Arakan Yoma |

ရွေးကောက်ပွဲ ကျင်းပဖို့ ကျန်ရှိနေသေးတဲ့ ရခိုင်ဒေသက မဲဆန္ဒနယ်တွေမှာ ပြန်လည် ကျင်းပခွင့်ရအောင် လုပ်ဆောင်ပေးကြဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အထူးမေတ္တာရပ်ခံ ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်နေ့က ကျရောက်တဲ့ (၄၆) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်နဲ့ ပေးပို့တဲ့ သဝဏ်လွှာမှာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က အခုလို ထည့်သွင်း ပြောကြားထားတာလည်း ဖြစ်ပါတယ်။

“ယင်းဒေသများ တည်ငြိမ်အေးချမ်းပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ အမြန်ဆုံးကျင်းပနိုင်သည့် အခြေအနေ ရောက်ရှိအောင် သက်ဆိုင်သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအားလုံးက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြပါရန် အထူးမေတ္တာရပ်ခံ အပ်ပါသည်။” လို့ ရေးသားထားတာပါ။

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်တဲ့ လုံခြုံရေးအခြေအနေမရှိတာကြောင့် ရွေးကောက်ပွဲ ရပ်ဆိုင်းခဲ့ရတဲ့ ရခိုင်ပြည်နယ်အတွင်းက နယ်မြေဒေသတွေ၊ အဲဒီနယ်မြေအတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေ အားလုံးအတွက်လည်း အထူး စိတ်မကောင်း ဖြစ်ရကြောင်းလည်း ပြောဆိုထားပါသေးတယ်။

နိုင်ငံတော်သမ္မလိုပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း အဲဒီနေ့မှာ သဝဏ်လွှာပေးပို့ခဲ့ပြီး အေအေက ရွေးကောက်ပွဲပြန်လုပ်ခွင့်ရဖို့ တိုက်တွန်းတဲ့ ထုတ်ပြန်ချက်ကိုလည်း ကြိုဆိုခဲ့ကြောင်း ဆိုထားပါတယ်။

အေအေနဲ့ တပ်မတော်တို့ရဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်က မြို့နယ် ၈ ခုနဲ့ အစိတ်အပိုင်းတွေမှာ လုံခြုံရေးအခြေအနေတွေ တည်ငြိမ်မှု မရှိဘူးဆိုကာ အစိုးရက မကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ရခိုင်ပြည်နယ်က မဲဆန္ဒရှင်ပြည်သူ ၁၂ သိန်းကျော် မဲပေးခွင့်ဆုံးရှုံးခဲ့သလို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၇ ဦး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၉ ဦးနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂၀ ဦးတို့ကိုလည်း ရွေးချယ်ဖို့ ကျန်ရှိနေပါသေးတယ်။

အခုလို ဆုံးရှုံးနေတာကြောင့် ရခိုင်ဒေသခံတွေက ရွေးကောက်ပွဲပြန်လည်ကျင်းပပေးဖို့ လိုလားနေကြပြီး ဒီလိုသာ မပြုလုပ်နိုင်ခဲ့ဘူးဆိုရင် ၂၀၂၀ အလွန်မှာ ရခိုင်ဒေသမှာ စစ်ရေးပဋိပက္ခတွေပိုများလာပြီး နိုင်ငံရေးဘောင်ပိုကျဉ်းသွားမလားဆိုပြီး စိုးရိမ်နေကြပါတယ်။

(Photo Credit to the Owner)

 552 total views,  1 views today