Arakan Yoma |

ရခိုင်လူငယ်များဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေး အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ရန်ကုန်တွင် ကျင်းပခဲ့ကြသည်။

ထိုဆွေးနွေးပွဲကို ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ ဦးဆောင်ခဲ့ပြီး လက်ရှိအစိုးရအဖွဲ့တွင် ထိုဝန်ကြီးဌာနကို ဦးဆောင်နေသည့် ရခိုင်အမျိုးသားပါတီက ၎င်းတို့ ပါတီမှ လူငယ်များ၏ ဖြတ်သန်းမှုနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် လူငယ်များ ပါဝင်ရန်၊ အားဖြည့်ရန် လိုအပ်နေမှုအပါအဝင် လူငယ်တို့၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဆွေးနွေးခဲ့ကြသည်။

ယခုနှစ် ၂၀၁၉ စက်တင်ဘာ ၁ ရက်နေ့နှင့် စက်တင်ဘာ ၂ ရက်နေ့များတွင် ရန်ကုန်မြို့ရှိ ၉၉ အမည်ရ ဟိုတယ်၌ ပြုလုပ်သည့် ၎င်းဆွေးနွေးပွဲသို့ ရန်ကုန်နှင့် ရခိုင်ရှိ လူငယ်များက တက်ရောက်ခဲ့သည်။

 “ဒီလိုမျိုးအလုပ်ရုံဆွေးနွေးပွဲကတော့ ရခိုင်လူငယ်တွေအတွက် အများကြီးကောင်းပါတယ်။ လူငယ်တွေဟာ တိုင်းပြည်နယ်တည်ဆောက် ရေးကာလမှာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အခန်းကဏ္ဍအနေနဲ့ ပါဝင်လာမှာဆိုတော့ ဒီလိုမျိုးစွမ်းရည်မြှင့်သင်တန်းတွေပေးတာက ကျနော်တို့လို လူငယ်တွေအတွက် အများကြီး အကျိုးရှိပါတယ်။”ဟု ရခိုင်အမျိုးသားပါတီလူငယ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဆန်းဌေး မောင်က ပြောသည်။

ယင်းသို့ ရခိုင်လူငယ်များအတွက် ရည်ရွယ်ပြီး ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲများကို ရန်ကုန်တွင် မဟုတ်ဘဲ ရခိုင်ပြည်နယ်အတွင်းသာ ပြုလုပ်လျှင် ရခိုင်လူငယ်များအနေဖြင့် ပိုမိုအဆင်ပြေနိုင်ပြီး ရန်ကုန်သို့ လာတက်ရသည့်အတွက် အခက်အခဲများကြောင်း၊ ရခိုင်ပြည်နယ် အတွင်းပြုလုပ်လျှင် ပိုမိုထိရောက်မှုရှိမည်ဖြစ်ကြောင်း ပြောဆိုကြသည်။

အခမ်းအနားမှာ အဆိုပါတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်အပါအဝင် ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်များဖြစ်ကြသည့် ဦးဦးလှစော၊ ဦးသာထွန်းလှတို့အပါအဝင် ရခိုင်အမျိုးသားပါတီလူငယ်အဖွဲ့မှ လူငယ်ခေါင်းဆောင်များနှင့် ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ်ကိုယ်စားပြုလူငယ်များ၊ ကျောင်းသားသမ္မဂအဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြသည်။

 411 total views,  1 views today