ့တယ်။ သို့သော် အနိုင်ရပါတီရဲ့ နိုင်ငံရေး စိတ်ဆန္ဒ။ ပြီးတော့ အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေ အကုန်လုံးဟာ ကမန်လို့မှ မဟုတ်ဘူး။ မြန်မာနိုင်ငံမှာရှိကြတဲ့ နိုင်ငံသားတိုင်းရဲ့ တိုင်းရင်းသားတို့ရဲ့ အခွင့်အရေးတွေနေပြီးတော့ ပြည့်ပြည့်ဝဝမရသေးတဲ့ အခြေအနေတွေ တစ်ရပ်လို့တော့ ကျမတို့ ပြောလို့ရပါတယ်။”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောသည်။

 589 total views,  1 views today