Arakan Yoma |

နိုင်ငံပေါင်း ၆ ခုက ပါဝင်တဲ့ မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံတွေအတွက် ချီးမြှင့်မယ့် ၂၀၁၉ ခုနှစ် မဲခေါင်စာပေဝတ္ထုရှည်ဆုကို ရခိုင်စာရေး ဆရာကြီးတစ်ဦးဖြစ်တဲ့ ဖိုးကျော့က ရရှိသွားပါတယ်။

မြန်မာနိုင်ငံစာရေးဆရာအသင်း (၁၀) ကြိမ်မြောက် မဲခေါင်စာပေရွေးချယ်ရေး ကော်မတီရဲ့ အပြီးသတ် စိစစ်ချက်တွေအရ ဝတ္ထုရှည်ဆုကို ဆရာကြီးဖိုးကျော့က“မြေဆီမည်းမည်းသွေးရဲရဲ” (I Give My Life For Three) စာအုပ်နဲ့ ရရှိခဲ့တာဖြစ်ပြီး ဝတ္ထုတိုပေါင်းချုပ်ဆုကိုတော့ “ဖြောင့်ဖြောင့်စင်းစင်းဝတ္တုတိုများ” (Straight As Snake and Selected Short Stories) စာအုပ်နဲ့ မန္တလေးဇာတိ စာရေးဆရာ ကိုးရိုးကွန့်က ရရှိသွားတာ ဖြစ်ပါတယ်။

စာရေးဆရာဖိုးကျော့လို့ လူသိများတဲ့ ဦးမြင့်လွင်ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ဇာတိဖြစ်ပြီး အခုဆိုရင် အသက် ၇၉ နှစ်ရှိနေပါပြီ။ သူ ဟာ ဆင်နဲ့ ပတ်သက်လာရင် ဆရာတစ်ဆူဖြစ်ပြီးတော့ သူစာပေလောကထဲကို စတင်ဝင်ရောက်လာတာလည်း “ဆင်မာန်နှင့်ငှက်ဥာဏ်” ဝတ္ထုတိုနဲ့ ဖြစ်ပါတယ်။

အဲဒီနောက်မှာ သူက ဆင်အကြောင်းတွေကို ရှုထောင့်မျိုးစုံကရေးဖွဲ့ထားတဲ့ “အောင်ပွဲသို့ ချီရာဝယ်” စာအုပ်နဲ့ ၁၉၇၂ ခုနှစ်မှာ အမျိုးသား စာပေဆုရခဲ့ပြီး ၁၉၉၀၊ ၁၉၉၂၊ ၁၉၉၃၊ ၁၉၉၆၊ ၁၉၉၉  ခုနှစ်တို့မှာလည်း စာပေဗိမာန်ဆုအသီးသီးရရှိထားသူလည်း ဖြစ်ပါသေးတယ်။

အခုသူဆုရရှိသွားတဲ့ စာအုပ်ကတော့ ၁၉၇၂ ခုနှစ်က ထုတ်ဝေခဲ့တာဖြစ်ပြီး အင်္ဂလိပ်လက်ထက် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က ရေနံမြေအကြောင်းကို ရေးဖွဲ့ထားတာလို့ သိရပါတယ်။  ဆရာရဲ့ ထင်ရှားတဲ့ ဝတ္ထုတချို့ကတော့ မြေဆီမည်းမည်းသွေးရဲရဲ၊ အောင်ပွဲသို့ ချီ ရာဝယ်၊ ဆင်လုပ်သား၊ ဆင်လုံမိုးလုံနဲ့ နောက်ဆုံးအဖြေ၊ ဆင်သင်္ချိုင်းရှာပုံတော်နှင့် အခြား၊ ဆင်သေကုံး၊ အင်တွဲပွဲလျှက် အရှာထွက်စတဲ့ စာအုပ်တွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတို့ ပါဝင်တဲ့ မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံတွေအတွက် ချီးမြှင့် မယ့် မဲခေါင်စာပေဆုချီးမြှင့်ပွဲဟာ ဒီကနှစ်မှာဆိုရင် (၁၀) ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ပြီး ဒီကနှစ်မှာတော့ မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပရမှာလည်း ဖြစ်ပါတယ်။

 599 total views,  1 views today