ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

အမျိုးသမီးတစ်ဦး ဖြစ်နေပေမယ့် စားဝတ်နေရေးမပြေလည်တဲ့အခါမှာ အမျိုးသားတစ်ဦးလို ရုန်းကန်လှုပ်ရှားပြီး သား၊ သမီးတွေကို တစ်ကိုယ်တည်း ကျွေးမွေးစောင့်ရှောက်နေရသူက ဒေါ်ဝေခင်နှင်းပါ။ အိမ်ထောင်ဖက် အရွေးမှားခဲ့တဲ့ သူဟာ သား၊ သမီး ၅ ယောက် ရရှိပြီး ချိန်မှာတော့ ဘယ်လိုမှ အဲဒီအိမ်ထောင်ရေးကို ဆက်ပြီး မပေါင်းသင်းနိုင်ခဲ့တော့ပါဘူး။

“နွဲ့ယဉ်ဝင်းအဖေ(အမျိုးသား)နဲ့ ကွဲသွားလို့ အင်္ကျီ၊ ထဘီရေစိုနဲ့ ပြေးလာခဲ့ရတယ်။ သူနှိပ်စက်လွန်းအားကြီးလို့ အရက်မူးလွန်းအားကြီးလို့ ပြေးလာခဲ့ကြတာ။ နယုန်လမှာပေါ့။ သား၊ သမီး ၇ ယောက်မှာ မက္ကလာနှစ်ဆောင်ပဲပါလာတယ်။ အကုန်းလုံး အစိုစို၊ အရွှဲရွှဲနဲ့ ပြေးလာခဲ့ ကြတာ။ အိုးလည်း မပါ၊ ခွက်လည်း မပါ။ ကျောက်ဖြူမြစ်ကမ်းဘေးမှာ ဆိုင်ရောင်းနေတဲ့ မောင်မြင့်ခိုင်က ဇွန်း ၃ ချောင်းနဲ့ ထမင်းအိုးတစ် လုံးပေးလိုက်တယ်။ စတီးပန်းကန် ၇ ချပ်ပေးလိုက်တယ်။ ထဘီလည်းမပါ၊ အင်္ကျီလည်းမပါနဲ့ ကျမရဲ့အစ်မအိမ်ထဲမှာနေတယ်။”လို့ သူတို့ အိမ်ထောင်နဲ့ ကွဲတဲ့နေ့က ပြေးလာခဲ့ရတဲ့ အဖြစ်အပျက်ကို မရှက်တမ်း ပြောပြပါတယ်။

သူဟာ ကျောက်ဖြူမြို့နယ် မဒေးကျွန်းက ကျောက်တန်းရွာသူပါ။ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ အမျိုးသားဖြစ်သူနဲ့အတူတစ်ခြား ကျွန်းတစ်ကျွန်းကို ပြောင်းရွှေ့သွားခဲ့ပြီး သား၊ သမီး ၇ ယောက်ရတဲ့အထိ ဆိုးတူကောင်းဖက် လုပ်ကိုင်စားသောက် နေထိုင်ခဲ့ပါတယ်။ ဒါ ပေမယ့် နောက်ပိုင်းမှာတော့ အမျိုးသားဖြစ်သူရဲ့ သား၊ သမီးတွေနဲ့ သူ့အပေါ် ကြင်နာစိတ်ကင်းမဲ့လာပြီး မိုက်ရူးရဲဆန်မှုတွေကြောင့်လမ်း ခွဲခဲ့ကာ သူ့ဇာတိကိုပဲ ပြန်လာခဲ့တာပါ။ အခုဆိုရင် ၁၁ နှစ်ဆိုတဲ့ အချိန်ကာလတစ်ခုကို ရောက်ရှိလို့ နေခဲ့ပါပြီ။

ဒီတလျှောက်လုံးမှာ လူမမည်၊ အရွယ်မရောက်သေးတဲ့ သား၊ သမီးတွေကို သူကပဲ မိခင်လိုတစ်မျိုး၊ ဖခင်လိုတစ်ဖုံ ကျွေးမွေးပြုစုစောက် ရှောက်ခဲ့ရပါတယ်။ အမျိုးသမီးတွေ လုပ်ကိုင်တတ်တဲ့ သဲထမ်း၊ ကျောက်ထမ်း၊ တောင်ယာခုတ်စတဲ့ ကျဘန်းအလုပ်တွေကိုသာမက သ န်မာတဲ့ အမျိုးသားတွေသာ လုပ်ကိုင်နိုင်တဲ့ ပင်လယ်ထွက်ပြီး လုပ်ရတဲ့အလုပ်တွေအထိ လုပ်ကိုင်ခဲ့ရပါတယ်။ လက်ရှိအချိန်ထိလည်း ဒီ လို ဖြတ်သန်းနေဆဲပါပဲ။

အန်တီဒေါ်ဝေခင်နှင်းက “မလုပ်ဖူးတဲ့အလုပ်တောင် မရှိတော့ဘူး။ တောင်ယာခုတ်တယ်။ ကျောက်တင်တယ်။ သဲတင်တယ်။ ဘိလပ်မြေ တင်တယ်။ အိမ်သာတွင်းလည်း တူးတဲ့အခါ တူးရတယ်။ ထင်းခွဲတဲ့အခါလည်း ခွဲရတယ်။ ဘယ်အလုပ်ကိုမှ လုပ်တယ်လို့ မရှိဘူး။ အကုန် လုပ်ရတယ်။ ဂုံးရှာစားတယ်။ ငါးယက်တော့ မနှိုက်တတ်ဘူး။ အန်တီမှာ အိမ်ရှင်နဲ့ ကွဲသွားတာ ၁၁ နှစ်ရှိပြီ။” လို့ ပြောပါတယ်။

ခနရပ်ပြီးတော့ သူက “သိပ်ခံရတယ်။ အန်တီလောက် ခက်ခက်ခဲခဲလုပ်စားရမယ့်သူလည်း မရှိဘူး။ ဝိုင်းပိုက်လည်း ချဖူးတယ်။ ကျောက် ပုဇွန်ပိုက်လည်းချဖူးတယ်။ မျှားလည်းချဖူးတယ်။ မြစ်ကမ်းဘေးမှာဆွဲတဲ့ ဆွဲပိုက်လည်းချဖူးတယ်။ မလုပ်ဖူးတာတောင် မရှိတော့ဘူး။ အ ကုန်လုံးလုပ်ဖူးသွားပြီ။”လို့ ဆက်ပါတယ်။

၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ ဒသမ ၄၉ သန်းရှိပြီး အဲဒီထဲက ၂၆ ဒသမ ၆၆ သန်းဟာ အမျိုးသမီးလူဦး ရေဖြစ်ပါတယ်။ ရာခိုင်နှုန်းအားဖြင့်ဆိုရင်တော့ နိုင်ငံရဲ့လူဦးရေ ၅၁ ဒသမ ၈ ရာခိုင်နှုန်းမှာ အမျိုးသမီးဖြစ်ပြီး အမျိုးသားဦးရေထက် ၁ ဒသမ ၈ သန်းပိုနေတာ တွေ့ရပါတယ်။

ဒီလိုရုန်းကန်နေရပေမယ့်လည်း ပတ်ဝန်းကျင်ရဲ့ရှေးရိုးစွဲအယူအဆတွေကြောင့် လုပ်ခရတဲ့အခါမှာတော့ အမျိုးသမီးတွေက အမျိုးသား တွေနဲ့ တန်းတူမရရှိကြပါဘူး။ သူဆိုရင်လည်း ဒီအတိုင်းပါပဲ။ ဒါပေမယ့် ရွေးချယ်ခွင့်မရှိတဲ့ ဘဝမို့ ဒီဟာတွေဟာ သဘာဝပဲဆိုတဲ့စကားနဲ့ အတူနေသားတကျရှိနေခဲ့ပါပြီ။ သား၊ သမီး ၇ ယောက်ရဲ့ စားဝတ်နေရေး၊ ကျောင်းစရိတ်၊ အသုံးစရိတ်တွေကို နေ့စဉ်ဖြေရှင်းနေရတဲ့ အဲ ဒီအန်တီရဲ့ တစ်နေ့လုပ်အားခက ဘယ်လောက်များရပါသလဲ။
ရတဲ့လုပ်အားခနဲ့ကော လောက်ငှနိုင်ပါရဲ့လား။

“အလုပ်က ကျဘန်းပေါ့လေ။ ဟိုလူမှာ တစ်ရက်အငှားထည့်ရင် ဟိုလူဆီကို လိုက်သွားတယ်။ ဒီလူမှာ တစ်ရက်အငှားထည့်ရင် ဒီလူဆီ လိုက်သွားတယ်။ ၃ထောင်ရတဲ့နေ့ရတယ်။ ၄ ထောင်ရတဲ့နေ့ရတယ်။ ၅ ထောင်ရတဲ့နေ့ရတယ်။ ၅ ထောင်ဆိုရင် အများဆုံးပဲလေ။ ဆင်း ရဲတော့ ၃ ထောင်နဲ့လည်း လိုက်ရတယ်။ ခက်ခဲလိုက်တယ်ဆိုတာ ကလေးတွေရဲ့ ကျောင်းစရိတ်လို့ တမျိုး။ မီးစရိတ်လို့ တမျိုး။ နောက် တစ်ရက်နှစ်ရက်ဆိုရင် မီးလခလာကောက်တော့မယ်။ အဲဒီလိုပဲ ဟိုလူဆီကရှာ။ ဒီလူ့ ဆီကရှာပေးလိုက်တယ်။ ကိုယ့်မှာလုပ်လို့ အဆင် ပြေရင် ပြန်ဆပ်တယ်။ ဆိုင်မှာလည်း အဲဒီလို အကြွေးယူစားတယ်။ လုပ်လို့ရရင် ပြန်ပေးတယ်။ အဲဒီလိုလုပ်နေရတာ။ အခုလည်း ဆိုင် တိုင်းမှာ အကြွေးရှိတယ်။”

အရေးကြုံလာရင် သုံးဖို့ချန်ထားလား။ တစ်နေ့ဘယ်လောက်စုဖြစ်သလဲ။ ဆိုတဲ့မေးခွန်းကိုတော့ သူက “အဲဒါကိုတော့ သတ်မှတ်ထားလို့ မရဘူး။ ဒီနေ့လုပ်တယ်ဆိုရင် မလုပ်ခင်ကတည်းကနေကြိုယူထားပြီ။ ကြိုစားထားပြီ။ ဆိုတော့ အဲဒါကို စုထားလို့မှ မရဘူးလေ။ အကြွေး စားထားပြီ။ ကိုယ့်မှာရမှပဲပေးလိုက်ရတယ်။ ဆိုတော့ စုထားမယ့်ဟာကမရှိ။”လို့ အပျိုပေါက်လေးတစ်ယောက်လို လျှင်မြန်သွက်လက်စွာ ဖြေပါတယ်။

အခုနောက်ပိုင်းမှာတော့ သားကြီးနဲ့ သမီးအကြီးတို့က အိမ်ထောင်ကျသွားလို့ ကျန်တဲ့ကလေး ၅ ယောက်ကိုပဲ တာဝန်ယူနေရတယ်လို့ ဆိုပါတယ်။ “ကံဆိုးမသွားလေရာ၊ မိုးလိုက်လို့ရွာ”ဆိုသလို တစ်ခါတစ်လေမှာ ဒေါ်ဝေခင်နှင်းဆီကိုလည်း ဒီထက်ကြီးတဲ့ ကံဆိုးမိုးမှောင် ဖြစ်ရပ်တွေ ရောက်လာတတ်ပါတယ်။

“သမီးတစ်ယောက် နှာခေါင်းတစ်ဖက်ပိတ်လို့ ရန်ကုန်ကို သွားခဲ့ရတယ်။ ကိုယ်ကလည်း ကျောက်ဖြူကိုတောင် စုံအောင်မရောက်ဖူးသေး ဘဲ ရန်ကုန်ကိုသွားရတော့ ဘယ်မှာ တည်းရမှန်း။ ဘယ်ကိုသွားရမှန်းမသိဘူး။ ကလေးတွေမှာ ဝက်တွေမေးမြူကြတယ်။ နှစ်တိုင်းလိုလို ပေါ့။ ၃ ကောင်၊ ၂ ကောင်။ ဝက်ရောင်းရင် ကလေးတွေကို နားကပ်လေးတစ်ရံစီဝယ်ပေးထားတယ်။ အဲဒါတွေကို ရောင်းတော့ ဆေးခန်း ၂ ခါတောင်မပြရဘူး။ ကုန်ပြီပေါ့၊ နှာခေါင်းကိုလည်း ခွဲရမယ်ဆိုတော့ ကလေးရယ် ဘယ်လိုလုပ်ကြမလဲလို့ သမီးကြီးကို ဖုန်းလှန်းဆက် တော့ အမေရယ်။ သမီးချေးငှားပြီး ပေးပါ့မယ်တဲ့။ မရတဲ့အဆုံး ဒီအနီးအနားကရွာတွေမှာ ပတ်ပြီးတော့ အလှူခံတော့မယ်။ စေတနာရှိတဲ့ သူထည့်ပေ့ါတဲ့။ အမေရန်ကုန်ကို တစ်ခါပဲသွားနိုင်မယ်။ နောက်တစ်ခါသွားဖို့ မလွယ်ဘူးဆိုပြီးတော့ အဲဒီသမီးကရှာပေးတယ်။ သိန်း ၁၀ ကျော်ကုန်ခဲ့တယ်။ ကိုယ့်မှာက ဝက်ရောင်းလို့ရတာ ပိုက်ဆံ ၆ သိန်းပါသွားတယ်။ သူများဆီက ချေးတာ ၆ သိန်းကုန်တယ်။”လို့ စိတ်ည စ်ညစ်နဲ့ ပြောပြပါတယ်။

ဒီအကြောင်းကို ပြောပြနေချိန်မှာတော့ မျက်စိသာ တစ်ချက်မှိတ်လိုက်ရင် အော်တိုကျသွားနိုင်တဲ့ မျက်ရည်တွေ ဟာ သူ့မျက်ဝန်းမှာ ပြည့်လို့နေပါတယ်။

ကျေးရွာတွေရဲ့ဓလေ့ထုံးတမ်းအရ တစ်ခါတစ်ခါမှာ အရေးကြုံလာရင် တစ်အိမ်တစ်ယောက်ကျ အစည်းအဝေးသွားတက်ရတာ၊ နောက် ပြီးတော့ ကျောင်းဆောက်၊ သိမ်ဆောက်၊ ဇရပ်ဆောက်၊ ကန်တူးစဖြင့် လုပ်ဆောင်ကြရတာတွေ ရှိပါတယ်။ ဒီလိုအခြေအနေတွေမှာ အိမ် ထောင်ဦးစီးအဖြစ်တာဝန်ယူထားရတဲ့ သူက ယောက်ျားသားတွေအကြား မျက်နှာညိုးငယ်စွာနဲ့ သွားတက်ရတဲ့ အခက်ခဲတွေလည်း ရှိပြန် ပါတယ်။

“တစ်အိမ်တစ်ယောက်ကျ မရောက်ရင်မဖြစ်ဘူး။ လူစုလိုက်ရင် ယောက်ျားမရှိရင် မိန်းမလာရမယ်ဆိုတော့ သွားရတာပေါ့။ ကိုယ့်ရွာမှာ ကန်ကိစ္စ၊ ရပ်ရေးရွာရေးကိစ္စတွေ၊ အဲဒီကိစ္စတွေ သွားရတယ်။”

အခုလို “ရှိတာလေးနဲ့ လှအောင်ဝတ်ပြီး ရတာလေးနဲ့ ဝအောင်စားနေရတဲ့” ဘဝမျိုးကို ရင်ဆိုင်ဖြတ်သန်းနေရပေမယ့် ရပ်ရေးရွာရေးတွေ၊ လူမှုရေးနဲ့ ဘာသာရေးကဏ္ဍတွေမှာ လစ်ဟင်းမသွားအောင် နေထိုင်ပြုမူတတ်သူပါ။ ဒါကြောင့်လည်း သူ့နဲ့သူ့မိသားစုပေါ်မှာ ရွာသူ၊ ရွာ သားတွေက မေတ္တာ၊ စေတနာရှိကြတယ်လို့ သူက ဆိုပါတယ်။

“ဘုန်းကြီးကျောင်းကိုတော့သွားတယ်။ (အလုပ်)လုပ်နေရင်လည်းသွားတယ်။ သီတင်းအပတ်တိုင်းတော့ ဘယ်သွားရမလဲ။ ဒီအပတ်မှာမ ရောက်ဖြစ်လိုက်ရင် နောက်တစ်ပတ်မှာသွားလိုက်တယ်။ သင်္ကြန် ၃ ရက်ကျရင်လည်း ကျောင်းကို ၂ ရက်သွားလိုက်တယ်။ နောက်တစ် ရက်မှာ ကလေးတွေအတွက် ကိုယ်က စောင့်ပေးရတယ်။”

“ကိုယ့်ကို ရင်းနှီးလို့၊ အသိအမှတ်ပြုလို့ မှာတယ်။ ဖိတ်တယ်ဆိုရင် မရှိရင် ရှာဖွေလို့ သွားလိုက်တယ်။ ပိုက်ဆံမရှိရင်လည်း သူများဆီက ချေးငှားလို့သွားလိုက်တယ်။ သမီးကလည်းပေးတယ်။ အမေ မသွားလို့မဖြစ်ဘူး။ သွားရမယ်။ ကျမဆီက ယူသွား။ ဘယ်လောက်ဘယ် လောက်ဆိုပြီးပေးတယ်။”

အသက် ၅၃ နှစ်အရွယ်ရောက်နေပြီဖြစ်တဲ့ မဒေးကျွန်းသူ ဒေါ်ခင်ဝေနှင်းဟာ သူကိုယ်တိုင် ပညာမတတ်ခဲ့လို့ ဒုက္ခမျိုးစုံကြုံနေရပါလားဆို တဲ့အကြောင်းကို နားလည်လို့ အနာဂတ်မှာ တောက်ပလာမယ့် ကြယ်လေးတွေရဲ့ ဘဝကို သူ့လိုဖြစ်ဖို့ မလိုလားတော့ပါဘူး။ ဒါကြောင့် ေ နာက်နှစ်ဟာဆိုရင် သူမအတွက် အခက်ခဲဆုံးနှစ်တစ်နှစ်ဖြစ်ပါလိမ့်မယ်။

ဘာလို့လဲဆိုတော့ အဲဒီနှစ်မှာ ဆယ်တန်းတစ်ယောက်အပါအဝင် သား၊ သမီး ၃ ယောက်ရဲ့ကျောင်းစရိတ်အတွက်ပါ ရှာဖွေရမှာဖြစ်လို့ပါ။ အန်တီကတော့ ဖြစ်မြောက်အောင်သင်ပေးလိုစိတ် ပြင်းပြနေပါတယ်။

“အိမ်ထောင်တစ်ခုမှာ ပြည့်ပြည့်စုံစုံနေရမယ်ဆိုတာတော့ မလွယ်ကူဘူးလေ။ အန်တီနားလည်တယ်။ အန်တီက တစ်ခြားဟာကိုလည်း မ ရည်မှန်းဘူး။ ကလေးတစ်ယောက်နှစ်ယောက် ကျောင်းထားနိုင်မယ့်အရေးကိုပဲ အန်တီလိုလားတယ်။ မိုးဦးကျဆိုရင် ဆယ်တန်းတစ်ယေ ာက်တက်ရမယ်။ ၈ တန်းတစ်ယောက်၊ ၇ တန်းတစ်ယောက်။ ထမင်းစားမှာကို အလုပ်လုပ်ရင်း ဆန်တစ်တောင်းရရင်တစ်တောင်း၊ တစ် ပြည်ရရင်တစ်ပြည် ဆိုင်ကဝယ်စားလို့ ရသေးတယ်။ အဲဒီကလေးတွေ ကျောင်းတက်ရမယ့်အရေးကိုတော့ တွေးပူနေတယ်။”လို့ တွေးပူ နေရတဲ့အကြောင်းကို ရင်ဖွင့်ပါပြန်တယ်။

ဒီကြားထဲမှာ သားတစ်ယောက်ကလည်း ကျန်းမာရေးမကောင်းလို့ ကျောက်ဖြူမြို့ပေါ်မှာနေတဲ့ သားကြီးဆီကို ပို့ထားရတယ်လို့ ဆိုပါတ ယ်။ အန်တီဒေါ်ဝေခင်နှင်းတို့နေထိုင်တဲ့ မဒေးကျွန်းဟာ မြန်မာ-တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတည်ရှိရာ ဒေသလည်း ဖြစ်ပါတယ်။
ဆိုတော့ ကမ္ဘာနဲ့ယှဉ်ပြီးလုပ်နေတဲ့ အဲဒီဒေသမှာ သူတို့ဒေသခံတွေအတွက်ကော ဘယ်လိုအလုပ်အကိုင်အခွင့်အလမ်းတွေကို ရရှိနေကြ ပါသလဲ။

“အလုပ်ကိုင်အခွင့်အလမ်းက ဘယ်ကရမှာလည်း ကျောက်တင်မယ်။ သဲတင်မယ်။ အဲဒီလို ပင်ပင်ပန်းပန်းအလုပ်တွေဆိုရင်ရတယ်။ သ က်သက်သာသာ အလုပ်ဆိုလို့ရှိရင် အန်တီတို့ မလုပ်ရဘူး။ အဲဒီလို။ ဘယ်က လုပ်ပေးမှာလည်း ရေမော်သို့ သွားလုပ်ရင်လည်း သူတို့ ဆီက ၅ ထောင်ပေးထားရင် နောက်တစ်တိုင်က ၄ ထောင်ပေးတယ်။ သေအောင် ပင်ပန်းခံပြီးလုပ်ရင်တောင်မှ ပြည့်ဝအောင်မရဘူး။ ရေနံဆီလှောင်တဲ့ကန်ကြီးကို ဘယ်သူမှ မတက်ရဲဘူး။ အဲဒီအပေါ်ကို တက်ပြီး သံချေးခြစ်ရတယ်။ အန်တီတက်ခြစ်တယ်။ ခဏလေးနား ချင်လို့တောင် မနားရဘူး။ ၁၁ နာရီခွဲမှ တန့်ရတယ်။ မနက် ၈ နာရီကနေဆင်းရတာ။ ပြန်လာတော့ ၆ နာရီထိုးနေပြီ။ ကြက်တွန်လို့ မနက် အာရုံရောက်ရင် ထမင်းချိုင့်ဆွဲပြီးသွားရပြီ။ အလုပ်သိမ်းလို့ လာရင်မှောင်နေပြီ။”

“၁ဝရက်ပြည့်ပြီးမှ ပိုက်ဆံထုတ်ပေးတယ်။ ၁၀ ရက်ပြည့်အောင်လုပ်ရတယ်။ ၁၀ ရက်ပြည့်ရင် မလုပ်ချင်လည်း ထွက်သွားလို့ရတယ်။ ထွ က်သွားရင် မပေးတော့ဘူး။ အိမ်မှာနေမကောင်းဖြစ်လို့တောင်မှ မရဘူး။ မဟုတ်ရင် လူစားထိုးရတယ်။ ပိုက်ဆံရတော့ရတယ်။ ၁၀ ရက် ပြည့်မှ လာတောင်းပေါ့။”

သာမန်အမျိုးသားတွေတောင် မလုပ်ရဲကြတဲ့ ရေနံလှောင်ကန်ကြီးပေါ်ကို တက်ပြီး သံချေးခြစ်တဲ့ အလုပ်ကို အသက်စွန့်ပြီး လုပ်ကိုင်ခဲ့ရ ပေမယ့် လုပ်အားခကို အပြည့်မရဘဲ ဖြတ်တောက်ခံခဲ့ရတဲ့အကြောင်းကို ဒေါ်ဝေခင်နှင်းက ပြောပြသွားတာပါ။ အဲဒီလုပ်ငန်းခွင်မှာရယ်လို့ မဟုတ်ပါဘူး။ သူကတော့ မိသားစုစားဝတ်နေရေးအတွက်ဆိုရင် နေရာစုံမှာ ကဏ္ဍစုံမှာ ရှာဖွေလုပ်ကိုင်နေရတာပါ။

“အခက်ခဲကတော့ အများကြီးပေါ့။ အခုလည်း အိမ်မှာ ပိုက်ဆံဆိုလို့ ငါးဆယ်ကျပ်တောင်မရှိဘူး။ အခုအလုပ်လုပ်ထားတာ ၅ ရက်ရှိနေ ပြီ။ ၁၀ ရက်ပြည့်မှ ရမှာ။ ကွမ်းသီး၊ ကွမ်းရွက်ကအစ အကုန်လုံး အကြွေးဝယ်စားထားရတယ်။ ဒီနေ့တော့ အလုပ်မသွားဘူး။ အိမ်မှာ စပါးလှမ်းမလို့။ သူတို့ကိုလည်း ပြောထားပြီးပြီ။ ဒီနေ့တစ်ရက်နဲ့ မနက်ဖြန်တစ်ရက်အလုပ်မဆင်းဘူးလို့။ အလုပ်ကလာတာ မဟုတ်ဘူး။ စပါး လှမ်းမလို့ မသွားတာ။”

ဒေါ်ဝေခင်နှင်းလိုများ အခုလိုအခြေအနေတွေကို ကြုံတွေ့နေရတဲ့အမျိုးသမီးတွေ မြန်မာနိုင်ငံမှာ ဘယ်လောက်များရှိနေပါပြီလဲ။

 618 total views,  1 views today