Arakan Yoma |

သက်လူငယ်နှင့် ရိုးရာဓလေ့ထုံးစံနဲ့ ပတ်သက်ပြီးတော့ စကားဝိုင်းတစ်ခုကို စက်တင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

သက်လူမျိုးတွေဟာ ဝိုင်းဖွဲ့နေထိုင်ကြစဉ်တုန်းက ရိုးရာဓလေ့ထုံးစံတွေကို လူငယ်တွေအနေနဲ့ သိရှိကြပေမယ့် နေရာအနှံ့ဖြန့်ကြဲနေထိုင် လာစဉ်မှာတော့ ရိုးရာဓလေ့တွေဟာ တဖြည်းဖြည်းပျောက်ကွယ်လာပြီး သိရှိမှုအားနည်းလာမှုတွေကို ဖြေဖျောက်နိုင်ဖို့အတွက်ရည်ရွယ် ပြုလုပ်ရတာလို့ ဦးဆောင်ပြုလုပ်တဲ့ သက်လူငယ်ဖွံ့ဖြိုးရေးအသင်းက ပြောပါတယ်။

သက်လူငယ်ဖွံ့ဖြိုးရေးအသင်းဥက္ကဌ ကိုအေးဝင်းလှိုင်က “အရင်တုန်းက ကျွန်နော်တို့လူမျိုးတွေက ရွာအလိုက်စုပြီးနေကြတော့ သူတို့က ရိုးရာဓလေ့ထုံးစံတွေကို မြင်ဖူးကြားဖူးနေကြတယ်။ အခုကတော့ အဲဒီလို မရှိကြတော့ဘူး။ မြို့ကြီးပြကြီးတို့၊ ရန်ကုန်တို့ကိုရောက်သွားကြ တော့ ရန်ကုန်မှာ ပေါက်ဖွားတဲ့လူငယ်တွေလည်း ရှိကြတယ်။ အဲဒီထဲမှာ လူငယ်တွေက ရိုးရာယဉ်ကျေးမှုနဲ့ ထုံးတမ်းစဉ်လာတွေကို မသိ ကြတော့ဘူး။ အဲဒါတွေကို ပိုမိုပြီးသိရှိလာဖို့အတွက် ရည်ရွယ်ပြီး လုပ်တာ။”လို့ ပြောပါတယ်။

ဒီဆွေးနွေးပွဲစကားဝိုင်းမှာတော့ သက်လူမျိုးထဲက အထင်ကရပုဂ္ဂိုလ်တွေက ဆွေးနွေးခဲ့ကြပြီး ရခိုင်ပြည်နယ်ထဲမှာ နေထိုင်ကြတဲ့ သက် လူငယ်တွေ၊ ရန်ကုန်နဲ့ တစ်ခြားမြို့နယ်အနှံ့ကို ရောက်ရှိနေကြတဲ့ သက်လူငယ်တော်တော်များများက တက်ရောက်ခဲ့တယ်လို့ သိရပါ  တယ်။

ဒီလိုဆွေးနွေးပွဲပြုလုပ်လိုက်ခြင်းအားဖြင့် လူငယ်တွေအနေနဲ့ သူတို့ရိုးရာဓလေ့ထုံးစံတွေအကြောင်းကို သိရှိခဲ့ကြရပြီး အစိုးရအနေနဲ့ရော အဖွဲ့စည်းတွေအနေနဲ့ကပါ ဒီလိုဆွေးနွေးမှုတွေ ပြုလုပ်ပေးမယ်ဆိုရင် သူတို့လူမျိုးတွေအတွက် ပိုမိုအကျိုးနိုင်မယ်လို့ ကိုအေးဝင်းလှိုင်က ပြောပါတယ်။

“ဒီလိုရိုးရာဓလေ့ထုံးစံတွေကို နောက်ထပ်လည်းလုပ်သင့်တယ်။ အခုကတော့ ကျနော်တို့က တစ်ခြားအဖွဲ့အစည်းတွေရဲ့ ဝင်ငွေတွေနဲ့ လုပ်နေတာတော့ မဟုတ်ပါဘူး။ ကိုယ်တတ်နိုင်သလောက် ကိုယ်ထူကိုယ်ထလုပ်ကြတာသာဖြစ်တယ်။ တစ်ခြားအဖွဲ့အစည်းတွေနဲ့ နိုင် ငံတော်ကလည်း ကူညီပေးမယ်ဆိုရင်တော့ ကျနော်တို့လည်း ပိုမိုလုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။”

သက်လူမျိုးတွေဟာ ရခိုင်မျိုးနွယ်စု ၇ မျိုးထဲက မျိုးနွယ်စုတစ်ခုအပါအဝင်ဖြစ်ပြီး တစ်နိုင်ငံလုံးမှာမှ လူဦးရေအားဖြင့် ၃၀၀၀ ကျော် လောက်ရှိတာလို့ သိရပါတယ်။ သူတို့တွေဟာ ရခိုင်ပြည်နယ်ထဲက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်စတဲ့မြို့နယ်တွေမှာ အများဆုံးနေထိုင်ကြပြီး လက်ရှိမှာတော့ ရခိုင်ပြည်နယ်အနှံ့အပါအဝင် ရန်ကုန်တို့မှာလည်း ဖြန့်ကြဲနေထိုင်လျှက်ရှိကြကာ လူမှုရေး၊ ပညာရေးစတဲ့ဏ္ဍတွေမှာ အားနည်းရှိတွေ၊ လိုအပ်ချက်တွေ ရှိနေတဲ့ လူမျိုးစုတစ်ခုလည်း ဖြစ်ပါတယ်။

 477 total views,  1 views today