ရိုးမရေဒီယိုမဂ္ဂဇင်း

စစ်တွေ၊ စက်တင်ဘာ ၁၂။ ။ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (UNESCO) ဝင်နိုင်ရေး ကြိုးပမ်းလျှက်ရှိသည့် မြန်မာနိုင်ငံ၏ အထင်ကရ ယဉ်ကျေးမှု နယ်မြေတစ်ခုဖြစ်သည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို တည်ထောင်ခဲ့သည်မှာ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၀ ရက်နေ့တွင် နှစ်ပေါင်း ၅၈၈ နှစ် ပြည့်ခဲ့ပြီဖြစ်သည်။

ထို့ကြောင့် အဆိုပါ မြောက်ဦးမြို့တည်နှစ် ၅၈၈ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စက်တင်ဘာလ ၁၀ ရက်နေ့က သာကီမဏ္ဍိုင်ရခိုင့်ယဉ်ကျေးမှု အဖွဲ့၏ ဦးဆောင်မှုဖြင့် အခမ်းအနားတစ်ရပ် ပြုလုပ်ခဲ့ကြသည်။

“ရခိုင်မှာ ခေတ်ကြီးလေးခတ် ထွန်းကားခဲ့တယ်။ မြောက်ဦးခေတ်ဟာ ရခိုင်တို့ရဲ့ ဂုဏ်ရှိန်ကို တင်ပေးနိုင်တဲ့ခေတ်ပါ။ ရခိုင်တို့ရဲ့ ရွှေခေတ်လို့လည်း ပြောလို့ရပါတယ်။ မြောက်ဦးခေတ်မှာ ပေါ်တူကီ၊ ဒတ်ခ်ျတို့နဲ့လည်း ကူးသန်း ရောင်းဝယ် မှုတွေ ရှိခဲ့တယ်။ အဲဒါ ကြောင့် မြောက်ဦးမြို့တည်နေ့ကို အဲဒီရည်ရွယ်ချက်တွေနဲ့ ကျင်းပရခြင်း ဖြစ်ပါတယ်။ ကျနော်တို့ ကတော့ ဒီခေတ်လူတွေ သိစေဖို့ အတွက်ပါ။” ဟု သာကီမဏ္ဍိုင် ရခိုင့်ယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှုး ဦးခင်မောင်ထွန်းက ပြောသည်။

အခမ်းအနားတွင် မြောက်ဦးမြို့တည်နှစ်နှင့် ပတ်သတ်သည့် အကြောင်းအရာများကို ဟောပြောခဲ့ကြပြီး ဆီးမီးထွန်းညှိ ပူဇော်မှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ဓညဝတီ၊ ဝေသာလီ၊ လေးမြို့နှင့် မြောက်ဦးဟု ခေတ်ကြီးလေးခေတ်ထွန်းကားခဲ့ပြီး မြောက်ဦး ခေတ်တွင် ပို၍ ခမ်းနားကြီးကျယ်ခဲ့သည့်အတွက် ရွှေခေတ်ဟုပင် တင်စားခေါ်ဝေါ်ခဲ့ကြကြောင်း သမိုင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။

မြောက်ဦးမြို့ကို ရခိုင်ဘုရင် မင်းစောမွန်က မြန်မာသက္ကရာဇ် ၇၉၂ ခုနှစ် တော်သလင်းလဆန်း (၁) ရက်နေ့တွင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ဘုရင်မှာ ၃ နှစ်ခန့် အုပ်ချုပ်ခဲ့ပြီးနောက် နတ်ရွာစံခဲ့သော်လည်း မြောက်ဦးမြို့နှင့် မြောက်ဦးခေတ်မှာ နန်းသက်ပေါင်း ၃၅၅ နှစ်အထိ တည်တံ့ခဲ့ကြောင်း သိရသည်။

မြောက်ဦးဇုန်အတွင်း တည်ရှိနေသည့် ယဉ်ကျေးမှုအမွေအနှစ်များမှာ ကမ္ဘာပေါ်တွင် ထူးခြားသည့်အမွေအနှစ်များထဲတွင် ပါဝင်ပြီး နိုင်ငံအတိုင်းအတာဖြင့် ရှေးမူလက်ရာများ အများအပြား ကျန်ရှိသေးသည်များကို လေ့လာတွေ့ရှိရသည့် အတွက်လည်း UNESCO ဝင်နိုင်ရေး ကြိုးပမ်းနေကြသည့် နေရာတစ်ခုလည်း ဖြစ်သည်။

 403 total views,  1 views today