ရိုးမရေဒီယိုမဂ္ဂဇင်း

ဘူးသီးတောင်၊

ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင် ၇ မျိုးထဲက မျိုးနွယ်စုတစ်ခုဖြစ်တဲ့ သက္ကမ တိုင်းရင်းသား မျိုးနွယ်စုတို့ရဲ့ (၈) ကြိမ် မြောက် အမျိုးသားနေ့ကို ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင် မြို့နယ် လောင်းချောင်းကျေးရွာမှာ ဇန်နဝါရီလ ၇ ရက်နေ့က ပြုလုပ်ကျင်းပခဲ့ကြပါတယ်။

ဒိုင်းနက်လို့ လူသိများတဲ့ အဆိုပါ သက္ကမတိုင်းရင်းသားတွေဟာ ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေး နောက်ပြီး တော့ ဘာသာစကား၊ စာပေနဲ့ ယဉ် ကျေးမှုစတဲ့ ကဏ္ဍအသီးသီးမှာ နိမ့်ကျလျှက်ရှိနေပါတယ်။

ဒါကြောင့်လည်း အဲဒီနိမ့်ကျနေမှုတွေကို တစ်ဖက်တစ်လမ်းက မြင့်မားအောင်လုပ်ဆောင် လိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို ကျင်းပရတာ ဖြစ်တယ်လို့ ပွဲကျင်းပရေးကော်မတီနာယက တစ်ဦးဖြစ်တဲ့ ဆရာတော် ဦးတေဇ (သက္ကမ) က မိန့်ပါ တယ်။

“ရည်ရွယ်ချက်ကတော့ ဦးဇင်းတို့ ဒိုင်းနက်သက္ကမလူမျိုးတွေဟာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး နောက်ပြီးတော့ ဘာသာစကား၊ စာပေနဲ့ ယဉ် ကျေးမှု အဖက်ဖက်က နိမ့်ကျနေတာကို နေပြီးတော့ မြင့်မား လာမယ့် အတွက် ဦးဇင်းတို့ ကျင်းပရတာ ဖြစ်ပါတယ်။ ဒီ ၂၀၁၉ ခုနှစ်နဲ့ ဆိုလို့ရှိရင် ၈ ကြိမ်မြောက် ရှိပြီပေါ့နော်။”

သက္ကမမျိုးနွယ်တွေဟာ ရခိုင်ပြည်နယ်ထဲက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနဲ့ ချင်း ပြည်နယ် ပလက်ဝစတဲ့ မြို့နယ်တွေမှာ နေထိုင်ကြတာ ဖြစ်ပါတယ်။

လက်ရှိ (၈) ကြိမ်မြောက်ကျင်းပသွားတဲ့ ဘူးသီးတောင်မြို့နယ်မှာဆိုရင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသ တစ်ခုလည်း ဖြစ်ပါတယ်။ အဲဒါကြောင့် ဒေသအာဏာပိုင်တွေက အမျိုးသားနေ့ကျင်းပဖို့ ခွင့်ပြုခဲ့ပေမယ့် လုံခြုံရေး ကိုတော့ တာဝန်ယူမှု မရှိခဲ့ဘူးလို့ ပွဲဖြစ်မြောက်ရေးကော်မတီဝင်တွေက ပြောပါတယ်။

“ဒီမှာဖြစ်နေတဲ့ အနေအထားက ဦးဇင်းတို့ ဒုက္ခ၊ သုခခံပြီးတော့ လုပ်ကြပါတယ်။ သို့သော်လည်း ဒေသ အာဏာပိုင်တွေကိုတော့ အသိပေးခဲ့တယ်။ အသိပေးတော့ သူတို့က ခွင့်ပြုချက်ကတော့ပေးတယ်။ သို့သော် လည်း ဦးဇင်းတို့က လူနည်းစုဖြစ်တဲ့အတွက်ကြောင့် ဒီပွဲကို နှစ်စဉ်နှစ်တိုင်းလည်း ကျင်းပလာတာ မဖြစ်ဖြစ်အောင် လုပ်မယ်။ ဦးဇင်းတို့က ငြိမ်းချမ်းစွာ ကိုယ်တို့ အမျိုးသားနေ့ပွဲတစ်ပွဲကို ဖြစ်အောင်လုပ်မယ်ဆိုပြီး လုပ်ကြတာပေါ့။ တိုက်ပွဲကလည်း ဖြစ်နေတယ်။ စိုးရိမ်စိတ်ကတော့ ဦးဇင်းတို့မှာ ရှိတယ်ပေါ့။”ဟု ဦးတေဇက မိန့်ပါတယ်။

အဲဒီအမျိုးသားနေ့ပွဲ အခမ်းအနားကို ပွဲကျင်းပရေးကော်မတီနဲ့အတူ ဘူးသီးတောင်မြို့နယ်  အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံ၊ ဘူးသီးတောင်မြို့နယ် အမှတ်(၂) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းတို့ကလည်း တက်ရောက်ခဲ့ကြတာပါ။

ဒါ့အပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းတစ်ခုမှာရှိတဲ့ သက္ကမတိုင်းရင်းသားမျိုးနွယ်စု အများအပြား တက်ရောက်ခဲ့ ကြသလို မြောက်ဦးနဲ့ မင်းပြားမှာရှိတဲ့ သူတို့မျိုးနွယ်စု အနည်းအကျဉ်း လာရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

 420 total views,  1 views today