ရိုးမရေဒီယိုမဂ္ဂဇင်း

သြဂုတ် ၂၁ ရက်။ ။ ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ သံအမတ်ကြီး မစ္စရိုဆာရီယိုမယ်နာလို ဦးဆောင်တဲ့ အဖွဲ့ဟာ သြဂုတ်လ ၁၆ ရက်နေ့ ညနေက သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ကော်မရှင်ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး နိုင်ငံတကာက ကျွမ်းကျင်သူများ အပါအဝင် ကိုယ်စားလှယ် လေးဦးနဲ့ ဖွဲ့စည်းခဲ့တာပါ။

ဖွဲ့စည်းပြီးတဲ့နောက် သြဂုတ် ၁၄ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်ထောင်စု ဝန်ကြီးအဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး လုပ်ငန်းတာဝန် သတ်မှတ်ချက်များကို ဆွေးနွေးခဲ့ကြမှု အခြေအနေများကို ရှင်းလင်းခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ နိုဝင်ဘာ ၂၃ ရက်နေ့က ရခိုင်ဒေသကနေ ရွေ့ပြောင်းထွက်ခွာသွားသူများကို ပြန်လည် လက်ခံရေး အစီစဉ်များနှင့် ပတ်သက်ပြီး ပြန်လာကြရာမှာ သူတို့ သဘောအလျောက် လုံခြုံစိတ်ချစွာ ဂုဏ်သိက္ခာရှိရှိ ပြန်လည် နေထိုင်နိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီးတော့လည်း ကော်မရှင်နှင့် အစိုးရအကြား ဆွေးနွေးခဲ့ကြတယ်လို့ အဲဒီ ရှင်းလင်းပွဲမှာ သတင်းမီဒီယာများကို ပြောပါတယ်။

ဒါ့အပြင် ကော်မရှင် လုပ်ငန်းတာဝန် သတ်မှတ်ရာမှာလည်း  ပါဝင်တဲ့ အဓိကအချက်အနေဖြင့် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နှင့် ၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက်တွင် ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုများမှာ စွပ်စွဲခံရ သူများကို စုံစမ်းစစ်ဆေးသွားပြီး ဘယ်သူတွေက တာဝန်ရှိသလဲ၊ ဘယ်လိုအဖြေရှာမလဲဆိုတာကိုပါ အကြံပြုချက်များ ရေးပေးသွားမှာလို့ ဆိုပါတယ်။

အဲဒီလို စုံစမ်းစစ်ဆေးရာမှာလည်း မြန်မာအစိုးရရဲ့ ၁၉၅၀ ပြည့်နှစ်က ရေးဆွဲခဲ့တဲ့ စုံစမ်းစစ်ဆေးရေးကော်မတီ အက်ဥပဒေပါအတိုင်း လုပ်ငန်းတာဝန်များကို ဆောင်ရွက်သွားမယ်လို့ သတင်းမီဒီယာများကို ပြောပါတယ်။

လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာမှာလည်း ပြည်ထောင်စုအစိုးရ၊ တိုင်းအစိုးရနှင့် ပြည်နယ်အစိုးရများအပြင် အခြား သက်ဆိုင်တဲ့ အာဏာပိုင်များနှင့်လည်း ပူးပေါင်းမှာ ဖြစ်သလို သတင်းအချက်အလက်တောင်းခံတာ စုဆောင်းတာ ၊ သက်သေခံချက်များ ရယူသွားမှာ ဆိုပါတယ်။ သက်သေခံချက်များ ရယူရာမှာလည်း အစိုးရများအပါအဝင် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများက ကိုယ်စားလှယ်များနှင့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိ သူများနှင့် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အဲဒီလို အဆင့်ဆင့် တွေ့ရှိလာတဲ့ တွေ့ရှိချက်များကို အစီရင်ခံစာ တင်တဲ့အခါ အကြံပြုချက်တွေပါ ပါဝင်မှာဖြစ်ပြီး ဒါကို နိုင်ငံတော်သမ္မတကို တင်ပြသွားမယ်လို့ ဆိုပါတယ်။ ကော်မရှင်ရဲ့  အတွင်းရေးမှူးရုံးကို မြန်မာနိုင်ငံမှာ ရုံးစိုက်မှာဖြစ်ပြီး အတွင်းရေးမှူးရုံးမှာ ဥပဒေဆိုင်ရာကျွမ်းကျင်သူများနှင့် နိုင်ငံတကာ ကျွမ်းကျင် ပညာရှင်များကို လိုအပ်သလို ခေါ်ယူသွားမယ်လို့ သတင်းမီဒီယာများကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။

 411 total views,  1 views today