ထူး | ရိုးမရေဒီယိုမဂ္ဂဇင်း

အုန်းပင်တက်နည်းဟာ တကယ်တမ်းကြည့်လိုက်ရင် လွယ်တယ်လို့ ထင်ရပေမယ့် တကယ့်ကို ခက်ခဲနက်နည်းတဲ့ သက်မွေးဝမ်းကြောင်း တစ်ခုဖြစ်ပါတယ်။ အုန်းပင်ကို လူတိုင်းက မတက်ရောက်နိုင်ပါဘူး။ နယ်တွေမှာလည်း အဲဒီလိုပါပဲ။ အုန်းပင်တွေသာ ပေါများကြပေမဲ့ အုန်းပင်တက်မယ့်သူက တကယ့်ကိုရှားပါးပါတယ်။

တစ်ချို့ဆိုရင် အုန်းပင်တို့ အုန်းခင်းတို့ အများကြီးပိုင်ဆိုင်ထားကြပေမယ့် အုန်ပင်တက်သမား မရှိလို့ အုန်းသီးရည်သောက်ချင်လို့တောင် မသောက်ကြရပါဘူး။ တစ်ချို့ဆိုရင်လည်း ဒီလိုအဖြစ်ပျက်မျိုး အနည်းဆုံးတစ်ကြိမ်တစ်ခါလောက်တော့ ကြုံဖူးကြမယ် ထင်ပါတယ်။

ဒီတစ်ပတ်မှာတော့ ပညာသည်အဆင့် အုန်းပင်တက်သမားတစ်ဦးရဲ့ ဘဝအကြောင်းကို တင်ဆက်ပေးပါ့မယ်။ ဒီဆောင်းပါးမှာတော့ သူ အုန်းပင်တက်သမားတစ်ယောက် ဘယ်လိုဖြစ်လာတယ်။ အုန်းပင်ကို တက်နည်း၊ တက်ဟန်တွေ၊ အုန်းသီးခူး၊ ဆွတ်နည်းတွေ၊ အုန်းသီး တစ်လုံးကို အပုပ်၊ အကောင်း ခွဲခြမ်းစိတ်ဖြာနည်းတွေနဲ့ ဘယ်အသီးမျိုးကို ဘယ်လိုလူတွေက သောက်သင့်တယ်စတဲ့ အကြောင်းအရာ တွေ ပါဝင်ပါမယ်။

ထက်သန်စွာသွေးချွန်ထားတဲ့ ဓားတစ်လက်ကို ခါးမှာထိုး၊ ဂုန်နီအိပ်ခွံအဝါရောင်ကို ခြေလိမ်ကျစ်လို့ရအောင် လုပ်ထားတဲ့ ကြိုးကွင်းသဖွယ် ခြေထုံး တစ်ခုကို လက်မှာကိုင်ပြီး အသားညိုညို၊ အရပ်ခပ်ပုပု လူတစ်ယောက် လမ်းလျှောက်လာနေပါတယ်။ သူက အသက် ၄၀ ကျော်အရွယ် ဦးဦးစိန်ထွန်းပါ။ အဆောတလျင်နဲ့ ဒီလူတစ်ယောက် ဘယ်ကိုလျှောက်သွားနေတာပါလိမ့်။ ရွာထဲကို အုန်းပင်တက်ဖို့ သွားနေတာပါ။

“အုန်းသီးကို မနက်ပိုင်းအေးတဲ့အချိန်မှာ ခူးဆွတ်တယ်။ မနက်ဖန်တင်ဖို့ အတွက် ဒီနေ့ နေ့လည်ပိုင်းလောက်ကနေ အခွံနွှာထားတယ်။ နွှာ ပြီးတော့ ထုပ်ပိုးထားလိုက်တယ်။ မနက်မိုးလင်းတော့ အခုကတော့ ဆိုင်ကယ်နဲ့ပေါ့။ အရင်ကဆို ထမ်းပိုးနဲ့ တစ်ဖက်တစ်ထုပ် ကြိမ်းကြိမ်းမြည်သံပါအောင် ထမ်းပြီးသွားရတာ။ အခုဆိုင်ကယ်ပေါတဲ့ အချိန်ဆိုတော့ ဆိုင်ကယ်နဲ့ ကယ်ရီသမားတွေကို တင်ပေးလိုက်တယ်။”

တကယ်ဆိုရင်တော့ သူက ကူးတိုးသည်တစ်ဦးပါ။

“အငယ်ပိုင်းကဆိုရင် ပင်လယ်မှာ လုပ်စားတယ်။ ပင်လယ်ထဲမှာ လေမုန်တိုင်းနဲ့လည်း ခံဖူးတယ်။ ပင်လယ်ထဲမှာပဲ တစ်ရက်၊ နှစ်ရက် လည်း နေခဲ့ဖူးတယ်။ ဆိုတော့ ကျနော်က ဘယ်လိုစိတ်ကူးလည်းဆိုတော့ ဒီလောက်ထိ ပင်လယ်မှာ ဒုက္ခခံပြီး မလုပ်စားတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ကုန်းမှာပဲ လုပ်စားတော့မယ်လို့။ လယ်လုပ်တယ်။ သူများဆီမှာ လယ်အငှားထွန်တယ်။ တစ်နှစ်စီထွန်တယ်ပေါ့။ မိုးရာသီလုပ်တာဟာ နွေရာသီစားဖို့အတွက် အဆင်မပြေဘူး။ မိုးခါ (ရာသီမှာ) လုပ်တာကို မိုးခါစားလိုက်ရင် ကုန်သွားတယ်။ ကုတိုးလိုက်ရင် နေ့ တိုင်းဝင်ငွေရှိနေတယ်။ ၃ ထောင်ဖိုးရရင် ၂ ထောင်ဖိုးလောက်စုဆောင်းလို့ရတယ်။ ဒါကြောင့် ဒီလို ကုတိုးခတ်ဖို့ ရွေးချယ်ခဲ့တာ။”

သူနေထိုင်တဲ့ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်က ဆံတော်ရှင်ကျွန်းဟာ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်မှာ တည်ရှိတဲ့အလျောက် အုန်းသီးကလည်း ပေါကြွယ်ဝပါတယ်။ ဒါကြောင့် သူတို့ဒေသမှာ ကူတိုးသည်လုပ်တယ်ဆိုရင် ရွာပတ်ပြီး အုန်းသီးလိုက်ဝယ်တာကတော့ အဆန်း မဟုတ်ပါဘူးလေ။

“အုန်းပင်တက်ဖြစ်တာကလေ စွဲစွဲမြဲမြဲတော့ မဟုတ်ဘူး။ အားရင်အားသလို ကြုံရင်ကြုံသလို တက်တယ်။ သပ်သပ်ကြီး အုန်းပင်လိုက် တက်နေတာတော့ မဟုတ်ဘူး။ နားနားနေနေပေါ့။ မြို့ကို မသွားရင်၊ မသွားလျောက် အုန်းသီးတွေကို လူကိုလည်းမရောင်းဘူး။ ကိုယ့် ဟာကိုယ်ပဲ စစ်တွေမှာ သွားရောင်းတယ်။ သူများကို တစ်ဆင့်ခံ ရောင်းလိုက်တယ်ဆိုရင် သူတို့က အပင်ပေါ်က အုန်းသီးတစ်လုံးကိုငွေ ၁၀၀ လောက်ပဲပေးတယ်။ ကိုယ်က မြို့မှာရောင်းရင် ၁၀၀ ကျော်လောက်ကွာသွားပြီ။ သူများကို ရောင်းလိုက်ရင် အဆင်မပြေဘူး။ ကိုယ် လည်း နေ့တိုင်းမြို့ကို သွားနေရတော့လေ။ မြို့ကို မသွားရတဲ့ သူတွေမှာက အုန်းသီး ၁၀၊ ၂၀ လောက်နဲ့ သွားလို့ စရိတ်နဲ့ မကိုက်ဘူး။ ကိုယ့်မှာဆို စရိတ်လည်း ပေးစရာမလိုတော့လို့ ကုတိုးသည်ဆိုတော့။”

အသက် ၄၀ ကျော်နေပြီဖြစ်တဲ့ သူဟာ ဒီအသက်ထက်ဝက်အရွယ်လောက်မှာ အိမ်ထောင်ကျခဲ့ပြီး အိမ်ထောင်ကျတည်းက ဒီလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့တာလို့ ဆိုပါတယ်။ ဒေသအခြေအနေရ ပင်လယ်ထွက်၊ ငါးရှာ အလုပ်တွေ လုပ်ကိုင်ခဲ့ပေမယ့် သူကတော့ အဲဒီအလုပ်နဲ့ နေသားတကျ မရှိခဲ့ပါဘူး။ ဒါကြောင့် သူဟာ ကုန်းပေါ်မှာပဲလုပ်ကိုင်တော့မယ်လို့ဆုံးဖြတ်ခဲ့ပြီး လယ်ထွန်၊ ယာလုပ်၊ အလုပ်တွေလုပ်ကိုင် ခဲ့သလို နောက်ပိုင်းမှာတော့ သူ့အတွက် အဆင်ပြေမယ့် ဒီအလုပ်ကို ရွေးချယ်ခဲ့တာလို့ ပြောပါတယ်။

“အုန်းသီးအရည်သောက်ကို အောက်ကိုပစ်ချရင်ကွဲသွားတယ်မလား။ မကွဲရအောင်အတွက် ဘယ်လိုလုပ်လဲဆိုရင်။ ဥပမာဗျာ။ လူက ၅ ယောက်ဆိုပါတော့ တစ်ယောက်တစ်လုံးသောက်မယ်ဆိုရင် အညှာကို နှစ်လုံးတစ်တွဲစီ ချည်လိုက်တယ်။ ၄ လုံးပေါ့။ ၄ လုံးကို ပုခုံပေါ် တင်တယ်။ ၄ လုံးပဲဖြစ်သေးတယ်လေ။ ၅ ယောက်ပါနေတာကြောင့် နောက်တစ်လုံးကို ပါးစပ်မှာကိုက်ပြီးတော့ ဆင်းလာရတယ်။ တစ် ချို့ဆိုရင် ခြေထုံးထဲမှာ ထည့်ယူခဲ့လို့ရတယ်။ ဒါပေမဲ့ အန္တရာယ်ရှိတယ်။ ခြေလေးလာလို့ ချိတ်လို့မရလိုက်ဘူးဆိုရင် အောက်ကိုပြုတ်ကျ သွားနိုင်တယ်။”

ဒီအလုပ်ကို စစချင်းလုပ်တဲ့အခါမှာတော့ သူက အသက်န္တရာယ်ကြုံခဲ့ရတာတွေလည်း ရှိပါတယ်။

“လူပျိုဘဝတုန်းက တစ်ခါဖြစ်ဖူးတယ်။ တက်တဲ့အုန်းပင်ကတော့ အလက်အကြီးကြီးပေါ့။ အဲဒီအုန်းပင်က အသီးကို ထိုင်ပြီးဆွတ်နေတာ။ ညဥ့်သန်းခေါင်မှာ လပြည့်နဲ့ဆိုတော့ လူငယ်လည်းဖြစ်လို့ ပျော်ပျော်ပါးပါးတက်တာ။ တက်တော့ အုန်းလက်ပြုတ်ဆင်းလာလို့ ဝမ်းဗိုက်ကို အငုပ်ထိုးသွားတယ်။ လခွဲလောက်တော့ ခံလိုက်ရတယ်။”

ဒါပေမယ့် နောက်ပိုင်းမှာတော့ ဒီလုပ်ငန်းနဲ့ နေသားတကျရှိလာခဲ့ပြီး ကျွမ်းကျွန်းကျင်ကျင်ဖြစ်လာခဲ့ပါတယ်။ အုန်းပင်တက်နည်းတက်ဟန် တွေအကြောင်းကို သူက အခုလို ရှင်းပြပါတယ်။

“အုန်းပင်တက်တဲ့အခါ အပေါ်ကိုပဲ အာရုံစိုက်ပြီး တက်ရတယ်။ အုန်းပင်အဖျားကိုရောက် သွားပြီဆိုတာနဲ့ ကိုယ့်မှာလက်တစ်ဖက်နဲ့ ကိုင် ထားတယ်။ တစ်ဖက်နဲ့ ဆွတ်တယ်။ ညောင်းလာရင် သတိထားပြီးတော့ လှုပ်ရှားရတယ်။ ညောင်းလာရင် တုန်လာတယ်။ တုန်လာတာနဲ့ ပန္လင်ဖူးပေါ်ကို ရောက်အောင်တက်ရတယ်။ လက်သာပြုတ်ကျသွားရင် အရိုးကျိုးသွား မယ်။ သေရင်လည်း သေသွားနိုင်တယ်။ ပန္လင်ဖူး ပေါ် တက်လို့ သေသေချာချာ ဆွတ်လို့ပြီးမှ ဆင်းရင်လည်း သေသေချာချာဆင်းပြီးမှ ရုန်းရင်းဆန်ခတ်လုပ်လိုက်လို့ ဥာဏ်သာမမှီလိုက် ရင် အောက်ကိုပြုတ်ကျပြီ။ အောက်ကို ဆင်းတဲ့အခါမှာလည်း အောက်ကိုကြည့်ဆင်းလို့ မရဘူး။ အပေါ်ကိုပဲ ကြည့်ဆင်းရတယ်။ အောက်ကိုကြည့်လို့ ဆင်းတာနဲ့ တော်တော်မြင့်ရင် ခေါင်းတွေယိုင်လာမယ်။ အပူဒဏ်နဲ့ဆိုရင် လက်က ပြုတ်ကျသွားရင် အန္တရာယ်ရှိ တယ်။ အောက်ကိုလုံးဝ မကြည့်နိုင်ဘူး။ တော်တော်မြင့်ရင် စိတ်လွတ်သွားနိုင်တယ်။ အောက်ကိုလုံးဝမကြည့်ပဲ အုန်းပင်ပေါ်ပဲ ကြည့် ဆင်းလာရတယ်။ တစ်ချို့တစ်လေက အမောဆို့လာရင် တစ်ပိုင်းလောက်ကနေ ပေါက်ကနဲ ခုန်ဆင်းလိုက်တယ်။ ရောက်ပြီဆိုပြီးတော့။ ကတယ်တော့ မရောက်သေးဘူး။ ဒီလိုဆို ရင်ဘတ်တွေမှာ ထိခိုက်တာတွေဖြစ်တယ်။ နောက်ပြီး ဓားနဲ့တက်သွားလို့ အပေါ်ကိုရောက်ရင် ဓားတစ်ဖက်၊ အုန်းသီးတစ်ဖက်၊ အဲဒီလို လုပ်လို့မရဘူး။ တစ်ဖက်ကို သေချာကိုင်ပြီးမှ အုန်း ခိုင်ကို ခုတ်လို့ နိုင်၊ မနိုင် စစ်ကြည့်ပြီးမှ မနိုင် ဘဲနဲ့ ကျပန်းခုတ်လို့ မရဘူး။ ဓားပြုတ်ကျရင် အန္တရာယ်ရှိတယ်။”

မိသားစု ၇ ယောက်ကို လုပ်ကိုင်ကျွေးမွေးနေရတဲ့ ဦးဦးစိန်ထွန်းဟာ ကူးတိုးသည်တစ်ယောက် ဖြစ်တဲ့အလျောက် တစ်နေကုန် ကူတိုး သွားနေရပြီး အားတဲ့အချိန်တွေမှသာ အုန်းသီးတွေကို ရွာထဲက လိုက်လံဝယ်ယူရတာပါ။ ဒီလို လိုက်လံဝယ်ယူရာမှာလည်း အုန်းပင် တက်သမားဟာလည်း သူကိုယ်တိုင်ဖြစ်သလို အခွံနွာတာ၊ ထုပ်ပိုးတာတွေကိုလည်း သူကိုယ်တိုင်ပဲ လုပ်ဆောင်ရတာပါ။

“အုန်းသီးက အကောင်းနဲ့ အပုပ်နဲ့ တစ်ပုံစံတည်းပဲ။ ခွဲလို့မရဘူး။ အုန်းပင်တက်နေကျလူဆိုရင် ကိုင်ကြည့်လိုက်တာနဲ့သိတယ်။ ဘယ် အုန်းသီးက အကောင်း၊ ဘယ်အသီးက အပုပ်ဆိုတာကို ကြီးတာ၊ ငယ်တာနဲ့ မဆိုင်။ ကြီးတဲ့ဟာမှာလည်း အပုပ်ပါနိုင်သလို ငယ်တဲ့ဟာ မှာလည်း ပါနိုင်တယ်။ ကြည့်လိုက်ရင်တော့ အကောင်းပဲ။ ကိုင်လှုပ်ကြည့်မှ သိတာ။ တစ်ခြားလူတွေကလည်း အကောင်းထင်ကြတယ်။ ကျနော်လက်ကိုင်ကြည့်လိုက်တာနဲ့ အပုပ်။ တကယ်တော့ အုန်းသီးပုံသဏ္ဍန်က မတူဘူး။ ကိုယ်ဒွေက ကျင့်သားရနေပြီမို့။ ကိုင်လိုက်တာ နဲ့ ပေါ့ပြီးတော့ အရည်လည်း မလှုပ်တော့ဘူး။ အရည်မလှုပ်ပဲနဲ့ ခြောက်တာတွေလည်း ရှိတယ်။ ၅ လုံးဆိုရင် ၅ လုံးစလုံး အရည်မလှုပ်။ ဒါပေမဲ့ အပုပ်နဲ့ အရည်သောက်ခွဲခြားသိရတယ်။ ပေါ့လည်းပေါ့တယ်။ အုန်းသီးပုံသဏ္ဍကလည်း ပျောင်ပြီးတော့ ဖြစ်နေတယ်။ ကျန်တာ အကုန်လုံးအကောင်းပဲ။ နည်းနည်းလေး မသိမသာပဲကွာတာ။”

သူက အုန်းပင်တက်တာ၊ အုန်းသီးရွေးတာစတဲ့ ကဏ္ဍတွေမှာပါ ပရိုဖက်ရှင်နယ်ဆန်ရုံမကလို့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေကိုလ ည်း လေ့လာထားသူပါ။ ကိုယ်ဝန်ဆောင်သည်တွေက ဘယ်လို အုန်းသီးအမျိုးအစားကို သောက်သုံးသင့်တယ်။ မူးဝေနေတဲ့သူတွေက ဘယ်အသီးမျိုးကို သောက်သုံးသင့်တယ်။ ပုံမှန်လူတွေကကော ဘယ်လိုအသီးအမျိုးကို သောက်သုံးသင့်ပါသလဲ။

သူပြောပြတာက “အုန်းသီးအငယ် အသားမပါတဲ့ အုန်းသီး။ အဲဒီအုန်းသီးကို ရင်ပူကပ်တယ်။ ထမင်းစားလို့မရဘူး။ အော့အန်တဲ့သူတွေ ဟာ အသားမပါတဲ့ အုန်းသီးကိုသောက်လိုက်တဲ့အားဖြင့် အရက်သောက်ထားတဲ့သူဟာ စိတ်တွေလန်းဆန်းသွားတယ်။ ကိုယ်ဝန်ဆောင် သည် သောက်သင့်တာက အသားလည်း  သိပ်မပါရဘူး။  အသားလုံးဝ မပါရင်လည်း အချဉ်ဓာတ်ပေါက်သွားတယ်။ အချဉ်ဓာတ်ပေါက် သွားတာနဲ့ ကိုယ်ဝန်ဆောင်တွေအတွက် မကောင်းဘူးလေ။  အသားနည်းနည်းပါမှ အချိုဓာတ်ပေါက်တယ်။ ပြီးမှ ဓာတ်ဆားရည်လိုလို ဖြစ်သွားတယ်။ ပုံမှန် လူတွေကတော့ ဆာတာသောက်ချင်သောက်၊ ချဉ်တာသောက်သောက်၊ သောက်ချင်တာသောက်လို့ရတာကိုး။”လို့ ဖြစ်ပါတယ်။

သူက အုန်းပင်အတက်တော်ပါတယ်။ အုန်းသီးအရွေးတော်ပါတယ်။ ဟုတ်ပါတယ်။ မှန်ပါတယ်။ အဲဒီအကြောင်းကို ခုလို မျှဝေပါသေးတယ်။

“အောက်ကနေလို့ အုန်းပင်တစ်ပင်ကို ကြည့်လိုက်ခြင်းအားဖြင့် အုန်းပင်မှာ အုန်းသီးက ပတ်လည်သီးနေတယ်။ ဆိုရင် အုန်းသီးတစ်လုံး ခြောက်တယ်၊ မခြောက်ဘူးဆိုတာကို အဲဒီအုန်းသီးပေါ်က အုန်းသီးဟာ လက်ပေါ့၊ အသားပါတဲ့ အုန်းသီးဆိုရင် အောက်ကခံနေတဲ့ အ သီးက ခြောက်ပြီ။ တစ်ဖက်မဲ မခြောက်သေးဘူးဆိုရင် အောက်က နို့စည်ဗူးလောက် အပေါ်က ခံနေတယ်ဆိုရင် အဲဒီသီးဟာ လက်ပေါ့။ အရည်သောက်ဆိုရင် အရည်သောက်ထက်က အဖူးမှာ အသီးက သေးသေးလေး။ ကွမ်းသီးလုံးလေးလို။ ဆိုရင် အောက်ကအသီးဟာ အရည်သောက်။ နောက်ပြီး အဲဒီအုန်းသီးနဲ့ ကပ်ပြီး အခွံမဲဆိုရင် အောက်ကအုန်းသီးက ပေါ့သွားပြီ။ အသားထူဖြစ်နေပြီ။”

ဒါပေမယ့် သူမကျွမ်းကျင်တဲ့ အရာလည်း ရှိပါတယ်။ အုန်းသီးလိုမျိုး အကြမ်းထည် ထုတ်ကုန်တစ်ခုတည်းမှ မဟုတ်ဘဲ အမျိုးမျိုးသော တောင်သူလယ်သမားတွေကပါ ခံစားနေကြရတာပါ။ ဒါကတော့ ကုန်စည်တွေရဲ့ ပထမထုတ်လုပ်သူတွေက လူတန်းစားတွေဟာ ဆင်းရဲ သည်ထက် ဆင်းရဲလာပြီး သူတို့ရဲ့ ထုတ်ကုန်တွေကို အသုံးချပြီး တစ်ဆင့်ခံဝယ်ယူသူတွေကသာ အမြတ်ကြီးရသွားကြတာပါ။

တကယ်တမ်းကျတော့ ဒါက ဖြစ်သင့်တဲ့ကိစ္စ မဟုတ်ပါဘူး။

“ကျနော်တို့ဆီက အုန်းသီးတစ်လုံးကို၂၀၀၊ ၃၀၀ နဲ့ ရောင်းလို့ ပိုက်ဆံတောင်မချေရသေးဘူး။ သူတို့က ချက်ချင်း ၁၀၀၀၊ ၁၅၀၀ ရောင်း ပစ်လိုက်ကြပြီ။ အဲဒီလိုတွေ မြင်ရတယ်။ အကြီးကြီးတွေဆိုလည်း အတင်းတောင်းမှ ၄၀၀၊ ၅၀၀ လောက်ရတယ်။ အဲဒါတွေကို ကြည့်နေ ရတယ်။ ဘယ်လိုခံစားရမယ်လို့ ဆိုရမလဲ ကျနော်တို့ဆီက တစ်ခြားသူမှ မဝယ်တာ။ သူတို့ကပဲဝယ်နေတာကို။ သူတို့တွေနဲ့ ကိုယ်တို့တွေ မျှမျှတတဖြစ်စေချင်တာပေါ့။”

ဒီဟာတွေက ဘာနဲ့ဆိုင်လဲလို့ဆိုရင် အုန်းသီးရောင်းချဖို့အတွက် ဈေးကွက်ကောင်းကောင်း မရှိတာ၊ ရွေးချယ်မှု မရှိတာတွေနဲ့ တိုက်ရိုက် သက်ဆိုင်နေတာပါ။

ပိုဆိုးတာတစ်ခုကတော့ နည်းပညာအခက်အခဲပါ။ သူတို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ပေါင်းများစွာကလည်း ဒီနည်းလမ်းကိုအသုံးပြု ပြီး၊ ရှိသမျှ ကိုယ်ကာယအားစိုက်ပြီး အုန်းပင်ပေါ်တက်၊ အုန်းသီးကို အခွံနွှာစတဲ့ ရှေးရိုးနည်းစဉ်အတိုင်းသာ လုပ်နေကြရတာပါ။ တကယ် ဆိုရင် ဒီလောက်အုံးသီးပေါကြွယ်ဝတဲ့ နေရာမျိုးမှာ စက်ရုံတွေ၊ ဘာတွေစတဲ့ဟာတွေ မရှိဘူးဆိုရင်တောင် သူတို့ကို ခေတ်မှီစက်ကိရိ ယာတွေ ပံ့ပိုးပေးမှုနေရှိနေသင့်ပါပြီ။

“ကျနော်တို့ စိတ်ကူးတာက ဒီကျွန်းမှာ ဒီလောက်အုန်းသီးတွေ ထွက်ရဲ့သားနဲ့ စစ်တွေကိုပဲ သွားတင်ရတယ်။ စစ်တွေမှာ ဝယ်သူတွေက လည်း ဈေးကြီးမပေးဘူး။ တစ်ကျွန်းလုံးမှာ ဒီလောက်အုန်းခြံတွေပေါတာ။ အုန်းဆီစက်တွေဖြစ်ဖြစ် ဒီကျွန်းမှာ တစ်ခုခုသာရှိမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲပေါ့။ ငါတို့ဆင်းရဲသူဆင်းရဲသားတွေလည်း နည်းနည်းပါးပါး အဆင်ပြေကြမှာလို့လည်း စိတ်ကူးမိတာ ပေါ့။”

 1,215 total views,  1 views today