Arakan Yoma

ရခိုင့်တပ်မတော် အေအေနှင့် မြန်မာ့တပ်မတော်တို့၏ နှစ်ဖက်တိုက်ပွဲများကြောင့် နယ်ရပ်စွန့်ခွာနေကြရသည့် စစ်ဘေးရှောင် ဒုက္ခသည် များအား နိုင်ငံတကာ အဖွဲ့များ အပါအဝင် အရပ်ဖက်အဖွဲ့များကို ကူညီခွင့်ပေးရန် ပြည်နယ်အစိုးရကို တိုက်တွန်းကြောင်း အဆိုတစ်ရပ်ကို မတ်လ ၂ ရက်နေ့က ကျင်းပသည့် ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့သည်။

လက်ရှိအခြေအနေထိ တိုက်ပွဲများရပ်တန့်နိုင်ခြေ မရှိသေးသည့်အတွက် စစ်ရှောင်ဦးရေမှာလည်း ထပ်မံတိုးလာနိုင်ခြင်းကြောင့် နိုင်ငံ တကာအဖွဲ့များ၏ ကူညီမှုပါမှသာလျှင် အတိုင်းအတာတစ်ခုအထိ ပြည့်စုံနိုင်မယ်လို့ ယူဆတာကြောင့် ပြည်နယ်အစိုးရက တားဆီးမှုတွေ မလုပ်ဘဲ လမ်းဖွင့်ပေးရန် တင်သွင်းရခြင်းဖြစ်ကြောင်း အဆိုရှင် ပေါက်တောမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပြောသည်။

တစ်ကမ္ဘာလုံးက ရွာဖြစ်နေတဲ့ ဥစ္စာမှာ ဒီလို NGO တွေ၊ INGO တွေ ကူညီပေးနိုင်တဲ့ဥစ္စာကို ဖြတ်ပြီဆိုလို့ရှိရင် တစ်ကမ္ဘာလုံးရဲ့ ပြင်ပကို ရောက်အောင် ကိုယ့်နိုင်ငံကို ဆွဲထုတ်လိုက်တဲ့ သဘောသက်ရောက်နေပါတယ်။ အစိုးရက မိဘဘဲလေ။ လာကူညီတဲ့ သူကို ခွင့်ပြုပေး ရင် ဘာဖြစ်လဲ။ ဘာတွေစိုးရိမ်စရာလိုလဲ။ ဘာမဟုတ်တာ လုပ်နေကြလို့လဲ။ ဘာဘဲဖြစ်ဖြစ် နိုင်ငံတကာ အိုင်အမ်ဂျီအိုတွေကို မပိတ်သင့် ဘူး။ ခွင့်ပြုပေးသင့်တယ်။”

ဇန်နဝါရီလ ၁၀ ရက်နေ့မှစပြီး ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC တို့မှအပ ကျန်ရှိနေသည့် နိုင်ငံတကာအဖွဲ့များ တိုက်ပွဲဒေသသို့ မသွားရောက်ဖို့ ညွှန်ကြားစာထုတ်ခဲ့ပြီး အကူညီပေးနေသည့် ဒေသခံလူမှုအဖွဲ့အစည်းများကိုလည်း ပိတ်ပင်မှုများ ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက နယ်ရပ်စွန့်ခွာလာရတဲ့ စစ်ဘေးရှောင်တွေဟာ ဘက်ပေါင်းစုံမှာ အခက်အခဲတွေနဲ့ ကြုံနေရတဲ့ အချိန်မှာ မိဘအနေအထားမှာရှိတဲ့ အစိုးရက မိမိကိုယ်တိုင်လည်း မကူညီနိုင်ဘဲ သူများကူညီတာကိုလည်း ပိတ်ပင်တာခြင်းမှာ မဖြစ်သင့်ဟု ယင်းအဆိုကို ထောက်ခံခဲ့သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသာထွန်းအောင်က ပြောသည်။

“အခုလက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် နယ်ရပ်စွန့်ခွာလာရတဲ့ စစ်ဘေးရှောင်တွေဟာ ဘက်ပေါင်းစုံ မှာ အခက်အခဲတွေ ရှိနေတာကို မိဘအနေအထားမှာရှိတဲ့ အစိုးရက မိမိကိုယ်တိုင်လည်း ပြည့်စုံအောင် ကူညီထောက်ပံ့ပေးနိုင်တဲ့ အနေ အထားမှာမရှိ။ သူများကူညီတာကိုလည်း ပိတ်ပင်တယ်ဆိုတော့ မဟော်သဓာသားတရားစီရင်ခန်းနဲ့ နှိုင်းယှဉ်ကြည့်လိုက်မယ် ဆို လို့ရှိရင် မိဘဖြစ်တဲ့ အစိုးရဟာ ဘယ်အနေအထားမှာ ရောက်သွားမလဲဆိုတာကို ကြွရောက်လာသူအားလုံး စဉ်းစားသာကြည့်ကြပါဗျ။”

ထိုအဆိုကို ဆက်လက်ဆွေးနွေးရန်သင့်၊ မသင့် လွှတ်တော်၏အဆုံးအဖြတ်ကို ရယူရာ ကန့်ကွက်သူမရှိသည့်အတွက် လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်ထားသည်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း စစ်ရေးအခြေအနေတွေကြောင့် စစ်ဘေးရှောင် ၃ သောင်းကျောက်လောက်ရှိနေပြီး သောက်သုံးရေ အပါအဝင် စားနပ်ရိက္ခာတွေ ပြတ်တောက်နိုင်တဲ့ အနေအထားကြုံနေရခြင်းကြောင့်လည်း နိုင်ငံတကာအဖွဲ့များကို ကူညီခွင့်ပေးရန် လိုအပ်ကြောင်း ဦးအောင်ကျော်ထွီးက ပြောဆိုသည်။

 435 total views,  1 views today