စစ်တွေ၊ ဇန်နဝါရီ ၁၅ ရက်။ ရခိုင်ပြည်နယ်ရှိ အစိုးရစာသင်ကျောင်းများတွင် တိုင်းရင်းသားစာပေ သင်ကြားရန် အတွက် နေ့စား လပေးဆရာ၊ ဆရာမဝန်ထမ်းများကို ခေါ်ယူထားရာ လျှောက်ထားသူပေါင်း ၈၀၀၀ ကျော်ခန့် ရှိကြောင်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ သိရသည်။

“အဲဒါကကျနော်တို့စာရင်းပြုစုတုန်းဗျ။ လျှောက်ထားသူကများနေတော့ စာရင်းတွေကို အတိကျ ပြန်ကောက်နေရတယ်။ ၈ ထောင်ကျော် လောက်တော့ ရှိမယ်ထင်တယ်။ ရခိုင် ၈ ထောင်ကျော် တယ်နော်။”ဟု တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူး ဦးဦးကျော်ဝင်းက ပြောသည်။

ကျောင်းသားဦးရေ ၁၀၀ ကိုဆရာ၊ ဆရာမတစ်ဦးနှုန်းဖြင့် သင်ကြားရမည် ဖြစ်ပြီး KG တန်းမှစ၍ ပထမတန်းနှင့် ဒုတိယတန်း အဆင့်ရှိ ကျောင်းသူ၊ ကျောင်းသားများအားသင်ကြားရမည့် အဆိုပါ အစီစဉ်တွင် ရခိုင်ပြည်နယ် အတွင်း ဆရာ၊ ဆရာမဦးရေ မည်မျှခန့်ထားမည် ကိုမသိရသေးဟုဆိုသည်။

ထိုသို့သင်ကြားနိုင်ရန် လျှောက်လွှာခေါ်ယူစဉ်က ပညာအရည်အချင်းကို ၉ တန်းအောင် အထိသာ သတ်မှတ်ခဲ့ သော်လည်း လျှောက်လာသူများ ထဲတွင် ဆယ်တန်းအောင်နှင့် ဘွဲ့ရများလည်း များစွာပါဝင်နေကြောင်း သိရသည်။

ရခိုင်နှင့် ချင်းတိုင်းရင်းသားတို့၏ ကိုယ်ပိုင်စာပေသင်ကြားခွင့်ကို ပြီးခဲ့သည့် ၂ နှစ်ဝန်းကျင်ကတည်းက တရားဝင် သင်ကြားရန် ခွင့်ပြုခဲ့ ခြင်းဖြစ်သည်။ သို့သော် ချင်းတိုင်းရင်းတို့မှာစာသင်ချိန်အတွင်း သင်ကြားခွင့် ရခဲ့သော်လည်း ရခိုင်တိုင်းရင်းသားစာပေကိုမှု ထိုသို့ ခွင့် မပြုခဲ့ပေ။

ရခိုင်ပြည်နယ်တွင် တိုင်းရင်းသားမျိုးနွယ်စု ၇ မျိုးရှိပြီး ယင်းအနက်မှ ရခိုင်တိုင်းရင်းသားမှအပ ကျန် တိုင်းရင်းသား မျိုးနွယ်စုတို့၏ ကိုယ်ပိုင် စာပေသင်ကြားမှုမှာ လုံးလုံးနိမ့်ကျလျှက်ရှိကြောင်း ခမီတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးလေသာအောင်က ArakanYoma သို့ ပြောဆိုထားသည်။

 465 total views,  1 views today