ထူး |ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရဲ့ မြောက်ဖက်အစွန်ဆုံးက ထူထပ်လှတဲ့တောတွင်းတစ်နေရာမှာ သေဠာဂေရိနဲ့ တြိသေဠလို့ အမည် တွင်တဲ့ ကျောက်ဆောင်တို့ တည်ရှိပါတယ်။ အဲဒီကျောက်ဆောင်တစ်ခုစီရဲ့အပေါ်မှာ ဗုဒ္ဒဘုရားရှင် သက်တော်ထင်ရှားရှိခဲ့စဉ်က ရခိုင်ကို ကြွရောက်ချီးမြှင့်တော်မူတဲ့အခါ လက်ဝဲ၊ လက်ယာ ခြေတော်ရာတစ်စုံကို ချန်ထားခဲ့ပါတယ်။

အဲဒီခြေတော်ရာ တစ်စုံရဲ့ကြားမှာ မဟီရာနဒီလို့ခေါ်တဲ့ မအီချောင်းဆိုတာ တည်ရှိပါတယ်။ အဲဒီဒေသဟာ တောတောင်ထူထပ်တာ ကြောင့် သားရဲ တိရစ္ဆာန်တို့ ပေါများသလို ရှေးကျသည့် သစ်ပင်များစွာလည်း တည်ရှိပါတယ်။

အဲဒီလိုပဲ မအီချောင်းမှာလည်း ရေနေ သတ္တဝါဖြစ်တဲ့ ငါးတွေလည်း ပေါများစွာ ရှင်သန်ပေါက်ဖွားလျှက်ရှိကြပါတယ်။

ပွင့်လင်းရာသီရောက်လို့ မအီစက်တော်ရာကို သွား၊ လာခွင့်ပြုပြီဆိုတာနဲ့ မအီချောင်းမှာ ကျက်စားတဲ့ ငါးအပေါင်းတို့ဟာလည်း လက် ယာစက်တော်ရာတည်ရှိတဲ့ သေဠာဂေရိကျောက်ဆောင်အောက်က အရာတော်အိုင်ကို အလိုအလျောက် ရောက်လာတတ်ကြသလို ပွဲတော်ရက်တွေ ပိတ်သိမ်းလိုက်ပြီဆိုတာနဲ့ သူတို့ဟာ သဘာဝအလျောက်ပဲ ပျောက်သွားတတ်ကြပါတယ်။

အခုတစ်ပတ်မှာတော့ ဘယ်ငါးအမျိုးအစားတွေက ဘယ်အချိန်တွေမှာ လာရောက်ကြလဲ။ ဘယ်အချိန်မှာ ပျောက်ကွယ်သွားကြလဲ။ ဘယ်လို ရှင်သန်ကြလဲ။ စတာတွေကို မေးမြန်းတင်ဆက်ပေးမှာ ဖြစ်ပါတယ်။
မအီချောင်းစက်တော်ရာဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးမှိုင်းက ငါးကလေးတွေ စတင်ရောက်လာတတ်ကြတဲ့ မြင်ကွင်းကို အခုလိုပဲ ပြောပြပါတယ်။

“သတင်းကျွတ်၊ တန်ဆောင်မုန်းလပြည့်ဆိုလို့ရှိရင် ဖွင့်ပွဲကျင်းပတယ်။ ဒီဘုရားမှာ အလှူခံဖို့အတွက် အားလုံးအစီစဉ်တွေကို ချမှတ်ရ တယ်။ အဲဒီအချိန်ကျရင် လူ၊ သူ၊ ပရိတ်သတ်တွေ ရောက်လာတယ်။ အခန်းလေးတွေလုပ်ပြီး ငါးစာကျွေးဖို့နေရာတွေလုပ်တော့ သူတို့ ရောက်လာကြပြီ။ လူမခေါ်ဘဲနဲ့ ဘဘာဝအလျောက် သူတို့ရောက်လာကြတယ်။ အချိန်ကျရင်။ ဆိုတော့ ကျွေးကြတယ်။ ကျွေးတော့။ တစ်ရာတင်မက။ တစ်ထောင်တင်မက။ မျိုးစုံသူတို့လာကြတယ်။”


ဘုရားဖူးလာရောက်သူတွေဆီက ကျွေးမွေးတဲ့ အစာရေစာတွေကို စားသောက်ပြီး အသင်ရှင်နေထိုင်ကြတာလည်း ဖြစ်ပါတယ်။ နေ့လည် ပိုင်းမှာဆိုရင် တစ်ချို့က အုပ်စုဖွဲ့သွားတတ်ကြသလို တစ်ချို့က တစ်ကောင်ချင်းအလိုက်သွားနေတတ်ကြပြီး တစ်ချို့က ရေငုတ်သွားနေ သလို တစ်ချို့က ရေပေါ်ခေါင်းထောင်ပြီး သွားနေကြတာ မြင်တွေ့ရပါတယ်။ အဲဒီမြင်ကွင်းတွေဟာ ဘုရားဖူးလာတဲ့ ဧည့်သည်တွေကို ပျော်ရွှင်ကြည်နူးမှု ဖြစ်ပေါ်စေပါတယ်။


လာရောက်ကျက်စားလေ့ရှိတဲ့ ငါးအမျိုးအစားတွေကို အကြောင်းကိုလည်း “ငရံ့ရယ်၊ ငကြောင်းရယ်၊ ငဝေဆူရယ်။ နောက်ပြီးတော့ ငစင်း ဒီလိုငါးတွေပဲ အထူးသဖြင့်တွေ့ရတယ်။ နောက်ပြီး ဆလားဘီးယားလို့ ခေါ်တဲ့ ငါးတွေလည်း အနည်းအကျဉ်းမြင်ရတယ်။ အဲဒီလို ရောက်ကြတယ်။”လို့ ရှင်းပြပါတယ်။


အဲဒီငါးကလေးတွေဟာ ပွဲရာသီမှာလာရောက်တယ်ဆိုတဲ့ နေရာမှာလည်း ဘုရားဖူးသူတွေ လာရောက်လေ့ ရှိတဲ့ မနက် ၆ နာရီလောက် ကနေ ညနေ ၆ နာရီလောက်အထိသာ လာရောက်လေ့ရှိတာကြောင့် ဘုရားရဲ့ တန်ခိုးတော်ကြောင့် လာရောက်တာလို့ တချို့က မှတ်ယူ ကြပါတယ်။

လက်ယာစက်တော်ရာအောက်မှာ ငါးစာရောင်းနေတဲ့ မဝင်းကြည်က ငါးကလေးတွေရဲ့ ထူးဆန်းပုံအကြောင်းကို ငါးစာ ရောင်းရင်းနဲ့ အခုလို ပြောပြပါတယ်။


“ဘယ်လိုဆိုရမလည်း ဒီငါးကလေးတွေက တော်တော်လေးကို ထူးဆန်းပါတယ်။ ဘုရားဖူးဖွင့်တဲ့ အချိန်ကျမှရောက်မှ ပြန်ပေါ်လာသလို ဘုရားဖူးပိတ်တဲ့ အချိန်ကျရင် သူ့သဘာဝအတိုင်းပျောက်ကွယ်သွားပါတယ်။ တော်တော်ထူးဆန်းပါတယ်။ အဲဒါကြောင့် ဒီနေရာမှာ ပြော ချင်တာကတော့ တော်တော်လေးကို ကြည်ညိုလေးစားဖို့ကောင်းပါတယ်။ အခုဒီငါးတွေဟာ ညနေ ၆ နာရီခွဲရင် တစ်ကောင်မှ မရှိတော့ ဘူး။ မနက်မိုးလင်းလို့ ၆ နာရီခွဲဆို ပြန်ရောက်နေကြတယ်။”

တစ်ချို့က အဲဒီလို မှတ်ယူကြပေမဲ့လည်း ဂေါပကအဖွဲ့ဝင် ဦးမှိုင်းကတော့ “သူတို့ရဲ့ သဘာဝက ညအချိန်ကျလို့ရှိရင် နားခိုတဲ့ နေရာမှာ  ရှိတာပဲ။ ဘုရားနဲ့တော့ မပတ်သတ်ဘူး။
သို့သော် ကောင်းရာကောင်းကြောင်းလေးလုပ်နေတဲ့အတွက်ကြောင့် သာသနာ့အရိပ်မှာခိုတယ်။ ဘာသာရေးအရိပ်မှာခိုတဲ့အတွက်ကြောင့် စားလည်းစားရတယ်။ သောက်လည်းသောက်ရတယ်။ ဆိုတာကို သဘာဝအလိုက်သိလာ တယ်။ ဘုရားနဲ့ပတ်သတ်တယ်ဆိုတာ ထူးခြားချက်က အဲဒီဟာတစ်ခုပဲ။”လို့ သူရဲ့ယူချက်ကို ပြောပါတယ်။


လက်ရှိအချိန်မှာတော့ အဲဒီငါးကလေးတွေကို ဘုရားဖူးသူတွေ လွယ်လင့်တကူ မြင်တွေ့ပြီး အစာကျွေးနိုင်ဖို့ သေဠာဂေရိကျောက်ဆောင် အောက်မှာ ငါးစားကျွေးဌာနတစ်ခုကိုလည်း ဖွင့်ပေးထားပြီ ဖြစ်ပါတယ်။ ဗုဒ္ဒစက်တော်ရာ အစုံလိုက်ကိန်းဝတ်တဲ့ အဲဒီနေရာဟာ နက်ရှိုင်း တဲ့ တောတောင်ရဲ့ အလယ်မှာတည်ရှိသလို သွားရလာရလည်း ခက်ခဲကြမ်းတမ်းတာကြောင့် ဖုရားဖူးသူတွေကတော့ အမြဲတစေလာ ရောက်ဖို့ မလွယ်ကူလှပါဘူး။


ဘုရားဖူးဧည့်သည်တွေ မလာရောက်တဲ့ နေ့ရက်တွေမှာဆို ငါးကလေးတွေဟာလည်း အစာရေစာငတ်ပြတ်ကြရပါတယ်။


“တော်တော်သနားဖို့ ကောင်းပါတယ်။ ဘုရားဖူးသားရောက်ရောက်။ မရောက်ရောက်။ ဒီတံတားအောက်မှာ အမြဲတမ်းရှိပါတယ်။ ဘုရား ဖူးသား မရောက်တဲ့ နေ့မျိုးဆိုရင် ညီမတို့က ဒီလိုအထုပ်တွေ ဆယ်၊ ကိုးထုတ်လောက် ကုန်ပါတယ်။ အဲလိုပါ။ ကိုယ့်ဟာကိုယ် ကျွေးပါ တယ်။ သူတို့ဝအောင်လည်း သိပ်မကျွေးနိုင်။ ကိုယ့်မှာအရင်းက ၇ သိန်းတိတိ သွင်းထားရတာဆိုတော့ သိပ်အဆင်မပြေပါ။ မနှစ်ကလို လူစည်မယ်ထင်လို့ ကျမတို့က လေလံဆွဲကြည့်လိုက်တာ။”လို့ ငါးစာရောင်းတဲ့ မဝင်းကြည်က ပြောပြပါတယ်။


အဲဒီငါးကလေးတွေဟာ ဘုရားရိပ်၊ တရားရိပ်မှာ နေထိုင်နေကြတယ်ဆိုပေမဲ့ တစ်ခါတစ်ရံမှာ မသမာသူတွေရဲ့ ဖမ်းဆီးမှုကိုလည်း ခံကြ ရပါတယ်။ အဲဒီလို ဖမ်းဆီးမှုတွေမလုပ်ကြဖို့တော့ ဘာသာရေးအဖွဲ့အစည်းအချို့က တားမြစ်ထားတယ်လို့ ဦးမှိုင်းက ဆိုပါတယ်။


“ဒီငါးတွေကို ဖမ်းလို့စားကြတယ်ဆိုတဲ့ ကိစ္စကိုပြောရမယ်ဆိုလို့ရှိရင် ဘုရားနဲ့ ပတ်သတ်လို့ အထက်တစ်မိုင်၊ အောက်တစ်မိုင် တားမြစ် ထားတယ်။ သာသနာဥပါဒါနအဖွဲ့နဲ့ ရဟန်းတော်အဖွဲ့က စုပေါင်းပြီးတော့ တားမြစ်ချက်ထုတ်ထားတယ်။ သို့သော်လည်း ဒီလူတွေက သာသနာရေး၊ ဘာသာရေးထဲမှာ လုပ်နေတော့ ဇောက်ပေးပြီး လုပ်နေတဲ့အလုပ် မဟုတ်တဲ့အတွက်ကြောင့် တစ်ခါတစ်ခါခိုးစားသွားတာ တွေခံရတယ်။”


သွားလာရခက်ခဲ တယ်ဆိုပေမဲ့ ဗုဒ္ဒဘုရားရှင်ရဲ့ စက်တော်ရာမှန်ကန်တယ်လို့ စာပေကျန်းဂန်တွေမှာရော ပါးစပ်ရာဇဝင်တွေမှာပါ အခိုင် အမာတွေ့ရှိထား ကြတာကြောင့် မြန်မာနိုင်ငံက ဘုရားဖူးဧည့်သည်တွေတင်မကဘဲ နိုင်ငံခြားက ဗုဒ္ဒဘာသာဝင်တွေပါ ပွင့်လင်းရာသီတွေ မှာ လာရောက်ဖူးမျှော်ကြတာရှိတယ်လို့ ဆိုပါတယ်။


နွေရာသီကုန် ကဆုန်လရောက်လို့ ဘုရားဖူးဌာနတွေ ရုတ်သိမ်းပြီဆိုတာနဲ့ အရာတော်အိုင်ထဲက ငါးကလေးတွေဟာလည်း အိမ်ပြန်ကြပါ ပြီ။ မဝင်းကြည်က အခုလို ပြောပါတယ်။


“ဘုရားဖူးဌာနက ကဆုန်လပြည့်နေဆို ပြန်သိမ်းပါတယ်လေ။ မိုးတွင်းဖက်ကလည်း နီးနေပြီကိုး။ အဲလို သိမ်းသွားလို့ အစာမကျွေးဘဲ တစ်ပတ်လောက်နေတာနဲ့ ဒီငါးတွေလည်း သူ့အလိုလိုပျောက်သွားတယ်။ အကုန်လုံးပျောက်သွားတယ်။ တစ်ကောင်မှ မရှိတော့ဘူး။”

“သူတို့က မိုးရေကိုတော်တော်ကြောက်တယ်။ ထင်တယ်။ မိုးတွေရွာတဲ့အခါ အကုန်လုံးကို ပျောက်သွားတယ်။ ဒီနေရာမှာ ဘာအစာပဲ ကျွေးကျွေး။ မစားဘူး။ ဘာငါးမှ မရှိပါ။”

 418 total views,  2 views today