ကိုအောင် (ရိုးမရေဒီယိုမဂ္ဂဇင်း)

ရခိုင်ပြည်နယ်ဆိုတာ ဘင်္ဂလား ပင်လယ်ကမ်းရိုးတန်းအတိုင်း တောင်မြောက်တန်းပြီး တည်ရှိနေတဲ့အတွက် ဒေသအလိုက် ထင်ရှားလှပတဲ့ ကမ်းခြေနေရာတွေ အများအပြား ရှိနေပါတယ်။ သံတွဲမြို့နယ်ထဲမှာရှိပြီး ကမ္ဘာကျော် ကမ်းခြေတခုအဖြစ် ကျော်ကြားလှတဲ့ ငပလီကမ်းခြေ ဆိုတာ ရခိုင်ပြည်နယ်ထဲမှာ ရှိတာပါ။

ဒီလိုပဲ ဒေသအလိုက် ထင်ရှား လှပတဲ့ တခြား ကမ်းခြေတွေလဲ ရှိနေပါသေးတယ်။ ဂွမြို့နယ်ထဲက ဂွ ကမ်းခြေနဲ့ ကမ်းသာယာ ကမ်းခြေ၊ မာန်အောင်မြို့က ကအီး ကမ်းခြေ၊ ကျောက်ဖြူမြို့က ကျောက်ဖြူကမ်းခြေ၊ စစ်တွေမြို့က စစ်တွေကမ်းခြေ စသည်ဖြင့် တည်ရှိပေမယ့် ဒေသတွင်း မြို့နယ်တွေကပဲ အပန်းဖြေခရီး၊ လေ့လာရေးခရီးအနေနဲ့ လာရောက်လေ့ရှိပါတယ်။

ဒီတစ်ပါတ်မှာတော့ ကမ်းသာယာကမ်းခြေ အကြောင်းကို တင်ဆက်ပေးသွားမှာပါ။

ဂွ-သံတွဲ ကားလမ်းပေါ်မှာ တည်ရှိတဲ့ ကမ်းသာယာကမ်းခြေဟာ ဂွမြို့ရဲ့မြောက်ဘက် ၁၆ မိုင် ကွာဝေးပြီးတော့ နာမည်ကျော် ငပလီကမ်းခြေနဲ့ (၆၅) မိုင်၊ သံတွဲမြို့ကနေ (၆၂) မိုင်လောက် ဝေးကွာတဲ့ နေရာမှာရှိပါတယ်။ (၃) မိုင်လောက် ရှည်လျားတဲ့ ပင်လယ်ကမ်းခြေမှာ သဲသောင်ပြင်၊ ကျောက်ဆောင်၊ ကျောက်တန်းတွေ၊ အုန်းပင်တန်းတွေနဲ့ လှလှပပ တည်ရှိနေတဲ့ ကမ်းခြေတခုလည်း ဖြစ်ပါတယ်။ လူတို့ရဲ့ ပြုပြင်စီရင်မှု မရှိသလောက် နည်းပါးပြီးတော့ သဘာဝအတိုင်းပဲ တည်ရှိနေသေးတဲ့အတွက် အပျိုစင် ကမ်းခြေလို့ ဆိုရမှာပါ။

လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်တုန်းကတော့ ကမ်းသာယာကျေးရွာရဲ့ လှပတဲ့သဘာဝကမ်းခြေ၊ သန့်စင်တဲ့ ပင်လယ်လေ၊ လတ်ဆတ်တဲ့ ပင်လယ်စာ အစားအစာတွေကြောင့် စိတ်ဝင်စားသူတွေက အပန်းဖြေကမ်းခြေတခုအဖြစ် ဖန်တီးဖို့ ကြိုးစားခဲ့ဖူးပါတယ်။ Kanthayar Beach Resort  ဆိုတဲ့ ဟော်တယ်တခုကို ၁၉၉၅ခု၊ မတ်လ(၂၄)ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပြီး အပန်းဖြေကမ်းခြေတခုဖြစ်လာခဲ့ဖူးပေမယ့် စီမံဆောင်ရွက်ပုံနည်းလမ်း အားနည်းချက်တွေကြောင့် မအောင်မြင်ပဲ ပျက်စီးခဲ့ရတယ်လို့ ဒေသခံ ဦးညိုတင်က ဆိုပါတယ်။

“တော်တော်တော့ စည်စည်ကားကား ဖြစ်ခဲ့တယ်။ ဒါပေမယ့် သုံးနှစ်လောက်မှာ ပါးပါးရှားရှား ဖြစ်သွားတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်လဲ ၀င်ထွက်နေခဲ့တော့ အတွေ့အကြုံအရ ပြောရရင် ၀န်ဆောင်မှုပေါ့ …… နွေးထွေးစွာ ၀န်ဆောင်မှုမပေးနိုင်လို့ပေါ့။ ဧည့်သည်တွေက ကြေနပ်မှုမရှိဘူးပေါ့။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က မာလာမုန်တိုင်းမှာ မုန်တိုင်းဒါဏ်ကြောင့် ပြိုကျပျက်စီးသွားတယ်။”

နောက်ပိုင်းမှာ ဆယ်စုနှစ် တစ်ခုလောက် မထင်မရှား ကမ်းခြေတခုအဖြစ်တိမ်မြုပ်နေခဲ့ပေမယ့် ၂၀၁၅ ခုနှစ် နောက်ပိုင်းမှာ ဟိုတယ်တည်ဆောက်ခဲ့တဲ့ မြေနေရာ၊ ကမ်းခြေတလျှောက် က သိမ်းဆည်းခံခဲ့ရတဲ့ မြေနေရာတွေကိ မူလပိုင်ရှင်တွေလက်ထဲ ပြန်ပေးခဲ့တဲ့အတွက် ဒေသခံတွေက အပန်းဖြေကမ်းခြေ တခု ဖြစ်လာမလားလို့ မျှော်လင့်ကြိုးစားနေကြပါပြီ။ ဒီလိုပဲ သဘာဝပင်လယ်လေနဲ့ သန့်စင်တဲ့ ပတ်ဝန်းကျင်ကို အလိုရှိသူတချို့ကလည်း မြေနေရာဝယ်ယူပြီး နေထိုင်လာကြတာတွေလဲ ရှိနေပါတယ်။

“အန်တီတို့က ကျန်းမာရေးအတွက် ဒီမှာလာနေတာပေါ့။ အန်တီ့အမျိုးသားက နှလုံးကို ကုသခံနေရတယ်။ အန်တီကလည်း နှလုံးပုံမှန်မဟုတ်ဘူး။ လေရှူမ၀ဘူး။ အဲ့ဒီတော့ ဒီကမ်းခြေမှာလာပြီး ခြံလေး ၀ယ်ပြီးနေပါတယ်။ စိမ်းလဲ့မြိုင်လို့ ခြံနာမည်တတ်ပြီးတော့ အန်တီတို့နေတယ်။ သူငယ်ချင်းတွေလဲ လာလည်တဲ့အခါ သူတို့က ဒီအရသာကို သိတယ်ပေါ့နော်။ အခုနေရတာ ကျန်းမာလာတယ်။ အရမ်းအဆင်ပြေပါတယ် ဒီမှာနေရတာ။ ဒီဒေသကလူတွေကလည်း အရမ်းချစ်ဖို့ကောင်းပါတယ်။ ကူညီကြပါတယ်။”

အခုလိုပြောပြခဲ့တာက ရန်ကုန်မြို့ကနေ ကမ်းသာယာရွာကလေးမှာ နေထိုင်ဖို့ ရောက်လာတဲ့ ဒေါ်ယဉ်ယဉ်အေးပါ။ သူတို့ ဇနီးမောင်နှံကတော့ သူတို့ရဲ့ ခြံကွက်လေးထဲမှာနေထိုင်ရင်းနဲ့ပဲ ပန်းပင်လေးတွေ၊ သီးပင်စားပင်လေးတွေစိုက်ရင်း သုံးနှစ်အတွင်း ကျန်းမာရေးလဲ ပိုကောင်းလာတယ်လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ်ထဲမှာ ရခိုင်ပြည်နယ်အစိုးရက ဒေသဖွံ့ဖြိုးရေးအတွက် စိးပွားရေးနဲ့ ခရီးသွားလာရေး ဇုန်တွေ သတ်မှတ်ပြီး ဆောင်ရွက်ဖို့ ရည်မှန်းထားတဲ့အထဲမှာ ကမ်းသာယာ ကမ်းခြေလဲ ပါဝင်နေပါတယ်။ ဒါပေမယ့် နိုင်ငံတကာက  ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်ဖို့ လိုအပ်ချက်တွေကလဲ ရှိနေသေးတာပါ။ ရွှေမိတ်သစ် ဆိုတဲ့ နာမည်နဲ့ သာမန်စားဆောက်ဆိုင်လေး ဖွင့်လှစ်ထားတဲ့ သင်းသင်းလဲ့က အခုလိုပြောပါတယ်။

“ဧည့်သည်တွေ ရောက်လို့ရှိရင် ဘာလို့ ဘာလို့ မတိုးတက်သေးတာလဲ၊ ဒီနေရာလေးက တည်းချင်တယ်၊ နေချင်တယ်၊ ဒီနေရာလေးဟာ ရေကူးလို့လဲ ကောင်းတယ်၊ သန့်ရှင်းသပ်ယပ်တယ်၊ ဒါပေမယ့် ဘယ်လိုကြောင့် မတိုးတက်သေးတာလဲလို့ ပြောပါတယ်။ ကျွန်မတို့ အမြင်ကတော့ မီးလဲ မရသေးဘူး၊ ရေကတော့ ဆည်ရှိတယ်။ ပြုပြင်ပေးမယ့် အနေအထားကို ဖြစ်စေချင်တယ်။ ဘာလို့ ဖြစ်မလာတာလဲ ဆိုတာကတော့ ကျွန်မလဲ မပြောတတ်ဘူး လူကြီးတွေ ပြန်ပြီးကြည့်စေချင်တယ်။”

ရံဖန်ရံခါတော့ နိုင်ငံခြားသား ခရီးသွားတွေ လာရောက်တတ်သလို ပြည်တွင်းခရီးသွားတွေလဲ လာရောက်တတ်ကြပါတယ်။ အထူးသဖြင့် ပွင့်လင်းရာသီမှာ လာရောက်တတ်ကြပြီး မိုးသည်းထန်တဲ့ အချိန်မျိုးဆိုရင်တော့ လာရောက်သူ မရှိသလောက် နည်းပါတယ်။ ခရီးသွားလာရောက်တဲ့ အချိန်မှာလဲ လိုအပ်ချက်တွေ ရှိနေသေးတာကြောင့် ညအိပ် ညနေ တည်းခိုနိုင်တာ မရှိသေးပါဘူး။

“ခုရှိတဲ့ တည်းခိုခန်းလေးတွေ၊ အဆောက်အဦးလေးတွေနဲ့ မပြည့်စုံပါဘူး။ သင်္ကြန်ရက်တုန်းကဆို တော်တော် ခြိမ့်ခြိမ့်သည်းသည်းပါပဲ။ မေးကြတယ်။ တည်းစရာမရှိလို့။ ကျွန်တော့်အိမ်မှာပဲ ဧည့်သည် သုံးဆယ်လောက်ရှိတယ်။ အပေါ်မှာရော ဘေးမှာရော အခမဲ့ အတက်နေ့အထိ ကျွေးမွေးပြီးတော့ ထားဖူးပါတယ်။ တည်းခိုခန်းတွေ မရှိတော့ တဲကို တာလပတ်လို မိုးပြီးတော့ နိုင်ငံခြားသားအများလာကြတယ်။ ကျွန်တော့် ဘက်မှာနေကြတယ်။ ကျွန်တော့် ဟိုဘက်မှာ သီးသန့်လေး ဖြစ်နေတော့ အိပ်စရာကို ဒီတိုင်းခင်းပြီးတော့ ခြောက်ယောက်တွဲ ခုနစ်ယောက်တွဲ ရှစ်ယောက်တွဲ နေကြတာတွေ့တယ်။ ညတော့ မအိပ်ကြပါဘူး။” လို့ ဦးညိုတင်က ပြောပါတယ်။

တချိန်က ဟိုတယ်စီမံကိန်းအနေနဲ့ သိမ်းဆည်းခံထားရတဲ့ မြေတွေကလည်း လွန်ခဲ့တဲ့ ငါးနှစ်အတွင်း ဒေသခံတွေ လက်ထဲကို ပြန်လည်ပေးအပ်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ကမ်းသာယာရဲ့ အလားအလာကောင်းကို သိရှိသူတချို့ကတော့ မြေကွက်တွေ ၀ယ်ယူထားတာရှိပေမယ့် အပန်းခြေကမ်းခြေဖြစ်လာဖို့ အခြေခံလိုအပ်ချက်တွေတောင် မပြည့်စုံသေးပဲ ရှိနေတာပါ။

“ပြောစရာတခုရှိတာက မီးမရသေးဘူး။ လမ်းကလည်း သိပ်မကောင်းသေးဘူး။ တကယ်လို့ လမ်းကောင်းလာမယ်။ မီးကလည်း ရလာမယ်ဆိုရင် လုပ်ငန်းရှင်တွေကလည်း လုပ်ကြလိမ့်မယ်လို့ မျှော်လင့်တယ်။ လုပ်လဲ လုပ်စေချင်ပါတယ်။ တိုးလဲ တိုးတက်စေချင်ပါတယ်။”

ကမ္ဘာကျော် ငပလီကမ်းခြေမှာ ဟိုတယ်ကြီးတွေ၊ စားသောက်ဆိုင်တွေနဲ့ ကမ်းခြေရဲ့ မြင်ကွင်းကို ပိတ်ဆို့သလို ဖြစ်သွားတဲ့အပြင် အများပြည်သူအတွက် အပန်းဖြေနိုင်မယ်နေရာ နည်းပါးတာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းချက်တွေရှိနေတဲ့အတွက် သန့်ရှင်းမှုမရှိပဲ ဖြစ်လာတာတွေကြောင့် အလှဆုံး ကမ်းခြေအဖြစ်က တဖြည်းဖြည်း အဆင့်နိမ့်ကျလာနေပါတယ်။

ကမ်းသာယာကမ်းခြေကိုတော့ သဘာဝအတိုင်း မပျက်မစီးသေးပဲ ရှိနေစေချင်ကြသလို ထိမ်းသိမ်းဖို့ ကြိုတင်ဆောင်ရွက်နေကြပါပြီ။ ကမ်းသာယာမှာ လာရောက်အခြေချနေထိုင်တဲ့ ဒေါ်ယဉ်ယဉ်အေးက စုပေါင်းသန့်ရှင်းရေးမှာ ပါဝင်လုပ်ကိုင်နေရင်းနဲ့ အခုလို ပြောပါတယ်။

“သန့်ရှင်းပြီးတော့ သာယာလှပမှ ဖွံ့ဖြိုးအောင် ရင်းနှီးမြှုပ်နှံမယ့်လူတွေရာက်လာမှပဲ ကမ်းခြေက တိုးတက်မယ်။ ကမ်းခြေက အရမ်းကောင်းတယ်။ အရမ်းလှပါတယ်။ ဒီလိုကမ်းခြေမျိုး မြန်မာပြည်မှာ အလှဆုံးလို့ ထင်ပါတယ်။”

ဒေသခံတွေကတော့ ကိုယ့်ဒေသရဲ့ အလုပ်အကိုင်အခွင့်အလမ်းတခုဖြစ်သလို ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ကူးရှိသလောက်တော့ စမ်းသပ်လုပ်ကိုင်နေကြပါတယ်။ သာမန် တည်းခိုခန်းလေးတွေ၊ စားသောက်ဆိုင်လေးတွေ ဖွင့်လှစ်တာတွေ ရှိလာနေပေမယ့် တစ်နှစ်ပါတ်လုံး လာရောက်တည်းခိုနိုင်တဲ့ အခြေအနေတော့ မရှိသေးပါဘူး။ အလည်အပတ်လာတဲ့ ဧည့်သည်တွေရဲ့ အကြံပေးချက်တွေအရ ဒေသခံတွေကတော့ ကိုယ့်ကမ်းခြေနေရာလေး လှပသန့်ရှင်းဖို့ ကိုယ်တိုင်ပါဝင် ကြိုးစားနေကြပါပြီ။

“တပတ်တစ်ကြိမ်၊ နှစ်ပတ်တစ်ကြိမ် အမှိုက်ကောက်တယ်၊ ပလပ်စတတ်တွေကောက်တယ်၊ နိုင်ငံခြားသားတွေလဲ ကူညီတယ်။ ဒီနေရာက အရမ်းတိုးတက်မယ်၊ ဖွံ့ဖြိုးမယ်ဆိုပြီးတော့ ပြောသွားတယ်။ ဘာကြောင့် မဖွံ့ဖြိုးသေးလဲ ဆိုတာတော့ ကျွန်မတို့ မပြောတတ်ပါဘူး ဖွံ့ဖြိုးလာအောင်ဆိုပြီးတော့ ကျွန်မတို့ ရပ်ရွာကစုစည်းပြီး တနိုင်တပိုင် ကမ်းခြေတည်တံ့ ခိုင်မြဲရေး၊ သန့်ရှင်းသပ်ယပ်ရေးအတွက်တော့ အမှိုက်တွေကောက်နေပါတယ်။” လို့ မသင်းသင်းလဲ့က ဆိုပါတယ်။

တကယ်တော့ ကမ်းသာယာကမ်းခြေဆိုတာ ရန်ကုန်မြို့နဲ့ သိပ်မဝေးလှတဲ့ နေရာတစ်ခုပါ။ ရန်ကုန်မြို့ကနေ ဘုရင့်နောင် တံတားကို ဖြတ်ကျော်ပြီး လှိုင်သာယာ ညောင်တုန်းလမ်းအတိုင်းလာရပါတယ်။ အဲ့ဒီက ညောင်တုန်း စက္ကော့လမ်းက တစ်ဆင့် ငါးသိုင်းချောင်း-ဂွလမ်းကိုရောက်တာနဲ့ ကမ်းသာယာ ကမ်းခြေကို ရောက်ဖို့ မဝေးတော့ပါဘူး။ ရခိုင်ရိုးမ တောင်တန်းရဲ့ တောင်ဘက်ဆုံးအပိုင်းကို ၄၇ မိုင် ကားနဲ့ ဖြတ်ကျော်လာပြီးရင် တော့ ဂွမြို့ကိုရောက်ပါပြီ။

ရန်ကုန်မြို့ကနေ ကမ်းသာယာကမ်းခြေအထိ ဆိုရင်တော့ ၁၂၅ မိုင် ကားလမ်းနဲ့ လာရမှာပါ။ တကယ်တော့ မြန်မာနိုင်ငံရဲ့ အထင်ကရ စီးပွားရေးမြို့တော်ကြီးနဲ့ မိုင် ၁၀၀ ကျော်လောက်၊ ကားမောင်းချိန် ၆ နာရီက ၇ နာရီလောက်ပဲ ဝေးကွာတဲ့ နေရာက ရခိုင်ပြည်နယ် တောင်ဘက်စွန်းမြို့ကလေး၊ ကမ်းသာယာကမ်းခြေ ဒေသခံတွေကတော့ အခုထက်ပိုပြီး ဖွံ့ဖြိုးချင်တဲ့ ဆန္ဒရှိနေကြတာပါ။

“ဖွံ့ဖြိုးစေချင်တာပေါ့။ အချိန်အခါကောင်းရင်တော့ ဖွံ့ဖြိုးလာမယ် မျှော်လင့်ပါတယ်။ အခုက အချိန်အခါကောင်းသင့်သလောက် ကောင်းပြီလို့ ထင်တာပါပဲ။ ထိရောက်သင့်သလောက် မထိရောက်သေးဘူးပေါ့” လို့ ကမ်းသာယာဒေသခံ လူငယ် ရဲသူအောင်က ပြောပါတယ်။ ကြိုးစားနေဆဲ လူငယ်တွေက လူကြီးတွေရဲ့ ပံ့ပိုးကူညီမှုတွေကို မျှော်လင့်ကြသလို အာဏာပိုင်ရဲ့ စောင့်ရှောက်မှုကိုလဲ မျှော်လင့်နေကြတယ်လို့လဲ ပြောကြပါတယ်။

“လိုအပ်တာကတော့ လူကြီးတွေရဲ့ အကူအညီတွေ လိုပါတယ်။ အမှိုက်ပုံးတို့၊ အမှိုက်ကို ဘယ်လိုစွန့်ပစ်ရမလဲ၊ အမှိုက်ပုံးထဲကို ထည့်ရမှာတို့ မီးတို့ ပြီးတော့ သင်တန်းလေးတွေ၊ ပံ့ပိုးကူညီမှုလေးတွေရှိလာမယ်ဆိုရင် ကျွန်မတို့ရဲ့ ဒီနေရာဟာ ကမ္ဘာသိပြီးတော့ အရမ်းလှပတဲ့ နေရာဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။”

သံတွဲက လာရင်ပဲဖြစ်ဖြစ်၊ ရန်ကုန်က လာရင်ပဲဖြစ်ဖြစ် စိမ်းစိုလှပတဲ့ လယ်ကွင်းတွေ၊ ရိုးမတောင်ပေါ်က အပူပိုင်းသစ်တောတွေထဲက သဘာဝပေါက်ပင်တွေရဲ့ အေးမြငြိမ်သက်တဲ့ အငွေ့အသက်တွေ၊ လမ်းတလျှောက် ရံဖန် ရံခါ တွေ့မြင်ရမယ့် ဘင်္ဂလားပင်လယ်ကမ်းခြေနဲ့ ပင်လယ်ပြာပြာနဲ့ သဲသောင်ပြင်တွေ၊ ခပ်လှမ်းလှမ်းက ကျွန်းငယ်ငယ် လေးတွေနဲ့ တံငါလှေတွေ…. စတဲ့ စုံလင်လှတဲ့ မြေမျက်နှာသွင်ပြင် ပုံသဏ္ဍာန်မျိုးစုံရဲ့ မြင်ကွင်းကို ဘယ်နေရာမှာမှ အခုလို ခရီးတခုတည်းမှာ တွေ့မြင်ရမယ်မဟုတ်ပါဘူး။ ကမ်းသာယာ ကမ်းခြေက ဒေသခံတွေကတော့ သူတို့ရဲ့ ရပ်ရွာမှာ လာရောက်အခြေချမယ့်သူတွေ၊ စီးပွားရေးလုပ်ကိုင်မယ့်သူတွေ၊ အပန်းဖြေလာရောက်မယ့်သူတွေ ရောက်လာလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ ဒါပေမယ့် လိုအပ်ချက် အနည်းငယ်တော့ ကျန်နေသေးတာပေါ့။

“ကျွန်တော်တို့ လမ်းလေးတွေ၊ မီးလေးတွေရမယ်။ ဒီကမ်းခြေမှာ ၀ယ်ထားတဲ့လူတွေကလည်း အဆောက်အဦးတွေ ဆောက်ကြမယ်ဆိုရင် တနေ့ထက်တနေ့ ဖွံ့ဖြိုးတိုးတက်လာမယ်။ ခုလဲ ဟိုတုန်းကနဲ့တော့ မတူပါဘူး။ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်လောက်က တစ်ဧကကို တစ်သိန်း နှစ်သိန်း၊ အခု တစ်ဧကကို သိန်း သုံးထောင်လောက် ပါတ်ဝန်းကျင်မှာဖြစ်နေတယ်။”

 808 total views,  1 views today