Htoo | Arakan Yoma

ဒီတစ်ပတ်မှာတော့ ဝါးနှီးတွေထိုးပြီး ခြင်းတောင်းတွေ ရက်လုပ်ရောင်းချတဲ့ အဘိုးတစ်ယောက်အကြောင်းကို တင်ပြပေးချင်ပါတယ်။ သူကတော့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကယ်ဆယ်ရေးကွက်မှာနေထိုင်တဲ့ အသက် (၇၈) နှစ်အရွယ် ဦးရွှေဘိုင်း ဖြစ်ပါတယ်။ သူဟာ ဘာကြောင့် ဒီအလုပ်ကို လုပ်ကိုင်နေရတာလဲ၊ တစ်ရက်ဝင်ငွေဘယ်လောက်ရလဲ၊ ဘယ်လိုပုံစံမျိုးရက်လုပ်ရလဲ စတာတွေကို မေးမြန်း တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

အရွယ်သုံးပါးထဲက နောက်ဆုံးအရွယ်ကို ရောက်ရှိနေပြီဖြစ်ပေမဲ့ မိသားစုအခြေအနေကြောင့် သူဟာ အနားမယူဘဲ လက်ရှိအချိန်ထိ ရုန်းကန်လုပ်ကိုင်နေရဆဲ ဖြစ်ပါတယ်။

“အရင်က စစ်တွေ၊ နာဇီရွာမှာနေခဲ့တယ်။ ဇာတိကလည်း စစ်တွေကပဲ။ စစ်တွေမှာ ကုလားနဲ့ပြဿနာဖြစ်တုန်းကနေ လုပ်လာတာပေါ့။ ဒီဖက်ကို ပြောင်းလာတည်းက လုပ်တာ။ နာဇီရွာမှာနေတုန်းကလည်း ဒီအလုပ်ပဲ။ အဲဒီမှာလည်း ဒီအလုပ်။ ဒီကိုရောက်တော့လည်း ဒီအ လုပ်ပေါ့။ ဒီလိုလုပ်လာတာ နှစ်ပေါင်း လေးဆယ်၊ ငါးဆယ်လောက်ရှိပြီ။”

သူဟာ စစ်တွေမြို့ဇာတိဖြစ်ပြီး အရင်ကတော့ နာဇီရွာရပ်ကွက်မှာ နေထိုင်ခဲ့သူဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ရခိုင်-မူဆလင် အဓိကရုန်းဖြစ် ပြီးနောက်ပိုင်းမှာတော့ စစ်တွေမြို့က ဒေသခံတစ်ချို့ကို ဆတ်ရိုးကျကယ်ဆယ်ရေးရပ်ကွက်ကို ပြောင်းရွှေ့ရာမှာ သူတို့မိသားစုလည်း အပါအဝင်ဖြစ်ပါတယ်။

ဒီအလုပ်ဟာ အလွန်တရာသေးငယ်တဲ့ လက်မှုပညာလေးတစ်ခုဆိုပေမဲ့ အလွန်တရာအချိန်ပေးအားစိုက်လုပ်ကိုင်ရတဲ့ လုပ်ငန်းတစ်ခုပါ။ ခြင်းတောင်းငယ်လေးတစ်လုံး ဖြစ်လာဖို့အတွက်လည်း အဆင့်ဆင့်ပြုလုပ်ရတာက သာမန်လူတွေအတွက်ကတော့ လွယ်ကူလှတဲ့ ကိစ္စ တစ်ခု မဟုတ်ပါဘူး။

“ဒါလုပ်ဖို့အတွက်ကတော့ ဘာမှထွေထွေထူးထူး မလိုဘူးလေ။ ဝါးလိုတယ်။ ကြိမ်လိုတယ်။ ကွပ်ဖို့အတွက်။ ကြိမ်မရလို့ ကြိုးနဲ့ ကွပ်နေရ တယ်။ အခုက။ သွားလို့ရောင်းတော့ ၃ ထောင်၊ ၂ ထောင် အဲ့လောက်ပဲရတယ်။ လုပ်ရတာက ၄၊ ၅ ရက်။ ဝါးဝယ်ရတယ်။ နှီးထိုးရတယ်။ ဈေးကို သွားပြီးရောင်းရတယ်။”

ခြင်းတောင်းရက်လုပ်ဖို့အတွက် အဓိကကုန်ကြမ်းကတော့ ဝါးဖြစ်ပါတယ်။ နောက်ပြီးတော့ ခြင်းတောင်းကို ခိုင်ခံ့အောင်ပြုလုပ်ဖို့အတွက် အနားကိုကွပ်ဖို့ ကြိမ်ကလည်း လိုပါတယ်။ အခုအချိန်မှာတော့ ကြိမ်တွေရှားပါးလာတာကြောင့် ပလတ်စတစ်ကြိုးတစ်မျိုးကို အစားထိုး အသုံးပြုနေရတယ်လို့ ဆိုပါတယ်။

ရက်လုပ်ပြီး ရလာတဲ့အချောထည် ခြင်းတောင်းတွေကိုတော့ စစ်တွေမြို့မဈေးကိုသွားပြီး ဈေးဆိုင်တွေက တစ်ဆင့်ရောင်းချတာမျိုးရှိ သလို ဟင်းသည်၊ ငါးသည်တွေဆီကို တိုက်ရိုက်သွားရောင်းတာမျိုးလည်း ရှိပါတယ်။

“ဈေးကြီးမှာသွားရောင်းတယ်။ ဆိုင်မှာသွင်းတယ်။ ခြင်းတောင်းတွေကို ဝယ်တဲ့ဆိုင်ရှိတယ်။ အဲဒီက လက်မခံတော့ဘူး။ များနေပြီ ဆိုလို့ရှိရင်တော့ ဈေးမှာသွားရောင်းတယ်။ ဟင်းတန်းတွေမှာ ဟင်းရောင်းတဲ့ မိန်းမတွေဝယ်ကြတယ်။ ဝယ်ထားတာတွေ များနေကြ ပြီဆိုရင်တော့ ရောင်းမကောင်းတော့ဘူး။ ဒီကောင်တွေက အချိန်နည်းနည်းနဲ့ ပျက်စီးတာက မဟုတ်လေ။ ၂ လ၊ ၃ လကြာလောက်မှ ပျက်တယ်။ အဲကျမှ ဝယ်ကြတာ။ ကုန်ရင်မှာကြတယ်။ ၁၀၊ ၉ လုံးလောက်ယူခဲ့ဆိုတော့ သွားပေးလိုက်တယ်။”

အချိန်ကုန် အားစိုက်ပြီး လုပ်ရတဲ့ အလုပ်ဖြစ်သလောက် လူပင်ပန်းခံရကျိုးကတော့ မနပ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဝါးတစ်လုံးက ခြင်းတောင်းငယ် ၃ လုံးလောက်ရတယ်ဆိုပေမဲ့ လုပ်ရင်းနဲ့ ပျက်စီးတတ်တာကြောင့် လွှတ်ပစ်လိုက်ရတဲ့အခါတွေလည်း အမြဲလိုလို ကြုံ ရလေ့ ရှိပါတယ်။ ဒီအကြောင်းကိုလည်း အဘိုးဦးရွှေဘိုင်းက အခုလိုပဲ ပြောပြပါတယ်။

“ဝါးတစ်စွပ် (၁၀လုံး) ကို ၃ ထောင် ကျတယ်လေ။ ဝါးတွေကတော့ ကိုယ့်အိမ်ရှေ့မှာလာရောင်းတယ်။ ဝါးတစ်လုံးက ခြံ ၃ လုံးလောက်ရ တယ်။ ရပ်စောက်တောင်းတစ်မျိုးရက်တယ်။ ဟင်းရောင်းတဲ့ ခြံတစ်မျိုးရက်တယ်။ ဝါးဖိုးနဲ့က မကိုက်ဘူး။ ဒီလို အလုပ်မရှိလို့သာလုပ်နေရ တာ။ ခြံတစ်လုံးလုပ်ရင် သုံးခြံဖိုးလောက်ကို လွှင့်ပစ်လိုက်ရတယ်။ ဝါးတစ်လုံးက။ ခြံတစ်လုံးကို ၂၅၀၀၊ ၂၀၀၀၊ တစ်ခါတစ်ခါဆိုရင်၁၅၀၀ ရာနဲ့လည်း ရောင်းလိုက်ရတာပေါ့။ တောင်းဆိုရင် ၁၅၀၀၊ ခြံဆိုရင် ၂၀၀၀ ပေါ့ အဲလိုရောင်းတယ်။ အမြတ်က မရှိတော့ဘူးလေ။ ဘယ်က မြတ်ရတော့မှာလဲ။ ၁ ထောင်၊ ၉ ရာ လောက်မြတ်လိမ့်မယ်။ ၁ ထောင်၊ ၂ ထောင်လောက်မြတ်လိမ့်မယ်။” 

ခြင်းတောင်းရက်လုပ်တဲ့အခါမှာ ပြတ်ရှလွယ်တဲ့ အရာနှစ်ခုဖြစ်တဲ့ ဓါးနဲ့ ဝါးမျက်တွေဟာ ဦးရွှေဘန်းနဲ့ နေ့စဉ်ထိတွေ့နေရတဲ့ အရာတွေ ဖြစ်တဲ့အလျောက် ပြတ်ရှဒဏ်ရာတွေကို မကြာခဏ ခံစားရတာလည်း ရှိပါတယ်။

“ဒီဟာလုပ်ဖို့အတွက်ကတော့ ကြိမ်လိုတယ်။ ကြိမ်နဲ့ဝါးပေါ့။ ပြီးတော့ ဓါးလိုတယ်။ အနားကွပ်စူးလိုတယ်ပေါ့။ လက်ဝင်တာမှာ မပြောနဲ့ တော့။ တစ်ရက်တစ်လေဆိုရင် ထမင်းမစားနိုင်ဘူး။ လက်တွေဆာတယ်။ ဓားရှ၊ ဝါးရှနဲ့ ”

အဘိုးကြီး ဦးရွှေဘိုင်းမှာတော့ သူနဲ့ သက်ရွယ်တူ ချစ်ရတဲ့ ဇနီးအဘွားကြီးလည်း ရှိပါသေးတယ်။ တစ်ကယ်တော့ သူတို့နှစ်ဦးဟာ အို ကံဆိုးခဲ့တယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့လည်း လက်ရှိမှာတော့ သမီးတစ်ဦးက ပြုစုစောက်ရှောက်ထားတယ်လို့ ဆိုပါတယ်။

“သား၊ သမီးမှာလည်း သား၊ သမီးစားဖို့ ကျောင်းတက်ဖို့ ကြိုးစားနေရတယ်။ မိဘတွေကို ပိုက်ဆံပေးဖို့က မရနိုင်ဘူးလေ။ သမီးနဲ့နေတာ။ သမီးတစ်ယောက်ရှိတယ်။ အိမ်ရှင်လည်း မရှိတော့ဘူး။ သမီးမှာရထားတဲ့ မြေးလေးတွေနဲ့ နေတာပေါ့။ အဘွားကတော့ ဘာမှမလုပ်နိုင် တော့ဘူးလေ။ သူကလည်း ၇၈ နှစ်လောက်ရှိနေပြီ။” 

သူတတ်ထားတဲ့ ဒီသက်မွေးဝမ်းကြောင်း အလုပ်လေးဟာတော့ သူ့အတွက် အသုံးဝင်တယ်လို့ ဆိုရပေမဲ့  မိသားစုအတွက် စားဝတ်နေ ရေး ဖူလုံအောင်တော့ မပြုလုပ်ပေးနိုင်ပါ။ ဒါကြောင့် အဘိုးကတော့ ဒီအလုပ်လေးကို သူအားတဲ့အချိန် နေကောင်းတဲ့အချိန်မှာ ဆေးဖိုး၊ ဝါးခလေးများ ကာမိမလားဆိုတဲ့ အတွေးလေးနဲ့ ဆက်လုပ်နေရတာ ဖြစ်ပါတယ်။

“အခုက သမီးလုပ်ပေးနေလို့ စားနေရတယ်။ ဒါလေးလုပ်လို့က မစားရ။ ၁၀၊ ၉ ရက်မှာ ၁၀၊ ၉ လုံးရောင်းရလို့က စားက မစားရဘူးလေ။ ကျန်းမာရေးကတော့ ကောင်းတယ်။ အဘွားကလည်း ကောင်းတာပေါ့။ ဒါပေမဲ့ အဘိုးက ခါးနာတယ်။ သွားလာလို့ သိပ်မရတော့ဘူး။ အ ရင်နဲ့ မတူတော့ဘူး။ အရင်ကဆိုလုပ်နိုင်သွားနိုင်တယ်။ ခုက အရင်ကလိုမျိုး ကျဘန်းသွားလုပ်နေလို့က မရတော့ဘူး။  ထိုင်လို့ပဲ လုပ်နေ ရတာ။ ”

တစ်ခါတစ်လေတော့လည်း အသက်ကြီးလာတာနဲ့အမျှ အိုမင်းရင့်ရော်မှုရဲ့ ခါးသီးမှုတွေကိုလည်း ကြုံရပါပြန်တယ်။

“ကျန်းမာရေးကတော့ ကောင်းတယ်။ ဒါပေမဲ့ ခါးအေးခါးနာက များတယ်။ အထိုင်များရင် ခါးတွေနာတယ်။ မသွားနိုင်။ မထနိုင်ပါ့။ ”

 ဒါပေမဲ့ အဘိုးကြီး ဦးရွှေဘိုင်းကတော့ သူ့ရဲ့ချစ်ဇနီးနဲ့အတူပဲ ဒီအရွယ်မှာ လုပ်သင့်လုပ်ထိုက်တဲ့အရာကိုလည်း မေ့ဖျောက်မထားတတ်ပါ ဘူး။

“ကျောင်းသွားတယ်။ မိုးရာသီဆိုရင် ဦးပုသ်စောင့်တယ်။ အဘွားနဲ့ ၂ ယောက်အတူသွားကြတယ်။ အခက်ခဲကတော့ သိပ်မရှိတော့ဘူး လေ။ သူတို့လည်း (သမီး) တတ်နိုင်သလောက်လုပ်ကျွေးတယ်။ ဒီအရွယ်မှာတော့ အခက်ခဲက သိပ်မရှိတော့ဘူး။”

အသက် ၈၀ နားကပ်နေတဲ့ အဘိုးကြီး ဦးရွှေဘိုင်းကတော့ တစ်ခြားဘဝကို မကူးပြောင်းမှီအချိန်ထိတော့ သူ့ရဲ့ဇွဲ၊ လုံ့လကို အလျှော့ပေး မှာ မဟုတ်ပါဘူး။

 1,123 total views,  2 views today