ရိုးမရေဒီယိုမဂ္ဂဇင်း ၊ မတ် ၁၄ ရက်

ရခိုင်ပြည်နယ်အတွင်းအသုံးပြုနိုင်ဖို့အတွက် ဂျပန်နိုင်ငံပြည်သူတွေ လှူဒါန်းတဲ့ တတိယမြောက် ဂစ္ဆပနဒီသင်္ဘောဟာ ရခိုင်ပြည်နယ် ကျောက်ဖြူ ဆိပ်ကမ်းကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ဂစ္ဆပနဒီ(၃) လို့ အမည်ပေးထားတဲ့ အဲဒီသင်္ဘောကို M.V ISUZU (VOY.NO.034) ပေါ်ကို တင်ဆောင်ပြီး ဂျပန်နိုင်ငံ Yokohama ဆိပ်ကမ်းကနေ ဖေဖော်ဝါရီ ၁၈ ရက်နေ့က စတင်ထွက်ခွာလာရာ မနေ့ မတ်လ ၈ ရက်နေ့မှာ ကျောက်ဖြူမြို့ကို ဆိုက်ရောက်တာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် ဂျပန်နိုင်ငံအစိုးရ စီးပွားရေးနဲ့ လူမှုရေးတိုးတက်ဖွံ့ဖြိုးမှုအစီအစဉ်အရ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ရခိုင်ပြည်နယ် ဌာနခွဲမှာ အသုံးပြုဖို့အတွက် ဂျပန်ပြည်သူတွေက လှူဒါန်းတဲ့ ကမ်းရိုးတမ်းသွားရေယာဉ် ၃ စီးအနက် အဲဒီသင်္ဘောဟာ နောက်ဆုံး ကျန်ရှိနေတဲ့ သင်္ဘောဖြစ်ပါတယ်။

အဲဒီရေယာဉ်ကို ရပ်ထားတဲ့အချိန်မှာ လိုအပ်တာတွေကို တပ်ဆင်မှာဖြစ်သလို အစမ်းမောင်းနှင်တာ၊ ဆက်လက်တာဝန်ယူကြမယ့် ရေယာဉ်ဝန်ထမ်းတွေကို ဂျပန်နိုင်ငံက ပညာရှင်တွေကိုယ်တိုင် သင်တန်းပေးတာတွေပြုလုပ်ပြီး မတ်လ ၁၂ ရက်နေ့မှာ ရေကြောင်းပို့ ဆောင်ရေးဌာနကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

အလူမီနီယမ်နဲ့တည်ဆောက်ထားပြီး တစ်နာရီမှာ ရေမိုင် ၂၀ နှုန်း မောင်းနှင်နိုင်မယ့် အဲဒီကမ်းရိုးတမ်းသွား ရေယာဉ်ဟာ ၃၄ ဒသမ ၇၁ မီတာ ရှည်လျားပြီး ၆ ဒဿမ သုည မီတာကျယ်ဝန်းကာ ဇောက် ၂ ဒဿမ ၇ မီတာ၊ ရေစူး ၁ ဒဿမ ၂၆ မီတာရှိပြီးတော့ လူဦးရေ ၁၆၀ ဦး အထိ တင်ဆောင်နိုင်မှာ ဖြစ်သလို ကျောက်ဖြူကနေ စစ်တွေကို ပြေးဆွဲတဲ့ ရေယာဉ်အဖြစ် အသုံးပြုသွားမှာလည်း ဖြစ်ပါတယ်။

 520 total views,  1 views today