ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

မခိုင်အေးသန်းဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေထိုင်တဲ့ အဝေးသင်ကျောင်းသူ တစ်ဦးပါ။ ကျောင်းတွေ ရပ်နားထားရတဲ့ ကာလမှာ သူမဟာ အစိုးရ အလုပ်တွေခေါ်တိုင်း စစ်တွေမြို့ကို လာလာ လျှောက်တတ်ပါတယ်။ တစ်ခေါက်လာလျှောက်တိုင်း ကျောက်တော်ကနေ စစ်တွေကို အသွားအပြန်ကားစရိတ်၊ တည်းခိုစရိတ်၊ စားစရိတ်နဲ့ အလုပ်အတွက် လိုအပ်တဲ့ စာရွက်စာတန်းစရိတ်တွေစခက တစ်ကြိမ်ကို သိန်းနဲ့ချီ ကုန်ကျတတ်ပေမယ့် အခုအချိန်ထိ အလုပ်မရသေးပါဘူး။

“ကြီးကြပ်၊လဝက၊ TA၊ ဆေးစပ် တို့လျှောက်ဖူးပါတယ်။ အခက်အခဲတွေအများကြီးပါ။ အဲမှာ အိမ်ထောင်စုတွေ၊ သုံးဆင့်ထောက်ခံစာတွေ၊ ဆေးလက်မှတ်တွေ၊ နောက်ပြီး လေဘာတွေ ယူရပါတယ်။ အခက်အခဲတွေက လေဘာတွေမှာဆိုရင် ၁ ရက်နဲ့ မရ။၂ရက်နဲ့ မရဘူး။ အဲဒါတွေရှိတယ်။ လူတစ်ရာ ခေါ်တာကို တစ်ထောင်လောက် လျှောက်တယ်လေ။ လိုက်မမှီဘူးပေါ့။ ရဲစခန်း ထောက်ခံစာတော့ အဆင်ပြေပါတယ်။ ကြီးကြပ် လျှောက်တဲ့ခါက လူတွေ အရမ်းများပါတယ်။ တန်းစီပြီးစောင့်ရတယ်။ လူ ၁၀၀၀၊ ၂၀၀၀ လောက်ရှိမယ် တန်းစီရပါတယ်။ အခက်အခဲတွေပါ။ ခရီးစရိတ်က စစ်တွေကို အသွား ၁၀၀၀၀ အပြန် ၁၀၀၀၀ ပါ။ အဲမှာရုံးတွေကို သွားတဲ့ခါမှာ ကားငှားရပါတယ်။ အဲမှာလည်း စရိတ်တစ်ခုပါ။ နေစရိတ်ပါ။ မိန်းကလေး ဆိုရင်တော့ စားဖို့သောက်ဖို့သွားဖို့လာဖို့ကုန်ပါတယ်။ တစ်ခုမှာမှ မပါဖူးပါ။”

အစိုးရဌာနတစ်ခုခုက အလုပ်တခုအတွက် ဝန်ထမ်းခေါ်ယူပြီဆိုရင် ဆယ်တန်းအောင်၊ ဘွဲ့ရထားတဲ့လူငယ်တွေ ထောင်နဲ့ချီလာလျှောက်ပြီး ပြွတ်သိပ်စုဝေးနေတဲ့ မြင်ကွင်းကို ပြည်နယ်ရဲ့မြို့တော် စစ်တွေမှာ မကြာမကြာ မြင်တွေ့ရလေ့ရှိပါတယ်။ ပုဂ္ဂလိကကုမ္ပဏီ၊ ဒါမှမဟုတ် ဆိုင်တစ်ဆိုင်ဆိုင်မှာ ဝန်ထမ်းတစ်ယောက် ခေါ်တယ်ဆိုရင်လည်း ဒီအတိုင်းလျှောက်ကြတာပါပဲ။

ဒါဟာ ရခို်င်ပြည်နယ်မှာ အလုပ်အကိုင် ဘယ်လောက်ရှားပါးသလဲဆိုတာကို မီးမောင်းထိုးနေတဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။ လူဦးရေ ၃ ဒဿမ ၃၄ သန်းရှိတဲ့ ရခိုင်ပြည်နယ်မှာ ယခင်က တစ်နေ့ကို လူဦးရေ ၃၀၀ လောက်ဟာ ပြည်မနဲ့ ပြည်ပနိုင်ငံတွေကို သွားရောက်လုပ်ကိုင်လေ့ရှိပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပြည်မက ရခိုင်အလုပ်သမားသိန်းနဲ့ချီ နေရပ်ပြန်လာခဲ့ကြတာကြောင့် နဂိုတည်းက ရှိနှင့်ပြီး လူဦးရေကိုတောင် အလုပ်အကိုင် မဖန်တီးပေးနိုင်သေးတဲ့ ရခိုင်ပြည်နယ်မှာ အလုပ်လက်မဲ့ ဖြစ်လာသူဦးရေ နှစ်ဆ တိုးလာခဲ့တာလည်း ဖြစ်ပါတယ်။

“အလုပ်တစ်ခုခေါ်လို့ ထောက်ခံစာ တောင်းရရင် ရပ်ကွက်ရုံး၊ ရဲစခန်းတွေကိုသွားပြီး တောင်းရတာ အရမ်းခက်ခဲပါတယ်။ လေဘာကြောင့် အရမ်းဒုက္ခရောက်ရပါတယ်။ ဟိုတစ်ခေါက်က ခေါ်တဲ့ ကြီးကြပ်၂ တုန်းကဆိုရခိုင်က မြို့နယ် အသီးသီးလူငယ်တွေ လာလျှောက်ကြပါတယ်။ နယ်ကလူတွေဆို လမ်းစရိတ်ကြီးသလား မမေးနဲ့။ လေဘာယူတာ လူများတာကြောင့် ၁ရက်စောင့်၊၂ရက်စောင့်နဲ့ဘုန်းကြီးကျောင်းတွေမှာ တည်းပြီးတော့။အပင်ပန်းခံ နေပူခံပြီး လေဘာရုံးရှေ့မှာ စောင့်ခဲရပါတယ်။ အလုပ်မရှိတဲ့သူများတာကိုး။အလုပ်တစ်ခုခေါ်ရင် လျှောက်တဲ့ သူက အများကြီးပါ။ခေါ်တာ ၁ဝယောက် လျှောက်တာ ၁ဝဝဝလောက်ပါ။ပါလားဆိုလည်း မပါဘူး။ နောက်အလုပ်တစ်ခုလျှောက်ဖို့ဆို ထောက်ခံစာ ထပ်တောင်း သံသရာလည်နေတာပါပဲ။ အလုပ်လည်းမရပါ။”လို့ မောင်ဘိုဇော်မင်းက သူကြုံရတဲ့အခက်အခဲကို ရင်ဖွင့်သွားတာပါ။

သူတို့မောင်နှမတစ်စုဟာဆိုရင် ကျောက်ဖြူကနေ စစ်တွေကို ပြောင်းလာခဲ့ကြပြီး အိမ်ငှားနေထိုင်နေတဲ့ထဲက လူငယ်တစ်ဦးဖြစ်ပြီး အလုပ်ရှာနေခဲ့တာ နှစ်ဝက်လောက်ရှိသွားပြီဖြစ်ပေမယ့် အခုချိန်ထိ အလုပ်တစ်ခုရရှိဖို့ ကြိုးစားရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

အလုပ်အကိုင်တစ်ခုရနိုးနိုးနဲ့လာလျှောက်တဲ့ ထောင်နဲ့ချီတဲ့ထဲက ဆယ်ဂဏန်း၊ အများကြီးခေါ်ရင် ရာဂဏန်း လောက်ပဲ ခေါ်ယူလေ့ရှိပြီး အများစုကတော့ နေရပ်ကိုပဲ ပြန်လှည့်သွားကြရတာပါ။ နယ်ကလူငယ်တွေ အလုပ်တစ်ခုလာလျှောက်တယ်ဆိုရင် ရောက်တဲ့နေ့မှာ လျှောက်လွှာယူ၊ နောက်တစ်နေ့မှာ အလုပ်သမားကဒ်ရ ဖို့အတွက်ထပ်စောင့် စသဖြင့် စောင့်ဆိုင်းကြရပါတယ်။
လျှောက်လွှာတင်ပြီးကြချိန်မှာတော့ နေရပ်ကို ပြန်သွားကြရပြီး ဝင်ခွင့်အင်တာဗျူးဖြေဆိုရမယ့်နေ့ရက်တွေမှာ ပြန်လာကြရပါတယ်။ ဒီလို ခဏခဏလာရောက်ကြရလို့ ငွေကြေးချို့တဲ့တဲ့ မိသားစုဝင်တွေက လူငယ်တွေဆိုရင် ပိုမိုပြီးတော့ အခက်အခဲကြုံကြရပါတယ်။ ဒီလို များစွာသော အခက်အခဲတွေကို ကျော်လွှားပြီးရင်လည်း အလုပ်ခေါ်ယူမယ့်ထဲ ကိုယ်ပါမပါဆိုတာက မသေချာပါဘူး။

မြောက်ဦးမြို့နယ် ညောင်ပင်လယ်ကျေးရွာက (၂၁)နှစ်အရွယ် မောင်မောင်မောင်အေး ပြောပြတာက “အခက်အခဲတွေ အများကြီးထဲက လာရတာတွေ အင်တာဗျူးခေါ်ခဲ့တဲ့သူတွေတွက် ကံကောင်းချင်မှကောင်းမှာပါ။ကျနော်အခုလက်ရှိ အလုပ် ၄ခုလျှောက်ထားပါတယ်။ တစ်ခုက လိုအပ်မှခေါ်မယ်တဲ့။ နောက်တစ်ခုက အင်တာဗျူးမပါပါ။ နောက်တစ်ခုက ခေါ်တယ်။ ကျနော်တို့ ပထမဆုံး မေးဖြေဖြေရတယ်။ နောက်တစ်ခေါက်ရေးဖြေဖြေရတယ်။ ရေးဖြေမှာ ကျနော်တတ်သလောက်အတွေကြုံနဲ့ကြိုးစားဖြေခဲတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့မပါပါဘူး။”လို့ ဖြစ်ပါတယ်။

လူငယ်တွေအလုပ်လျှောက်တဲ့အခါ ကြုံကြရတဲ့ အခက်အခဲတွေထဲ ငွေကြေးအခက်အခဲသာမက မြန်မာနိုင်ငံမှာ သတ်မှတ်ထားတဲ့ အလုပ်သမားကဒ်၊ ရဲစခန်းနဲ့ ရပ်ကွက်ထောက်ခံစာတောင်းရတဲ့ အခက်ခဲတွေကြောင့်လည်း အများကြီးဖြစ်ကြရပါတယ်။ ဒေသခံတွေအတွက်အကြောင်း မဟုတ်ပေမယ့်လို့ နယ်က လာလျှောက်တဲ့ လူငယ်တွေ အတွက်ကတော့ ထောက်ခံစာတွေ အပြည့်အစုံ လိုအပ်လို့ သွားတောင်းတဲ့အခါ အဆင်မပြေကြတာလည်း ရှိပါတယ်။

“နယ်ကလူတွေဆို အရမ်းခက်ခဲပါတယ်။နေရတာ စားရတာ ကုန်ကျစရတ်လည်းပိုများတယ်။ နေဖို့စားဖို့ အဆင်မပြေတာတွေ ရှိတယ်။ ဘုန်းကြီးကျောင်းမှာ ကပ်နေတဲ့ခါနေရတယ်။ အလုပ်လျှောက်ဖို့ဆို အလုပ်ရှင်က ရပ်ကွက်ထောက်ခံစာ၊ ရဲထောက်ခံစာလိုတယ်ဆိုရင် တကယ်လို့ နယ်ကလူတွေဆိုရင် ဘယ်က သွားတောင်းရမလဲ။ ခုက တိုင်းပြည်အခြေအနေ မကောင်းတဲ့ထဲ လွယ်လွယ်နဲ့ ထောက်ခံစာ ယူလို့ရနိုင်မလဲ။ ကျနော်တို့က အလုပ်လာလျှောက်ဖို့သွားရင် ရင်တစ်မော့မော့နဲ့ပါ။”လို့မောင်မောင်မောင်အေးကဆက်ပြောပါတယ်။

ဒီအခက်အခဲတွေ ကျော်လွန်သွားလို့ အလုပ်လျှောက်ကြပြီဆိုရင်လည်း ခေါ်ယူတဲ့ ဝန်ထမ်းအင်အားနဲ့ လာလျှောက်တဲ့ အင်အားက အဆမန်ကွာခြားတာကြောင့် အလုပ်မရတဲ့ သူတွေက ပိုများပါတယ်။ ဆင်းရဲချို့တဲ့တဲ့ မိသားစုက တော်ရုံမိဘတွေဆိုရင် အလုပ်လျှောက်လွန်းလို့ သား၊ သမီးတွေအပေါ် မယုံကြည်ကြတော့ဘဲ ငြိုပြင်လာတဲ့ အခိုက်အတန့်တွေလည်း ကြုံနေကြရပါတယ်။

မခိုင်အေးသန်းက အခုလို ရင်ဖွင့်ပါတယ်။

“ဘယ်လိုပျောက်သွားလဲမသိဘူး။ ထွက်လာရင်မပါတာတွေရှိတယ်။ ဆေးစပ်တွေက မထွက်ပဲပျောက်နေတာပါ။အိမ်မှာက မရှိဘူး(ငွေးကြေးချို့တဲ့)။ဒါပယ်မဲ့ ကိုယ်ကလျှောက်ချင်တယ်။ပါအောင်ဆိုပြီးသွားလျှောက်တယ်။ အခက်အခဲတွေထဲကပါ။ အိမ်ကမလျှောက်နဲ့တော့ လမ်းစရိတ်ကုန်တယ်။ ပါမှာလည်း မဟုတ်ဘူး။ဒါပယ်မဲ့ ကိုယ်က ပါချင်တယ်။ သွားလျှောက်တယ်။ ငွေမရှိတဲ့ကြားထဲကပါ။ ၄ ကြိမ်၊ ၅ ကြိမ်လျှောက်ဖူးတယ်။ တစ်ခုမှ မပါသေးပါ။”

တကယ်ဆိုရင် မြစ်ချောင်းအင်းအိုင်တွေ၊ တောင်တောလယ်မြေတွေသာမက သဘာဝ ရေနံနဲ့ ဓာတ်ငွေ့ထွက်တဲ့ ပင်လယ်ကမ်းရိုးတမ်းဒေသ ရခိုင်ပြည်နယ်မှာ အလုပ်အကိုင်ရှားပါးတယ်ဆိုတဲ့ အနေအထားက တော်တော်လေး အံသြစရာကောင်းပါတယ်။

မောင်မောင်အေး၊ မခိုင်အေးသန်းနဲ့ မောင်ဘိုဇော်မင်းတို့ကတော့ ရခိုင်ပြည်နယ်မှာ ဒေသထွက်ကုန်ကြမ်းတွေကို ကုန်ချောအဖြစ်ပြောင်းလဲထုတ်လုပ်နိုင်မယ့် စက်ရုံအလုပ်ရုံတွေ ပေါများလာရေးကို မျှော်လင့်နေကြပြီး ဒီလို မထွန်းကားလာသရွေ့တော့ လူငယ်တွေဟာ အလုပ်တစ်ခုရရှိရေး ခက်ခဲနေဦးမှာပဲ ဖြစ်ပါတယ်။

“ကျနော်တို့ စစ်တွေမြို့မှာ အလုပ်ရှာရတာ လွယ်မလိုနဲ့ အရမ်းခက်ပါတယ်။ ခက်တယ်ဆိုတာ သူတို့ခေါ်တယ် သွားလျှောက်တယ် ကိုယ်တွေက အခက်အခဲတွေအများကြီးထဲက သွားပြီးလျှောက်တဲ့ ထဲက ကိုယ်မပါဘူးဆိုတော့ စိတ်ဓာတွေကျပြီး လိုင်းပေါ်က အလုပ်ခေါ်စာတွေမြင်ရင် ကိုယ်တွက်မဟုတ်ဘူးလို ယူဆတယ်။ ကျနော်က ရတဲ့အလုပ်ကို လုပ်တယ်။ မခေါ်တာများတယ်။ ကျနော်ညံလို့လားလို့ သုံးသပ်ရင်လည်း ကျနော် ညံ့တဲ့ထဲမပါပါဘူး။”လို့ မောင်မောင်အေးက ရင်ဖွင့်လိုက်ပါတယ်။ ‌

သတင်းဆောင်းပါးဓာတ်ပုံ – စစ်တွေမြို့ရှိ ခိုင်သဇင်ပန်းခြံရှေ့က အလုပ်ခေါ်ယူမှုမြင်ကွင်းတစ်ခု (ဓာတ်ပုံ – ထူး ၊ အာရ်ကန်ရိုးမ)

 591 total views,  1 views today