ကိုအောင် ၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ်ထဲမှာ မြို့နယ်အလိုက် လူမှုရေးအသင်းအဖွဲ့တွေ၊ ဖောင်ဒေးရှင်းတွေ၊ အစည်းအရုံးတွေ များစွာ ရှိနေပါတယ်။ ဒီလိုပဲ ကျောက်ဖြူမြို့မှာလဲ သန္တာမြေဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အမည်နဲ့ အဖွဲ့တစ်ခုတည်ရှိနေပါတယ်။

ဒီဖောင်ဒေးရှင်းကို ဦးဆောင်တည်ထောင်သူတွေ အားလုံးဟာ ပညာတတ် အငြိမ်းစားအရာရှိကြီးတွေနဲ့ အငြိမ်းစား ဆရာမတွေဖြစ်ကြပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ အမျိုးသမီးတွေ ဦးဆောင်တဲ့ တခြားအဖွဲ့အစည်းတွေလဲ ရှိကြပေမယ့် သန္တာမြေ ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းကတော့ နိုင်ငံရေး၊ ဘာသာရေး၊ အမျိုးသားရေးနောက်ခံအဖွဲ့အစည်းတခု မဟုတ်ပဲ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး နေထိုင်မှုပုံစံ ဖွံ့ဖြိုးလာရေးအတွက် အမျိုးသမီးတွေကိုယ်တိုင် ဦးစီးဦးဆောင်ပြုပြီး ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်တဲ့ အဖွဲ့တခုဖြစ်တာက ထူးခြားနေပါတယ်။ ဘယ်လိုစိတ်ကူးတွေကြောင့် ဒီအဖွဲ့ကို ဖွဲ့ဖြစ်ခဲ့တာလဲ၊ ဘယ်သူတွေပါဝင်သလဲ၊

အဖွဲ့က ဘာတွေဆောင်ရွက်နေလဲ၊ ရံပုံငွေကို ဘယ်လိုစုဆောင်းသလဲ၊ နောက်ထပ်ဘာတွေ ဆောင်ရွက်ကြမှာလဲဆိုတာ ဖောင်ဒေးရှင်းတည်ထောင်သူတွေနဲ့ တွေ့ဆုံတင်ပြပေးချင်ပါတယ်။

“ကျွန်မတို့ ရခိုင်ပြည်နယ်က အဆင်းရဲဆုံး ပြည်နယ်တခုအဖြစ်ကို ရောက်နေပါပြီ။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေး၊ စတဲ့ ကဏ္ဍပေါင်းစုံမှာ လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ ဒီ လိုအပ်ချက်တွေကို အစိုးရအပေါ်မှာပဲ တာဝန်ပုံချမထားပဲနဲ့ ဒေသခံလူထုကလည်း နည်းလမ်းရှာဖွေပြီးတော့ တတပ်တအား ၀ိုင်းဝန်းဆောင်ရွက်ခြင်းဖြင့် မိမိတို့ဒေသအသီးသီးက ဖွံ့ဖြိုးတိုးတက်မယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒီအတွက် ဒီအဖွဲ့အစည်းကို ဖွဲ့စည်းတည်ထောင်ခြင်းဖြစ်ပါတယ်။ နောက်ပြီး ဒီအဖွဲ့က မည်သည့် နိုင်ငံရေးပါတီ၊ ပါတီဝင်မှ မဟုတ်ပါဘူး။ နောက်ပြီး ဥပဒေနဲ့ မညီတဲ့ ဘယ်လုပ်ငန်းကိုမှလဲ လုပ်မှာမဟုတ်ပါဘူး။”

အခုလို ဖောင်ဒေးရှင်း တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကို ရှင်းပြသွားတာကတော့ အငြိမ်းစား အထက်တန်းပြ ဆရာမ တယောက်ဖြစ်ပြီး ဖောင်ဒေးရှင်းမှာ အတွင်းရေးမှူး တာဝန်ယူထားတဲ့ ဒေါ်သန်းသန်းအေးဖြစ်ပါတယ်။ သန္တာမြေ ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှာ အငြိမ်းစားယူထားပြီးသား အမျိုးသမီးကြီး အယောက် ၂၀ က ဦးဆောင်ပြီး အဖွဲ့ဝင် ၅၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ အမျိုးသမီးကြီးတွေက ဦးဆောင်တယ် ဆိုပေမယ့် ဖောင်ဒေးရှင်းရဲ့ လုပ်ငန်းကို စိတ်ပါဝင်စားသူ အမျိုးသားတွေလဲ ပါဝင်ဆောင်ရွက်သလို လူငယ်အမျိုးသမီးတွေလဲ ပါဝင်ကြတယ်လို့လဲ ဆရာမကပြောပါတယ်။

အဖွဲ့ကို စတင်ထည်ထောင်ဖို့ စိတ်ကူးရသူကတော့ တရားသူကြီးဟောင်းတစ်ယောက်ဖြစ်တဲ့ ဒေါ်သင်းသင်းပါ။ ဒုတိယမြို့နယ်တရားသူကြီးအဖြစ် ဆယ်နှစ်လုပ်ကိုင်ခဲ့ပြီး ၀န်ထမ်းအဖြစ်နဲ့ လုပ်ကိုင်နေခဲ့စဉ်ကလည်း အဂတိကင်းရှင်းသူတယောက် ဖြစ်ခဲ့ပါတယ်။

ဝန်ထမ်းအဖြစ်နဲ့ ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာတဲ့အတွက် အလုပ်က နှုတ်ထွက်ပြီးတဲ့နောက် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကို တည်ထောင်လုပ်ကိုင်နေတာပါ။ ၂၀၁၀နောက်ပိုင်း ကျောက်ဖြူမြို့မှာ ရုပ်ဝတ္ထုဖွံဖြိုးမှုတွေ ရှိလာပေမယ့် လူမှုရေးအခြေအနေ နဲ့ အထူးသဖြင့် လူငယ်တွေမှာ  စိတ်ပိုင်းဆိုင်ရာ ဖွံဖြိုးမှုကျဆင်းလာနေတာကို သတိထားမိတဲ့ အချိန်မှာတော့ အခြေအနေကို ပြုပြင်ပြောင်းလဲအောင် ဘယ်လိုလုပ်မလဲဆိုတာကို နည်းလမ်းရှာဖွေရင်း သန္တာမြေ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းကို တည်ထောင်ဖို့ ဖြစ်လာတယ်လို့ ဒေါ်သင်းသင်းက ပြောပြပါတယ်။

“ကိုယ့်မှာရင်းနှီးတဲ့ ပတ်ဝန်းကျင်၊ ကိုယ်နဲ့ အတူတူရှိတာက အမျိုးသမီးအုပ်စု။ ဒီအမျိုးသမီးတွေကလည်း တကယ်ကို ပညာတတ်အုပ်စုတွေ။ သူတို့တွေမှာလဲ နှစ်အဆက်ဆက် လုပ်ငန်းခွင်ထဲမှာ လုပ်လာတဲ့ အတွေ့အကြုံတွေရှိတယ်။ နေရာဒေသပေါင်းစုံကို ရောက်ဖူးတယ်။ ကျွန်မတို့ တက္ကသိုလ်တက်တဲ့အခါက Hostel Life (အဆောင်နေကျောင်းသူဘ၀) အပြည့်အစုံရှိခဲ့ဖူးတယ်။ အရပ်ဒေသ ပေါင်းစုံက လူပေါင်းစုံနဲ့ ပေါင်းတတ်တယ်။ ယဉ်ကျေးမှုပေါင်းစုံကို ကျွန်မတို့တွေ့ရတယ်။ ဒါတွေကို အခုခေတ် လူငယ်တွေကို သင်ပေးသင့်တဲ့ အချက်တွေ။ ကျွန်မတို့ တွေ့ရတဲ့အထဲမှာ အဆိုးဆုံးဖြစ်နေတဲ့ အချက်က ဘာလဲဆိုတော့ တဖက်စွန်းရောက်နေတဲ့ အယူအဆတွေ။ တော်တော်ဆိုးတယ်။ ကျွန်မတို့သည် အစွန်းရောက်တဲ့ဟာထက် သမာသမတ်ကျကျ အားလုံးကို မှန်မှန်ကန်ကန် တွေးခေါ်မြှော်မြင်ပြီးတော့ ကိုယ့်မြို့ရွာ ဘယ်လိုတိုးတက်ဖို့လဲဆိုတဲ့ စိတ်ထားရှိရမယ်။ ဒါကမှ ကိုယ့်မြို့ကိုရော ကိုယ့်လူမျိုးကိုရော ကိုယ့်အရပ်ဒေသ ကိုယ့်ပြည်နယ်တခုလုံး အမှန်တကယ် ဆောင်ကျဉ်းပေးနိုင်တဲ့လမ်း။ ကျွန်မပြန်စဉ်းစားတော့ တဦးတည်းလုပ်တယ်ဆိုတာထက် အဖွဲ့အစည်းတရပ်အနေနဲ့ လုပ်လိုက်တဲ့အခါကျရင် ကျွန်လက်လှမ်း မမီတဲ့ ကျန်တဲ့နေရာတွေကိုပါ ဒီဟာ ရောက်သွားနိုင်တယ် ဆိုပြီးတော့ ကျွန်မက အဖွဲ့ဖွဲ့ဖို့ မဖြစ်မနေ ကြိုးစားတယ်။ ကြိုးစားတော့ ၂၀၁၇ ဒီဇင်ဘာ ၁၈ ရက် ကျွန်မရဲ့ ဆိုင်သက်တမ်း တနှစ်ပြည့်တဲ့နေ့မှာ ကျွန်မ ဒီအဖွဲ့ကို အကြမ်းဖျဉ်းစပြီးဖွဲ့တယ်။ ဖွဲ့ပြီးတော့ တရားဝင်မှတ်ပုံတင်လျှောက်တယ်။”

အဖွဲ့တခုဖြစ်လာအောင် စည်းရုံးတဲ့အခါတော့ ကိုယ်နဲ့ ရွယ်တူ သူငယ်ချင်း အမျိုးသမီးတွေကို ပါဝင်ဖို့ ဖိတ်ခေါ်ရင်း စတင်ခဲ့ပါတယ်။

ပညာရေးဌာနမှာ လက်ထောက်ညွှန်ကြားရေးမှူးအဖြစ်က အငြိမ်စားယူထားတဲ့ ဆရာမ ဒေါ်ခင်မြတ်မွန်က စာရေးဆရာမတစ်ယောက်လဲဖြစ်ပြီး မွန် (ကျောက်ဖြူ)နာမည်နဲ့ ၀တ္ထုတွေရေးသားနေတာပါ။ အငြိမ်းစားယူပြီးတဲ့နောက် ဖောင်ဒေးရှင်းမှာ ပါဝင်လာခဲ့ပြီး ပြန်ကြားရေးတာဝန်ကို ယူထားပါတယ်။ သန္တာမြေ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ကိုဖွဲ့စည်းပြီးပြီးချင်း လူငယ်တွေအတွက် ဦးစားပေးပြီး အထောက်အကူပြု လုပ်ငန်းတွေစတင်ခဲ့တယ်လို့ ပြောပါတယ်။

“ဖွဲ့စည်းပြီး မကြာမီမှာပဲ တက္ကသိုလ်ဝင် စာမေးပွဲ နီးကပ်လာတဲ့အတွက် ကျွန်မတို့က ပညာရေးကစပြီးတော့ ၂၁ ရက် ၂ လပိုင်းမှာ ကျွန်မတို့ရဲ့ဆရာမ တက္ကသိုလ် သင်္ချာဌာနက အငြိမ်းစားပါမောက္ခ ဒေါ်ကျော့စိန်ကို ဖိတ်ခေါ်ပြီးတော့ ရမ္မာဝတီခန်းမမှာ မြို့နယ်လုံးကျွတ် ဆယ်တန်းကျောင်းသူ ကျောင်းသားတွေကို ခေါ်ပြီးတော့ ပို့ချပါတယ်။ ဒါပထမဆုံး လုပ်ငန်းပါ။ သုံးလပိုင်းကျတော့ သန္တာမြေဖောင်ဒေးရှင်းက အဖွဲ့ဝင်ဖြစ်တဲ့ ဒုညွှန်အငြိမ်းစား စာရင်းစစ်မှူး ဒေါ်အောင်သိန်းက စာရင်းကိုင်သင်တန်းကို Summit Center မှာပဲ ဖွင့်ပါတယ်။ အခမဲ့ပါ။ တက်ချင်တဲ့သူတက် တလကြာအောင်မြင်ပါတယ်။”

အဲ့ဒီနောက်ပိုင်းမှာတော့ သန္တာမြေ ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရဲ့ လုပ်ငန်းတွေ အဆက်မပြတ် လုပ်ဆောင်လာနိုင်ခဲ့ပါတော့တယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ယဉ်ကျေးမှု၊ ဘိုးဘွားရိပ်သာ ကူညီထောက်ပံ့ရေး၊ စားသုံးသူကာကွယ်ရေး ဥပဒေ ပညာပေး၊ ဒေသထွက်ကုန် အသေးစား လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက်ဝင် စားသောက်ကုန် ထုတ်လုပ်နည်း သင်တန်းတွေကို ဆက်တိုက်ပြုလုပ်လာနိုင်ခဲ့ပါတယ်။ အထူးသဖြင့် မိသားစုမှာ အရေးပါတဲ့ အိမ်ရှင်မတွေကို အခြေခံပြီး လုပ်ငန်းလုပ်ကိုင်လာနိုင်အောင် ဦးတည်ဆောင်ရွက်ခဲ့တာပါ။ ဖောင်ဒေးရှင်းဥက္ကဌ ဒေါ်သင်းသင်းက အခုလိုရှင်းပြပါတယ်။

“လုပ်ရမယ့် အလုပ်တွေကလည်း များတယ်။ လုပ်ရမယ့်အထဲမှာ ပညာပေးရမယ့်ဟာတွေက အများဆုံးပဲ ဆိုတော့ ဒါတွေကို ကိုယ်တယောက်တည်းလဲ မဖြစ်ဘူး။ ကိုယ်လိုအမြင်တူတဲ့လူတွေရှိမှ အလုပ်ကဖြစ်မယ်။ ကိုယ်နဲ့စကားပြောလိုက်တဲ့အခါကျတော့လဲ အများစုက ထပ်တူထပ်မျှကျတယ်။ ဒါဆို ငါတို့လုပ်လို့ရပြီ။ ဘာကြောင့် ပညာတတ်အမျိုးသမီးတွေစုရသလဲ ခေတ်ကိုက ပညာခေတ်ပါ၊ တခြားမြို့ရွာကအဖွဲ့တွေ၊ တခြားနိုင်ငံက အဖွဲ့တွေနဲ့ ယှဉ်မယ်ဆိုရင် ကိုယ်ဖွဲ့ထားတဲ့အဖွဲ့ထဲမှာ ဆယ်တန်းတောင် မအောင်တဲ့သူတွေချည့်ပဲဆိုလဲ မဖြစ်သေးဘူး။ ဒါ ကျွန်မ နှိမ့်ချလို့ ပြောတာမဟုတ်ပါဘူး။ ဆယ်တန်း အောင်ခြင်း မအောင်ခြင်းနဲ့လဲ လူကို ခွဲခြားစရာလဲမဟုတ်ပါဘူး။ အဓိက ပညာတတ်တွေနဲ့ စုပြီးဖွဲ့တယ် ဆိုတာ သူများတွေနဲ့ ပုခုံးချင်းယှဉ်ပြီး အတွေ့အကြုံချင်း ဖလှယ်နိုင်အောင် ပြောရေးဆိုရေး အောက်ကျ နောက်ကျ မရှိရအောင် ဦးဆောင်လိုက်တယ်ဆိုတဲ့သဘောပါ။”

ဖောင်ဒေးရှင်းအနေနဲ့ ဆက်လက်လုပ်ကိုင်သွားဖို့ ရည်ရွယ်ထားတဲ့ လုပ်ငန်းတွေရှိနေပါတယ်။ အထူးသဖြင့် လူငယ်တွေအတွက် ပညာရေး စီးပွားရေးအခွင့်အလမ်းတွေ ရရှိနိုင်ဖို့ မျှော်လင့်ပြီး လုပ်ကိုင်တာလို့ ဆိုပါတယ်။ တက္ကသိုလ်ဝင်တန်း ကျောင်းသူ ကျောင်းသားတွေအတွက် ဘာသာရပ်ဆိုင်ရာ ပါမောက္ခတွေ ဖိတ်ခေါ်ပြီး ဟောပြောပို့ချပေးတာ၊ ဒေသထွက်ကုန် အစားအသောက်တွေ အဆင့်မီထုတ်လုပ်နိုင်ဖို့နဲ့ ဈေးကွက်ဝင်ဖို့ ကူညီပေးတာ၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့ စားသုံးသူကာကွယ်ရေး ပညာပေးဆောင်ရွက်တာနဲ့ အပတ်စဉ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေးလှုပ်ရှားတာတွေကို ဆောင်ရွက်မယ်လို့ အဖွဲ့ဝင်တွေက ပြောပါတယ်။

“သန္တာမြေသတင်းလွှာ အစီအစဉ်တစ်ခုလုပ်ဖို့ စီစဉ်ထားပါတယ်။ ဥက္ကဌက ဘယ်လိုညွှန်ကြားလဲဆိုတော့ လူငယ်တွေအတွက်ပေါ့၊ ကျွန်မတို့မြို့မှာ အလုပ်အကိုင် မရှိတဲ့လူငယ်တွေ အများကြီးရှိနေတယ်။ သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဘယ်လိုရှိလဲဆိုတာ အဓိက ရည်ရွယ်တယ်လို့ ပြောတယ်။ အဲ့ဒီအတွက် လူငယ်သတင်းလွှာတခု လုပ်ဖို့ရှိပါတယ်။ လူငယ်တွေအတွက် လုပ်ဖို့အလုပ်တွေ ကျွန်မတို့မြေမှာ အများကြီးရှိတယ်ဆိုတာ ထောက်ပြချင်ပါတယ်။ အဲ့ဒါကြောင့် ကျောက်ြဖူမြို့က လူငယ်တွေ ကျွန်မတို့အဖွဲ့နဲ့ ပူးပေါင်းလာပြီး ကျွန်မတို့ကလဲ သူတို့ရဲ့ လုပ်ငန်းလေးတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ရဖို့အတွက် ကူညီပါမယ်။”

ကျောက်ဖြူမြို့ နာရီစင်နားမှာ Summit Center အမည်နဲ့ Shopping Center (ကုန်တိုက်) တခုတည်ရှိပြီး အဲ့ဒီ Center ကလည်း ကျောက်ဖြူမြို့ရဲ့ တခုတည်းသော ဈေးဝယ်စင်တာ ဖြစ်ပါတယ်။ Summit Center ကို တည်ထောင်သူက ဖောင်ဒေးရှင်းတည်ထောင်သူ ဥက္ကဌ ဒေါ်သင်းသင်းပဲဖြစ်ပါတယ်။ အဲ့ဒီဆိုင် ရောင်းရငွေရဲ့ ၁% ကို ဖောင်ဒေးရှင်း ရံပုံငွေအဖြစ် အသုံးပြုတာလို့ သိရပါတယ်။ အဲ့ဒီဆိုင်မှာပဲ ကျောက်ဖြူက အမျိုးသမီးတွေထုတ်လုပ်တဲ့ ဒေသထွက်ကုန် ပစ္စည်းတွေနဲ့ စားသောက်ကုန်တွေကိုလည်း ဖြန့်ချိ ရောင်းချပေးနေတယ်လို့ ဆရာမဒေါ်သန်းသန်းအေးက ပြောပါတယ်။

“အခုသူတို့မှာ ထုတ်နေတာတွေက ကိုယ့် ကျောက်ဖြူမှာပဲ ထုတ်တဲ့အဆင့်၊ သူတို့မှာ FDA နဲ့ ပတ်သက်တဲ့ တံဆိပ်တွေလဲ မရှိသေးဘူး။ အဲ့ဒါမျိုးတွေလဲ ရဖို့လုပ်ခိုင်းတယ်။ အဆင့်အတန်း မြင့်မြင့်နဲ့ Export အဆင့်ထိရောက်အောင် အမှတ်တံဆိပ်တွေပါအောင် သူတို့ကို တိုက်တွန်းပေးနေတယ်။ ကျွန်မတို့က ဒီက ဖြန့်ပေးတယ်။ အဓိက Summit Center မှာ တင်ပေးပါတယ်။”

ဖောင်ဒေးရှင်းရဲ့ ပထမဆုံး ဒေသထွက်ကုန်ပြပွဲရဲ့ အကျိုးဆက်အဖြစ် ကျောက်ဖြူဒေသရဲ့ ထွက်ကုန်တွေကို ထိုင်းနိုင်ငံမှာ သွားရောက်ပြသနိုင်ဖို့ အခွင့်အလမ်းတခု ဖြစ်လာခဲ့ပါတယ်။ ဒီဇင်ဘာလထဲမှာ ပြုလုပ်မယ့် ထိုင်းမြန်မာ သံတမန်ဆက်သွယ်ရေးနှစ် ၇၀ ပြည့် ဒေသထွက်ကုန်ပြပွဲမှာ သွားရောက်ပြသနိုင်ဖို့ သန္တာမြေ ဖောင်ဒေးရှင်းက စီစဉ်နေကြပါပြီ။ ဖောင်ဒေးရှင်းရဲ့ သက်တမ်းက တနှစ်ပဲရှိသေးပေမယ့် လူမှုအဖွဲ့အစည်းတခုလုံးရဲ့ အသိအမြင် အမူအကျင့်တွေ ကောင်းစွာပြောင်းလဲလာဖို့ သန္တာတွေ ပေါက်ဖွားရှင်သန်ရာ သန္တာမြေ ကျောက်ဖြူ ဖွံဖြိုးတိုးတက်လာဖို့ ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်လာဖို့ အင်အားတွေဖြည့်ဆည်းရင်း ခရီးဆက်နေပါပြီ။ ဖောင်ဒေးရှင်းရဲ့ အဓိက အင်အားဖြစ်တဲ့ အမျိုးသမီးတွေရဲ့ စွမ်းဆောင်မှုကို အားပေးကူညီဖို့တော့ လိုပါလိမ့်မယ်။

“အဲ့ဒီတော့ မိန်းမတွေ ဘာဖြစ်လို့ ဒီလိုဦးစီးပြီးလုပ်ရလဲ။ မြန်မာပြည်မှာ အမျိုးသမီးဦးရေဟာ ငါးဆယ်ရာခိုင်နှုန်းကျော်ပါတယ်။ ဒီ ငါးဆယ်ရာခိုင်နှုန်းကျော်သောလူတွေက ကိုယ့်မှာရှိတဲ့ ကိုယ်စွမ်း ဉာဏ်စွမ်းတွေကို စိုက်ထုတ်ပြီးတော့ လုပ်ပေးလိုက်ရင် တိုင်းပြည်က မနည်းတိုးတက်လာမယ်။ ဒီ ငါးဆယ် ရာခိုင်နှုန်းကျော်သော မိန်းမတွေက ငါတို့က မိန်းမပဲ ယောကျာ်းတွေရဲ့ နောက်တန်းမှာ နေမယ်ဆိုရင် တိုးတက်ဖို့နှေးမယ်။ ဘာလို့လဲဆိုတော့ လူအင်အားများနေတယ်လေ။ ပြီးရင် မိန်းမတွေက အိမ်တအိမ်မိသားစု တခုရဲ့ မောင်းနှင်အား။ ဒီဟာတွေကို အသုံးမချနိုင်လို့ မရဘူး။ ဒါတွေကို အသုံးချဖို့လိုတယ်။ ကျွန်မတို့က ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ဘယ်နေရာကပဲ ရရ ကိုယ့်မြို့ကိုယ့်ရွာ တိုးတက်ဖို့အတွက် နည်းလမ်းပေါင်းစုံ စဉ်းစားပြီးတော့ ကြိုးစားပြီးတော့လုပ်မယ်။”

 399 total views,  1 views today