အောင်ကျော်ဝေ (စစ်တွေ)

သီတင်းကျွတ် နီးလာပြီဆိုရင် ရင်ခုန်တတ်တဲ့ အကျင့်က ခုချိန်ထိ မပျောက်နိုင်သေး။ သီတင်းကျွတ်တော့မယ်လို့ စိတ်ထဲသိလိုက်တာနဲ့ အတွင်းသန္တန်မှာ ကပ်ငြိလာတာက အရုပ်ကြီး။ ကျွန်တော့်လို စိတ်ခံစားရမှုကို စစ်တွေသားတိုင်း ခံစားကြရမည်ထင်။ ဟုတ်ပါတယ်။ စစ်တွေမြို့မှာ အရုပ်ကြီးဆိုတာ သီတင်းကျွတ်ရဲ့ သရုပ်တစ်ခုပါ။ သီတင်းကျွတ်၊ တန်ဆောင်တိုင် နီးလာတာနဲ့ အရုပ်ကြီးက ထွက်ပေါ်လာတတ်ပါတယ်။ ဒါပေမယ့် နှစ်တစ်နှစ်အတွက် အရုပ်ကြီးကို ပထမဆုံးမြင်ရတာက သီတင်းကျွတ်မဟုတ်ပါလား။ ဒါကြောင့် အရုပ်ကြီးကို မြင်ရင် သီတင်းကျွတ်တော့မယ်ဆိုတာ စစ်တွေမှာ နေထိုင်သူတိုင်း ရင်ထဲမှာ အလိုအလျောက် သိနေကြပါတယ်။

ကျွန်တော်တို့ ရပ်ကွက်က ဝင်္ကဘာကွင်း ၊ ဘုရားကြီးအနီးမှာ ရှိတာကြောင့် အရုပ်ကြီး ဘယ်နေ့ စထွက်မလဲဆိုတာကို အရင်ဦးဆုံး သိရပါတယ်။ ကလေးဘဝတုန်းက မိဘတွေက မနက်ဖြန် အရုပ်ကြီး လည်တော့မယ်လို့ ပြောလိုက်တာနဲ့ ဒီနေ့ကတည်းက ကျွန်တော်တို့ တက်ကြွနေကြပါပြီ။ မနက်မိုးလင်းတာနဲ့ ဘုရားကြီးကို စောစောသွား။ ပြီးရင် ကတိုက်ကရိုက် ဘုရားရှိခိုး။ အရုပ်ကြီးထားတဲ့ အခန်းနားကိုသွား ဝိုင်းကြည့်ကြပါတယ်။ အရင်တုန်းကဆိုရင် အရုပ်ကြီးကို ဝါးခြမ်း၊ ဝါးနှီးတွေနဲ့ ရက်လုပ်ပြီး စက္ကူကပ်၊ အဝတ်ဝတ်ပေးထားပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်လောက်ကမှ အရုပ်ကြီးဟာ ပလတ်စတိတ်ကော်ရုပ်ဖြစ်လာတာပါ။ အရုပ်ကြီးတိုးတက်ပြောင်းလဲမှုလို့ ဆိုရမှာပါ။

ကျွန်တော်တို့ရဲ့ အရုပ်ကြီးဟာ ဘာသာရေးကို ရိုသေကိုင်းရှိုင်းတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ဘုရားကြီးကနေ အရုပ်ကြီး စထွက်ပြီဆိုရင် ဘုရားကြီးရဲ့ ရှေ့မုခ်ဝကနေ ဗုဒ္ဓံ၊ ဓမံ္မ၊ သံဃံ ပူဇေမိ ဆိုပြီး ဦးသုံးကြိမ်ချ ရှိခိုးပါတယ်။ ပြီးရင် ဗဟိုဧစေတီရှေ့မှာလဲ အဲဒီလိုမျိုး ရှိခိုးပါတယ်။ ပြီးတာနဲ့ ပတ်ဖို့ လမ်းကြောင်းများအတိုင်း ဆက်သွားတယ်။ အလှူခံတယ်။

အရုပ်ကြီးလည်ရင် ကလေးတွေတင်မကဘဲ လူကြီးမိဘနှင့် သက်ကြီးပိုင်းတွေကပါ ပျော်ကြပါတယ်။ အရုပ်ကြီးကို မြင်ရင် ကြည်နူးကြရပါတယ်။ ကိုယ့်အိမ်အနီး ကျောင်းအနီးအနားမှာ အရုပ်ကြီးလာရင် ဝမ်းမြောက်ကြတယ်။ ပြောရမယ်ဆိုရင် အရုပ်ကြီးကို မြို့ကလူတိုင်း ခင်မင်နှစ်သက်ကြတာ ဖြစ်ပါတယ်။ ကလေးတွေဆိုရင် အရုပ်ကြီးကို ကိုင်ကြည့်ထိကြည့်ချင်ကြတယ်။ ဒါပေမယ့် အရုပ်ကြီးကိုက်ဖို့ ကြောက်လို့ ဘယ်သူမှ အနားမကပ်ဝံ့ မကပ်ရဲကြဘူး။ အရုပ်ကြီးကတော့ သီတင်းကျွတ် ၊ တန်ဆောင်တိုင် လပြည့်နေ့များမှာ မြို့လုံးကျွတ် ဆွမ်းတော်ကြီးလောင်းလှူဖို့အတွက် မြို့ပတ်ပြီး အလှူခံပေးပါတယ်။ လပြည့်နေ့မတိုင်ခင် နှစ်ပတ်လောက်ကတည်းကပါ။

ခုလို အရုပ်ကြီးလည်တာနဲ့ ပတ်သက်လို့ ကျွန်တော့်ဘဝမှာ အမှတ်တရတစ်ခု ရှိပါတယ်။ ကျွန်တော် ခြောက်နှစ်သား အရွယ်လောက်က။ ၂၀၀၀ ပြည့်နှစ်လောက်ရှိမယ်။ ပထမတန်း ကျောင်းတက်နေတုန်းကပါ။ သီတင်းကျွတ်လား၊ တန်ဆောင်တိုင်လား မေ့တေ့တေ့ဖြစ်နေတယ်။ အဲဒီတုန်းက အရုပ်ကြီးလည်တယ်ပေါ့ တစ်နေ့။ အရုပ်ကြီးကြည့်ဖို့ ဘုရားကြီးကို သွားတယ်။ အရုပ်ကြီးဟာ ဘုရားကြီး ၊ ဧစေတီကို ရှိခိုးပြီးရင် မြို့ကိုပတ်လို့ အလှူခံတယ်။ ကျွန်တော်လဲ အရုပ်ကြီးကို ကြည့်ရင်း ကြည့်ရင်း အဲဒီနောက်ကနေ လိုက်ပါသွားတယ်။

အရုပ်ကြီးရဲ့ အနီးမှာတော့ ကလေးတွေက အမြဲတစေဆိုသလို ဝိုင်းရံလျက်ပေါ့။ ဘာကြောင့်ဆို အရုပ်ကြီး ရောက်တဲ့အရပ်တိုင်းမှာ ကလေးတွေက ဝိုင်းကြည့်ကြတာပဲမလား။ ဒါကြောင့် ကျွန်တော်လဲ အရုပ်ကြီးနောက်က လိုက်မှန်းမသိ လိုက်နေတော့ ကြာလာတာနဲ့အမျှ ဗိုက်က ဆာလာတယ်။ အိမ်ပြန်မယ်လို့ စိတ်ကူးပြီး ကျွန်တော် ရောက်နေတဲ့ နေရာကနေ ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်တယ်။ ကျွန်တော်မသိပါ။ ဘယ်ကို ရောက်နေလဲဆိုတာ။

အဲဒီတော့ လူက ကြောက်လာတယ်။ ရင်ထဲမှာ ပြောပြဖို့ မတတ်လောက်အောင် ကြောက်လန့်မှုကို ခံစားလာရတယ်။ အိမ်ကို ဘယ်လိုပြန်ရမလဲ။ မသိတော့ဘူး။ ဗိုက်ကလဲဆာ။ ရေတစ်ပေါက်လောက်ဖြစ်ဖြစ် သောက်ချင်လာတယ်။ ရေဆာလာတယ်။ အဲဒီအချိန်မှာ အမေကို သတိရလာတယ်။ အမေ အမေဘယ်မှာလဲ မသိပါ။ အမေနဲ့ တွေ့ချင်တယ်။ ဗိုက်ကလဲဆာ။ ပတ်ဝန်းကျင်မှာတော့ “အရုပ်ကောင်ကြီး ဂျီးပုံ .. .  ဂျီးပုံ” ဆိုတဲ့ အသံတွေနဲ့။ အရင်က ပျော်စရာကောင်းခဲ့တဲ့ ပတ်ဝန်းကျင်ဟာ ခုချိန်မှာတော့ ထိတ်လန့်စရာဖြစ်လာတယ်။ အရုပ်ကြီးနားမှာလဲ မနေချင်တော့ဘူး။ အိမ်ကိုပဲ ပြန်ချင်လာတယ်။ ထမင်းစားချင်တယ်။ ကိုယ်နဲ့ တူတူလာတဲ့ အစ်မကိုလဲ ရှာမတွေ့။ ဆိုတော့ခါ ပျော်စရာကောင်းနေတဲ့ ပတ်ဝန်းကျင်ထဲမှာ ငိုချင်လာတယ် ကျွန်တော်။

“အမေ .. .  အမေ။ အမေ ဘယ်ကိုရောက်နေလဲ။ သားကို လာခေါ်လှည့်ဦး။ ဗိုက်ဆာတယ်အမေရေ .. .” ဆိုပြီး ဝမ်းနည်းခံစားမှုတွေနဲ့အတူ ငိုလာတယ်။

အရုပ်ကြီးနားမှာ ငိုပြီး လိုက်နေတဲ့ ကလေးတစ်ယောက်ကို ဂေါပကအဖွဲ့က မြင်ပြီးမှ တစ်ယောက်က လာမေးတယ်။ ကံကောင်းချင်တော့ အဲဒီအဖွဲ့မှာ ကျွန်တော်နဲ့ အိမ်နီးချင်းတစ်ဦးပါတယ်။ အဲဒီဦးလေးမြင်မှ “ဟာ မင်းဘယ်လိုလုပ်ပြီး ဒီကိုပါလာရတာလဲ” လို့ မေးပါတယ်။

ကျွန်တော်က အမေ့ဆီသွားမယ်လို့ ပြောတော့ အိမ်ပြန်လို့ မရသေးကြောင်းနှင့် ခဏနေရင် ထမင်းစားဖို့ ဘုန်းကြီးကျောင်းကို ရောက်မယ်ဆိုတဲ့အကြောင်း၊ အဲဒီတော့မှ စားတော့လို့ ပြောတယ်။ ပြန်ရင် ငါတို့နဲ့အတူပြန်ဖို့ ပြောပြီး လက်တွန်းလှည်းပေါ် ထိုင်ခိုင်းတယ်။

အဲဒီခေတ်တုန်းက အရုပ်ကြီးလည်ရင် အသံချဲ့စက်နဲ့ဆိုင်းဝိုင်းတွေကို လက်တွန်းလှည်းပေါ် တင်ပြီး လည်ကြရပါတယ်။ (ခုခေတ်ကိုရောက်တော့ သုံးဘီးယာဉ်တွေ၊ လေးဘီးဟိုင်းဂျတ်ကားငယ်တွေနဲ့ပေါ့) ဒီလိုနဲ့ပဲ တွန်းလှည်းပေါ်ထိုင်၊ ဘုန်းကြီးကျေင်းကိုရောက်တော့ ထမင်းစား၊ ပြန်ထွက်လာကြတဲ့အခါ အိပ်ပျော်သွားတယ်။ တစ်မြို့လုံးကိုပတ်ပြီး ညနေခင်း ခြောက်နာရီထိုးလောက်မှ အိမ်ပြန်ရောက်တယ်။ အဲဒီနေ့က ကျွန်တော်ကို အမေက ရိုက်တယ်။ ကျွန်တော်က ငိုတယ်။ ကျွန်တော်ကို ဖက်ပြီးနမ်းတယ်။ ရေချိုးတယ်။ အဲဒီအမေ့မျက်နှာကို ကျွန်တော်ဖြင့် တစ်သက်လုံး မေ့မရပါ။ ခုချိန်မှပဲ အမေ့ခံစားချက်ကို နားလည်လာပါတယ်။ ဒါဟာ အရုပ်ကြီးလည်တာနဲ့ ကျွန်တော်ကြားက ဆက်နွယ်မှုတစ်ခုပါပဲ။

စစ်တွေမြို့မှာ သီတင်းကျွတ်၊ တန်ဆောင်တိုင် လပြည့်နေ့တွေဆိုရင် မြို့လုံးကျွတ် ဆွမ်းတော်ကြီးလောင်းလှူပွဲတော် ကျင်းပကြတာ ဓလေ့တစ်ခုလို ဖြစ်နေပါပြီ။ မြို့ထဲက ဝင်္ကဘာကွင်း တစ်ပတ်ပြည့်အောင် ဆွမ်းလောင်းလှူခံကြပါတယ် အရှင်သံဃာတော်များက။ ဟိုးအရင်ကဆိုရင် သုံးရက်တိုင်တိုင်လောင်းလှူခဲ့ကြတယ်လို့ ကြားဖူးပါတယ်။ ပွဲတော်မှာ အစိုးရ ဌာနဆိုင်ရာပေါင်းစုံ၊ သာရေးနာရေးအလှူရှင်အဖွဲ့များ၊ ရပ်ကွက်အလိုက် အလှူအဖွဲ့များနှင့် မြို့နေ မိသားစုတွေက လာပြီး ဆွမ်းလောင်းလှူကြတာဟာ ပျော်စရာအရမ်းကောင်းပါတယ်။ ကိုယ့်အဖွဲ့နဲ့ ကိုယ်အလှူပစ္စည်းအမျိုးမျိုးကို လောင်းလှူကြပါတယ် (ဆွမ်း ၊ ပရိက္ခရာ၊ ဆေးဝါး၊ အသုံးအဆောင်များ အစသဖြင့်)။ အဲဒီနေ့ ဆွမ်းလောင်းလှူပွဲမှာ ပြည်နယ်၊ မြို့နယ် သံင်္ဃာမဟာနာယက ထေရ်ကြီးဝါကြီး ဆရာတော်ဘုရားများအပါအဝင် တစ်မြို့လုံးရှိ ရဟန်းသံင်္ဃာ အပါး ၅၀၀ ကျော်နဲ့ မယ်သီလရှင်၊ သူတော်၊ သူတော်မတို့ ကြွရောက်ကြပြီး အလှူခံကြပါတယ်။ တစ်မြို့လုံးက အလှူရှင်တွေကလဲ စေတနာ သဒ္ဒါးတရားထက်သန်စွာနဲ့ လောင်းလှူကြတာဟာ မြင်ရတဲ့လူတိုင်း စိတ်ကြည်နူးကြရပါတယ်။ ပီတိရွှန်းလို့ သာဓုခေါ်စရာပါ။ အဲဒီမြင်ကွင်းတွေကို ပိုပြီးပျော်စရာဖြစ်အောင် ဖြည့်ဆည်းပေးတာက ကျွန်တော်တို့ရဲ့ အဘိုး၊ အဘောင်လို့ တင်စားကြတဲ့ အရုပ်ကြီး ဇနီးမောင်နှံပါ။

ဆွမ်းခံကြွရောက်ကြတဲ့ ဆရာတော်အသျှင်သူမြတ်တို့နှင့် မယ်သီလရှင်တွေရဲ့ နောက်မှာ အရုပ်ကြီးမောင်နှံလဲ လိုက်ပါ အလှူခံကြပါတယ်။ ဆွမ်းလောင်းပွဲမှာ ရောက်ရှိနေကြတဲ့ လူကြီး၊ ကလေးသူငယ်တိုင်း အရုပ်ကြီးကို ချစ်ကြပါတယ်။ လူကြီးတွေကို ကလေးတွေကို ခေါ်ပြီး အရုပ်ကြီးကို ထိတွေ့ကိုင်ကြည့်ခိုင်းတတ်ကြပါတယ်။ ကျွန်တော်တို့ ကလေးအရွယ်တုန်းကလို ခုခေတ် ကလေးတွေကလဲပဲ အရုပ်ကြီးကို ကြောက်ကြပါတယ်။ ချစ်လေ့ ချစ်ကြပါတယ်။ အရုပ်ကြီးအနားကို သွားပြီး မကိုင်ရဲ ကိုင်ရဲ သွားကိုင်ထိကြည့်ပြီး ပြန်ထွက်ပြေးလာကြတဲ့ ကလေးတွေကို ကြည့်ရတာကလဲ ကြည်နူးစရာ ပုံရိပ်တွေပါ။ အရုပ်ကြီးကလဲ ကလေးတွေကို မြင်ရင် ခန္ဓာကိုယ်ကို ကိုင်းညွတ်ပြီး လုပ်ပြပါတယ်။ အဲဒီလို လုပ်လာပြီဆိုရင် ကလေးတွေကို ကြောက်ပြီးနောက်ဆုတ်ကြပါတယ်။ ပြီးရင် အရုပ်ကြီးဆီ ပြန်မသွားတော့ဘူးလားဆိုရင်လည်း မဟုတ်ပါဘူး။ ပြန်လာကြပါတယ်။ ဒါပါပဲ။

အရုပ်ကြီးကို လူကြီး၊ လူငယ်၊ ကလေးတိုင်းက ချစ်ကြပါတယ်။ အရုပ်ကြီးကလည်းပဲ အားလုံးကို မေတ္တာထားပါတယ်။ ဟုတ်ပါတယ်။ အရုပ်ကြီးဟာ ဘာသာရေးကို အလေးပေးတယ်။ ဘုရားတရားကို ရိုသေကိုင်းရှိုင်းတယ်။ သာသနာအတွက် ထမ်းဆောင်ပေးတယ်။ မြို့သူမြို့သားတွေကိုလည်း ဖျော်ဖြေတယ်။ အရုပ်ကြီးဟာ ကျွန်တော်တို့ အမေအဖေတို့ ကလေးကတည်းကပင် ရှိခဲ့ပါတယ်။ ခုချိန်ထိလဲ ရှိနေပါသေးတယ်။ နောက်ကာလအများကြီးထိလဲ အရုပ်ကြီးဟာ ဗုဒ္ဓသာသနာ့တာဝန်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။

အရုပ်ကြီးဟာ ကျွန်တော်တို့ အားလုံးအတွက် ထာဝရ အသက်ရှင်နေတဲ့ အဖိုးရှင်၊ အဘောင်ရှင်မဟုတ်လား။

 893 total views,  1 views today