ထူး ၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဒီတစ်ပတ်မှာတော့ အိန္ဒိယမျိုးနွယ်စုတစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ်ရဲ့ မြို့နယ်အချို့မှာ ဖြန့်ကြဲနေထိုင်လျှက်ရှိတဲ့ ဟိန္ဒူဘာသာဝင်တွေထဲက ဘာသာရေးခေါင်းဆောင်တစ်ဦးအကြောင်းကို တင်ပြချင်ပါတယ်။ သူဟာ ရခိုင်ပြည်နယ် အတိုင်းအတာမှာဆိုရင် သြဇာအရှိဆုံး ဟိန္ဒူဘာသာရေးခေါင်းဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။

ပြည်နယ်အတွင်းမှာ ဟိန္ဒူဘာသာဝင် ထောင်နဲ့ချီ နေထိုင်ကြပေမယ့်လို့ သူတို့ဘာသာဝင်တွေရဲ့ ထုံးတမ်းတွေအရ ဘုန်းကြီးလုပ်တဲ့ အရေအတွက်ဟာ လက်ချိုးရေလို့ရတဲ့ အရေအတွက်သာ ရှိနိုင်ပါတယ်။ အဲဒီထဲ သူလည်းပါဝင်နေပါတယ်။ သူဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ ၊ အောင်မင်္ဂလာရပ်ကွက်၊ မင်းဘာကြီးလမ်းမှာရှိတဲ့ “သျှရီသျှရီ” ဒေါ်ရှောပူဇာဘာရီ “စန္ဒီမယ်တော်” ဟိန္ဒူကျောင်းရဲ့ ခေါင်းဆောင် ကီသျှနာဂျာကာရာဝတီ ဖြစ်ပြီး ရခိုင်အမည်အားဖြင့် ဦးအောင်ရွှေ ခေါ်တွင်ပါတယ်။

“ကျနော့်အဖေဆုံးတော့ ညီအကို၊ မောင်နှမ ၁၀ ယောက်ကျန်ခဲ့တယ်။ ၁၀ ယောက်မှာ အငယ်ဆုံးဖြစ်တဲ့အတွက် အဖေက မသေခင်ဆို ထားတယ်။ ကျောင်းမှာ ပွဲသွားလုပ်ပြီးတော့ ဘုရား၊ တရားနဲ့ နေဖို့အတွက် ဒီဘုန်းကြီးကို မစွန့်လွှတ်နဲ့ တစ်သက်လုံး ဒီအလုပ်ကို လုပ်ရ မယ်။ အဖေရဲ့ ကတိကြောင့် ဒီဘုန်းကြီးအလုပ်ကို လုပ်နေတာ။”

ဒီလောကထဲကို စဝင်စဉ်မှာ သူဟာ အသက် ၁၂ အရွယ်ပဲ ရှိပါတယ်သေးတယ်။ အဲဒီအချိန်မှာ သူမွေးဖွားရာ ရန်ကုန်မြို့၊ ကမာရွတ်လှိုင်မြို့က ဟိန္ဒူဘုရားရှိခိုးကျောင်းမှာ နေခဲ့ပြီး အဲဒီကဆင့် ဗိုလ်အောင်ကျော်လမ်း ဝန်ကြီးများရုံးရှေ့က စန္ဒီမယ်တော်ကြီးကျောင်း၊ နောက် သံလွင်မြို့၊ တကောင်းလမ်းက ကာလီမယ်တော်ကြီးကျောင်းတွေမှာ နေခဲ့ပါတယ်။

အဲဒီကနေမှ ရခိုင်ပြည်နယ် မောင်တောမြို့ကို ရောက်ရှိလာပြီး စစ်တွေမြို့က စန္ဒီမယ်တော် ဟိန္ဒူဘုရားရှိခိုးကျောင်းရဲ့ ကျောင်းထိုင် အဖြစ် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာ ၄၅ ဝါ ရရှိထားပြီး အသက်ကတော့ ၅၅ နှစ်ရှိနေပါပြီ။ ဓလေ့ထုံးတမ်းတွေအရ ဘုန်းတော်ကြီးတိုင်းဟာ ဟိန္ဒူဘာသာဝင်တွေ ဖြစ်ကြပေမယ့် ဟိန္ဒူဘာသာဝင်တိုင်းဟာ ဘုန်းတော်ကြီးလုပ်လို့ မရပါဘူး။ မျိုးရိုးဟာလည်း ဘုန်းတော်ကြီး မျိုးရိုးဖြစ်နေဖို့ လိုအပ်ပါတယ်။

“ဟိန္ဒူတိုင်း ဘုန်းကြီးလုပ်လို့မရ။ အမိ၊ အဘ၊ ဘိုးစဉ်ဘောင်ဆက်ကနေ မွေးဖွားလာတဲ့ သား၊ သမီးတွေကတော့ ဘုန်းကြီးလုပ်လို့ရပြီ။ အမိလည်း ဘုန်းကြီးသမီး၊ အဖလည်း ဘုန်းကြီးသား ဖြစ်ရမယ်။ မွေးဖွားလာတဲ့ သား၊ သမီးဟာ ဘုန်းကြီးလုပ်လို့ ရပြီ။ လူတိုင်းလုပ်လို့ မရဘူး။”

ဟိန္ဒူဘာသာဝင်တွေမှာ ဘုန်းတော်ကြီးတွေဟာ ဘာသာရေးကိစ္စနဲ့ ပတ်သတ်လို့ အရာရာတိုင်းကို လုပ်ကိုင်ခွင့် ရရှိထားကြပေမဲ့ နိုင်ငံ ရေးကို ဝင်ရောက်စွပ်ဖက်လုပ်ကိုင်ခွင့် မရှိပါဘူး။ ဒါကြောင့် နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ အမှုကိစ္စတွေကို ဘုန်းတော်ကြီးတွေကနေတစ်ဆင့် ဂေါပကတွေထံ အာဏာ အပြည့်အဝလွှဲထားလေ့ ရှိပါတယ်။

“ကျနော်တို့မှာကျတော့ ဟိန္ဒူဘာသာရေးဘုန်းကြီးမှာ ဘုန်းကြီးက ဘာသာရေးကိစ္စနဲ့ အစစအရာရာမှာ လုပ်ရတယ်။ ကိုင်ရတယ်။ နိုင်ငံ ရေးကို လုပ်လို့မရဘူး။ ဒါကြောင့် ဂေါပကအဖွဲ့ကို အာဏာအပြည့်အဝပေးထားတယ်လေ။ ဘုန်းကြီးက တစ်ဆင့်။”

နောက်ပြီးတော့ ဟိန္ဒူဘုန်းတော်ကြီးတိုင်းဟာ တစ်ခြားဘုန်းတော်ကြီးမျိုးဆက်တွေရဲ့ သမီးတော်တွေနဲ့ လက်ထပ်ခွင့် ရှိပါတယ်။ အဲဒီလို မျိုးဆက်တွေက မွေးဖွားလာတဲ့ သူတွေဟာ ဘုန်းတော်ကြီးဖြစ်ခွင့် ရှိပါတယ်။ ဘုန်းတော်ကြီးဖြစ်ပါလျှက်နဲ့ အဲဒီလို မျိုးရိုးမဟုတ်တဲ့ တစ် ခြားတစ်ယောက်ကို လက်ထပ်ပြီဆိုရင်တေ့ မွေးလာတဲ့ သား၊ သမီးတွေဟာ ဘုန်းတော်ကြီး မျိုးရိုးမစစ်တော့ပါဘူး။

“ဘုန်းကြီးက အိမ်ထောင်တော့ ပြုရတယ်။ မွေးလာတဲ့ သား၊ သမီးကလည်း ဘုန်းကြီးလုပ်ရတယ်လေ။ ဒါပေမဲ့ ဘုန်းကြီးကနေပြီးတော့ တစ်ခြားဟိန္ဒူမတစ်ယောက်ကို အိမ်ထောင်ပြုမယ်ဆိုလို့ရှိရင် မွေးလာတဲ့ သား၊ သမီးတွေဟာ ဘုန်းကြီးအစစ် မဟုတ်တော့ဘူး။”

ဆွမ်းသုံးတဲ့ နေရာမှာလည်း ဘုန်းကြီးတွေမှာ အိမ်ရှင်မတွေ ချက်ပြုတ်တဲ့ အစားအစာတွေကိုသာ သုံးဆောင်ခွင့်ရှိပြီး အိမ်ရှင်မ မနာ မကျန်းတဲ့ အခါမှာ ဘုန်းတော်ကြီး ကိုယ်တိုင်ချက်ပြုတ်ရပါတယ်။ ဘုန်းကြီးကိုယ်တိုင်ကလည်း ချက်ပြုတ်ဖို့ အခက်အခဲရှိတယ်ဆိုရင် ဟိန္ဒူဘာသာဝင် အမျိုးသမီးတစ်ဦးကို ဘုန်းကြီးတွေရဲ့ ကျင့်ဝတ်တွေကို သင်ပြပြီး တရားချပေးရတယ်လို့ ဆိုပါတယ်။

“ကျင့်ဝတ်ကို လိုက်နာမယ်ဆိုရင် တကာမကြီးက ချက်ပြုတ်တာကို ဘုန်းကြီးစားသောက်လို့ရပြီ။ ဘုန်းကြီးမှာ ဂါထာသိနေရမယ်။ ကျင့် ဝတ်ကို တကာမကြီးကို နားချမယ်။ ပြီးတာနဲ့ ချက်ပြုတ်လို့ရပြီ။ ကျနော်တို့ ဘိုးစဉ်ဘောင်ဆက်ကနေပြီတော့ အဘိုးအဘွားတွေက နေပြီး တော့ ဟိန္ဒူမှာ ကိုယ့်ဟာကိုယ် ချက်တာ၊ စားတာ၊ လုပ်တာ၊ ကိုင်တာမှာ ဆေးတာမှာ အသား၊ ငါး၊ ဟိုဟာ၊ ဒီဟာ အားလုံးကိုကျတော့ တကာ၊ တကာမကြီးတွေ ချက်ပြုတ်မယ်ဆိုရင် ဟိန္ဒူတွေမှာ ဘုန်းကြီးတွေကျနော့် ဘုန်းကြီးကျင့်ဝတ်နဲ့ နိယာမဆိုတာ ဘယ်လိုလဲဆို တော့ ဘုန်းကြီး စားတာ၊ သောက်တာ၊ ဘောစဉ် အစစအရာရာအားလုံး အသီးအနှံကျတော့ ဝယ်ပြီး တကာ၊ တကာမတွေ လာလို့ လှူတယ်။ ချက်ပြုတ်တဲ့အခါ ကိုယ့်ဟာကိုယ် ချက်ပြုစားရတယ်။”

ဟိန္ဒူဘာသာနဲ့ ဗုဒ္ဒဘာသာဟာ ကိုးကွယ်ပုံချင်း၊ ဓလေ့စရိုက်တွေချင်း ကွဲပြားပေမဲ့ ယူဆပုံ၊ ယုံကြည်ပုံတော့ သိပ်မကွားခြားကြပါဘူး။

“ဦးဥတ္တမပြောထားတယ်။ ကိုယ့်စာကိုကိုယ် အရင်တတ်မြောက်အောင်သင်။ ကိုယ့်ဟိန္ဒူဘာသာမှာရှိတဲ့ တစ်လင်၊ တစ်မယားစနစ်ပေါ့။ တစ်ခြားဘာသာကို ယူမယ်ဆိုရင် ကိုယ့်ဟိန္ဒူဘာသာရေး လုပ်ထုံးလုပ်နည်းကို နားလည်မှာ မဟုတ်ဘူး။ သိမှာမဟုတ်ဘူး။ ဒါကြောင့် ကိုယ့်ဘာသာကို ယူရမယ်ဆိုတာ ရှိပါတယ်။”

ဟိန္ဒူဘာသာဝင်တွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်တွေနဲ့ မောင်တောတို့မြို့နယ်တွေမှာ များသောအားဖြင့် နေထိုင်လေ့ရှိပြီး ဘူးသီးတောင်မှာ အနည်းငယ်ရှိပါတယ်။ သူတို့အများစု အောက်ခြေလက်လုပ်လက်စားတွေ ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး စသဖြင့် အားနည်းတဲ့ လူမျိုးနွယ်စုတစ်ခုလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ထဲက ဟိန္ဒူဘာသာဝင်တွေဟာ အရေအတွက်အားဖြင့် ကျန်ဘာသာဝင်များနှင့် နှိုင်းစာရင် သိသာစွာ နည်းပါးတယ်ဆိုပေမယ့် တကယ်တော့ ကမ္ဘာကြီးမှာ ကျွန်တော်တို့ လူသားများ နေ့စဉ် ကိုးကွယ်ဆည်းကပ်ယုံကြည်နေကြပြီး သက်ဝင်သူတွေအတွက် ဘာသာတရားများစွာ ရှိကြတဲ့ထဲ ဟိန္ဒူဘာသာဟာ ကမ္ဘာ့သက်တမ်းအရင့်ဆုံးနှင့် သမိုင်းအရှည်ကြာဆုံး ဘာသာတရားတစ်ခုဖြစ်ပါတယ်။

အဲဒီဘာသာရဲ့ ကျမ်းစာများဟာ ဘီစီ ၃၀၀၀ ဝန်းကျင်ကတည်းက လူတွေရဲ့ ကိုးကွယ်မှု ကဏ္ဍမှာ နေရာယူခဲ့ပြီးဖြစ်တယ်လို့လည်း သမိုင်းအထောက်ထားများပါ ဖော်ပြချက်များအရ သိရပါတယ်။

အထူးသဖြင့် အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံးဘာသာတရားတစ်ခုလည်း ဖြစ်ပြီး ကိုးကွယ်ယုံကြည်သူတွေကတော့ ထာဝရ တည်မြဲနေသော ဘာသာတရားလို့ ခံယူကြပါတယ်။

“အမြဲတမ်း ပုဂ္ဂိုလ်တွေ မယ်တော်ကြီးတွေဆီမှာ ဆုတောင်းမေတ္တာပို့ပါတယ်။ အကုန်လုံး ကျန်းမာချမ်းသာပါစေ။ တိုင်းရေးပြည်ရေး အေးချမ်းဖို့။ ဒါတွေကို အမြဲဂါရဝပြုပါတယ်။ ကျနော် က မောင်တော၊ ဘူးသီးတောင်၊ စစ်တွေမြို့ပေါ်မှာ အနှစ်သုံးဆယ်လောက်ရှိပါပြီ။ ဘုန်းကြီးလုပ်နေတာ။ ဒီမှာစိတ်ချမ်းသာသလောက် တစ်ခြားနေရာမှာ စိတ်မချမ်းသာဘူး။”

ဟိန္ဒူဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကီသျှနာဂျာကာရာဝတီ (ခ) ဦးအောင်ရွှေကတော့ မသေမချင်း ဒီသာသနာ့ဘောင်ထဲမှာပဲ နေသွားတော့မှာ ဖြစ်ပါတယ်။

“ဘုန်းကြီးကကျတော့ မသေမချင်း ဘာသာရေးကို လုပ်ရမယ်။ တာဝန်အရပေါ့။ စွန့်လွှတ်ဖို့ကျတော့ စိတ်ထဲမှာတောင် မရှိဘူး။”

ဟိန္ဒူဘာသာဝင် ဘုန်းတော်ကြီးတွေမှာ ဘုရားကျောင်းရှိပေမဲ့ မိသားစုနေအိမ်နဲ့ နေထိုင်ရပြီး မွေးဖွားလာတဲ့ သား၊ သမီးတွေကိုလည်း ယောက်ျားဖြစ်ရင် ဘုန်းတော်ကြီး သိက္ခာနဲ့ ညီအောင်၊ မိန်းကလေးဆိုရင် သီလရှင်ကျင့်ဝတ်တွေနဲ့ညီအောင် သွန်သင်ပေးရတယ်လို့ လည်း ဆိုပါတယ်။ နောက်ပိုင်း ဖခင်ဖြစ်သူကွယ်လွန်တဲ့အခါ သားဖြစ်သူတွေက ကြီးစဉ်ငယ်လိုက် အမွေဆက်ခံအုပ်ထိန်းရပါတယ်။

“ကိုရင်ဆိုတာက သား၊ သမီးတွေပဲ။ ကျနော့်မှာ သုံးပါးရှိတယ်။ ဘုန်းကြီးပါဆို လေးပါးပေါ့။ အမျိုးသမီးတွေကျတော့ မယ်တော့်ဆီလာပြီး ပွဲလုပ်လို့ရတယ်။ ဘုန်းကြီးလုပ်လို့ မရဘူး။ သီလရှင်လို နေရတယ်။ ကျင့်ဝတ်ကို စောင့်ထိန်းရတယ်။ ကျနော့်အဖေဆုံးသွားတယ်။ အခု ကျနော်လုပ်နေရတယ်။ ကျနော်ပြီးတာနဲ့ နောက်ပိုင်း သားတွေလာမယ်။ အုပ်ထိန်းရမယ်။ လုပ်ရမယ်။”

 929 total views,  1 views today