Arakan Yoma

ဟားဘတ်တက္ကသိုလ်မှ PHD ဘွဲ့ရဆိုပြီး လိမ်လည်ကာ စစ်တွေမြို့မှာ သင်တန်းဖွင့်လှစ်နေတဲ့ ဒေါက်တာ စည်သူအောင်ဆိုသူကို ရခိုင့်တပ်တော် ပြည်သူ့အာဏာပိုင်အဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ပါတယ်။


စက်တင်ဘာလ ၁၅ ရက်နေ့က AA ဒု စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က သူ့ရဲ့ဖေ့စ်ဘုတ်လှုမှုကွန်ယက် စာမျက်နှာပေါ်မှာ ရခိုင်ဘာသာစကားနဲ့ ရေးသားထားထုတ်ပြန်လာတာပါ။


စည်သူအောင်ဆိုသူဟာ စစ်တွေမြို့ ကုန်တန်းရပ်ကွက်မှာ Vertex of Education လို့ အမည်ပေးထားတဲ့ အင်္ဂလိပ်ဘာသာစကား သင်ကြားရေးကျောင်းကို တည်ထောင်ထားသူဖြစ်ပြီး ပြီးခဲ့တဲ့ လပိုင်းကတော့ REDP လို့ခေါ်တဲ့ Rakhine Educaton Development Program ကို ဖွဲ့စည်းခဲ့ပါတယ်။


၂၀၂၀ အစပိုင်းမှာ ဖွင့်လှစ်ခဲ့တဲ့ ဒီသင်တန်းကျောင်းမှာ လေးလကြာသင်တန်းတစ်ခုစီကို ငွေ ၅ သိန်းထိရှိပြီး ၁၅ ဦးစီပါတဲ့ သင်တန်းအပတ်စဉ် ၇ ခုအထိ ပြီးမြောက်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။


ကာယကံရှင်ကတော့ ရခိုင်အသိုင်းအဝိုင်းက သူ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးနောက် ဟားဘတ်ဘွဲ့ရဆိုတာဟာ လိမ်လည်ထားတာဖြစ်တယ်လို့ Live လွင့်ပြီး ဝန်ခံခဲ့ပါတယ်။ ဝန်ခံပြီး နောက်တစ်နေ့မှာပဲ AA က ဖမ်းဆီးသွားတာလည်း ဖြစ်ပါတယ်။

 496 total views,  1 views today