ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ပြီးခဲ့တဲ့ ဇွန်လ ဒုတိယပတ်လောက် အတွင်းကပဲ ရခိုင်အမျိုးသားတက္ကသိုလ် တစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။

အဲဒီ တက္ကသိုလ်ဟာ ရန်ကုန်-စစ်တွေ ပြည်ထောင်စု အဝေးပြေးလမ်းမပေါ်မှာ တည်ရှိတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်တစ်ပင်ကျေးရွာမှာ အခြေစိုက်မယ်လို့ ဆိုထားပါတယ်။

ဒီတက္ကသိုလ်ကို ပါမောက္ခ ဦးမင်းလွင် (M.A, Ph.D.) က ဦးစီးမှာလည်း ဖြစ်ပါတယ်။

ဦးမင်းလွင်ဟာ Coordinator Of Distance Learning အဖြစ် UNESCO ယူနက်စ်ကိုရဲ့ အသိမှတ်ပြုခံထားရသူ ဖြစ်သလို ရန်ကုန်နဲ့ မန္တလေးတို့လို ပြည်မဖက်မှာလည်း အဆင့်မြင့်ပညာရပ်တွေနဲ့ ပတ်သက်ပြီး အင်စတီကျု့တွေနဲ့ အကယ်ဒမီတွေမှာ သင်ကြားပြသနေသူလည်း ဖြစ်တယ်လို့ သူရဲ့ပရိုဖိုင်းမှာ ရေးထားပါတယ်။

“ဘာသာကတော့ ဆရာတို့မှာ ဘာသာအစုံရှိတယ်။ ကမ္ဘာ့ တက္ကသိုလ်တွေမှာ ပြဌာန်းတဲ့ ဘာသာတွေလေ။ သို့သော် ဘာသာတွေကို အကုန်လုံး မပြနိုင်သေးဘူး။ အဓိကတော့ အင်္ဂလိပ်စာပဲ အရင်ပြတယ်။ ကျောက်တော်မြို့နယ် သရက်တစ်ပင်ရွာမှာပေါ့။ (ဇွန်) ၇ ရက်နေ့က ဒဇေရှင် (ဆုံးဖြတ်ချက်) ချတယ်။ ၁၁ ရက်နေ့က ဖွင့်တယ်။”လို့ ဦးမင်းလွင်က ပြောပါတယ်။

အဲဒီ တက္ကသိုလ်ကနေတဆင့် မြန်မာ၊ အင်္ဂလိပ်၊ ပါဠိဘာသာရပ်တွေနဲ့ Buddhist, Philosophy, Computer and Programming, History, Mathematics စတဲ့ ဘွဲ့တွေကို ရယူနိုင်မှာ ဖြစ်တယ်လို့ ကျောင်းရဲ့ပရိုဖိုင်းမှာ ရေးထားပါတယ်။

ဒါ့အပြင် Faculty of Arts, Science, Medicine, Engineering, Social and Environmental Studies, World History and Religious စတဲ့ ဘွဲ့တွေကိုပါ နိုင်ငံတကာ တက္ကသိုလ်တွေ၊ ကောလိပ်တွေနဲ့ ချိတ်ဆက် ယူနိုင်မှာလည်း ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ကျောင်းက သင်ကြားပို့ချတဲ့ သက်ဆိုင်ရာ သာဘာရပ်တွေမှာ စစ်ဆေးလို့ အောင်မြင်တဲ့ ကျောင်းသားကို ဒီပလိုမာဘွဲ့ ပေးအပ်မှာဖြစ်ပြီး နောက်တဆင့်အနေနဲ့ အခြားနိုင်ငံအသီးသီးက တက္ကသိုလ်နဲ့ ကောလိပ်တွေမှာ ဘတ်ချ်လာဘွဲ့၊ မာစတာဘွဲ့ကနေ ပါရဂူဘွဲ့အထိ ချိတ်ဆက်သင်ကြားပြီး ပေးအပ်သွားမှာဖြစ်တယ်လို့ တည်ထောင်သူက ပြောပါတယ်။

“အနည်းဆုံး ၁၀ တန်းအောင်။ မြန်မာနိုင်ငံဖြစ်ဖြစ် ကမ္ဘာနိုင်ငံဖြစ်ဖြစ် ၁၀ တန်း အောင်ရမယ်။ ပြီးရင် ဆရာတို့ သုံးလ Lecture ပေးပြီးတော့ စာမေးစစ်မယ်။ စစ်လို့ ပြီးရင် စာမေးပွဲအောင်ရင် ဒီပလိုမာ ပေးမယ်။ ဒီပလိုမာက မြန်မာနိုင်ငံအဆင့် ဒီပလိုမာ မဟုတ်ဘူးနော်။ ဆရာတို့က နိုင်ငံတကာအဆင့် ဒီပလိုမာ ပေးမယ်။ ဒီပလိုမာရတဲ့ ကျောင်းသားကို ဆရာတို့က နောက်ထပ် ဘတ်ချ်လာ သင်မယ်။ ဘတ်ချလာ ဆိုတာက စစ်တွေတက္ကသိုလ်တို့ အဆင့် မဟုတ်ဘူးနော်။ ကမ္ဘာ့နိုင်ငံ အသီးသီးမှာရှိတဲ့ Course (သင်ရိုး) ကို သင်ပါမှာ။ နောက် ဘတ်ချ်လာပြီးတာနဲ့ မာစတာတက်မယ်။ မာစတာ ပြီးတာနဲ့ ပါရဂူဘွဲ့အထိ ဆရာတို့ သင်ကြား သွားမယ်။”

တက်ရောက်မယ့် သူတွေ အနေနဲ့ ဆယ်တန်းနဲ့ အဲဒီ အထက် အဆင့်ရှိသူတွေ ဖြစ်ရမယ်လို့ ဆိုပါတယ်။ ဒီကျောင်းရဲ့ ရည်ရွယ်ချက်ကတော့ ပထမဆုံး ဖောင်ဒေးရှင်းအနေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို နိုင်ငံတကာသုံး အင်္ဂလိပ်ဘာသာ စကားကို သင်ကြားမှာဖြစ်ပြီး အဲဒီကနေ တဆင့် သူတို့ မျှော်မှန်းထားတဲ့ အတိုင်း အဆင့်ဆင့် တိုးမြှင့်သွားမယ်လို့ ခန့်မှန်းရပါတယ်။

လက်ရှိမှာတော့ သရက်တပင်ရွာမှာပဲ ယာယီ ကျောင်းဆောင်ဖွင့်လှစ်ပြီး ကျောင်းသား တစ်ရာလောက်ကို အင်္ဂလိပ် ဘာသာစကား သင်ကြားပေးနေပြီလည်း ဖြစ်ပါတယ်။ အဲဒီကျောင်းမှာ ကျောင်သားတွေရဲ့ စာရင်းပိုင်း ဆိုင်ရာနဲ့ ပတ်သက်လို့ တာဝန်ယူထားတဲ့ ဦးကျော်ကျော်ညွန့်က အခုလို ပြောပါတယ်။

“ကျနော်ကတော့ ဘာ တာဝန်လည်းဆို နည်းနည်း ပံ့ပိုးပေးရုံလောက်ပါပဲ။ ကျောင်းသား စုပေးတယ်။ စာရင်းပိုင်းတွေ၊ အခန်းတွေ ဘာတွေ စီစဉ်ပေးတာပေါ့။ နေဖို့ထိုင်ဖို့ရော၊ စားသောက်ရေးတွေ နောက်ပြီး ကျောင်းသား လက်ခံတဲ့ အပိုင်းတွေလေ။ ခု သွားနေတာက အင်တာနေရှင်နယ် အင်္ဂလိပ်စာကို ဖောင်ဒေးရှင်း အရင်ဆုံး သွားနေတာ။ ဖောင်ဒေးရှင်း နဲ့ အင်တာဂရက်ကျူရိတ်ကို ခြောက်လလောက် တက်ရမယ်။ ပြီး နောက်သုံးလ အင်္ဂလိပ်စာ ၉ လမှာ ရေးဖို့ ဖတ်ဖို့ တတ်အောင် သင်ကြား သွားမယ်။ ပြီးမှ တခြားဘွဲ့တွေ သင်ကြားမယ်။ ကျနော်တို့က သူ့ကို ပံ့ပိုးနေတာပါ။ ကျောင်းတစ်ကျောင်း ဖြစ်ပေါ်လာဖို့ အတွက်ပေါ့။”

ဒီကျောင်းရဲ့ ပရိုဖိုင်းထဲမှာ ပါမောက္ခ ဦးမင်းလွင် (M.A, Ph.D.) တာဝန်ခံ ဖွင့်လှစ်သော UNESCO အသိအမှတ်ပြု “The National University Of Arakan” ရခိုင်အမျိုးသားတက္ကသိုလ်နဲ့ လေ့လာ ဆည်းပူး နိုင်မယ့် ဘာသာရပ်တွေကို ရေထားပေးပြီး သင်ကြားပြသမယ့်သူတွေ အသင့်ရှိနေတယ် ပြောပေမယ့် ဘယ်နိုင်ငံ၊ ဘယ် တက္ကသိုလ်ဘွဲ့ရ ဆရာ၊ ဆရာမ သင်ကြားသွားမယ် ဆိုတာတော့ တာဝန်ရှိသူက ထုတ်မပြောပါဘူး။

ယူနက်စ်ကို အသိအမှတ်ပြုတယ် ဆိုတာရယ်၊ နောက်တခါ ရခိုင်တမျိုးသားလုံးကို ကိုယ်စားပြုထားတဲ့ တက္ကသိုလ် နာမည်ရယ် စတာတွေနဲ့ ပတ်သက်ပြီးတော့ ရခိုင်လူထုအကြား ဝေဖန်မှုများ မြင့်တက်နေသလို အကောင်းမြင်မှုများလည်း ရှိနေပါတယ်။

စစ်တွေမြို့ အခြေစိုက် နိုင်ငံတကာအသိအမှတ်ပြု ဒီပလိုမာသင်တန်းတွေ ပို့ချပေးနေတဲ့ အကယ်ဒမီ တည်ထောင်သူတစ်ဦးကတော့ တက္ကသိုလ်တစ်ခုဟာ ဘယ်နိုင်ငံ၊ ဘယ်တက္ကသိုလ်က အသိအမှတ်ပြုပြီး ဘယ်သူတွေက သင်ကြားမယ်။ တက္ကသိုလ်တစ်ခုရဲ့ စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ သင်ထောက်ကူတွေ၊ အခင်းအကျင်းတွေနဲ့ ဒီတက္ကသိုလ်ပြီးတဲ့အခါ ဘယ်နိုင်ငံက ဘယ်တက္ကသိုလ်မှာ ဆက်တက်ခွင့်ရှိမယ် ဆိုတာတွေကို ဒီထက် ပိုမိုရှင်းလင်းစွာ ထုတ်ပြန်ပေးမှပဲ ပြည်သူလူထုဆီက ယုံကြည်မှုကို ရနိုင်လိမ့်မယ်လို့ အကြံပြုပါတယ်။

“Higher Education (အဆင့်မြင့်ပညာရေး) ဥပဒေ မရှိတဲ့အခါကျတော့ နိုင်ငံခြားက ဒီပလိုမာတွေဖြစ်စေ၊ နိုင်ငံခြားက ဘွဲ့တွေဖြစ်စေ၊ တကယ့် Quality မရှိတဲ့ဟာတွေကို လိမ်ရောင်းပြီးတော့ Market ထဲမှာ အမြတ် ထုတ်သွားတဲ့ ဟာတွေ ရှိတယ်။ Business ဆန်ဆန် လုပ်သွားတဲ့ ကျောင်းတွေလည်း ရှိတယ်။ ဒါတွေက ရန်ကုန်တို့၊ မန္တလေးတို့ဖက်မှာ ကြုံခဲ့ဖူးပြီပေါ့နော်။ ကိုယ့်ပြည်နယ်နဲ့ ကိုယ့်လူမျိုးအတွက် အကောင်းဆုံး ဘယ်လို စနစ်တကျလေး လုပ်မလဲပေါ့လေ။ ရှိသင့်ရှိထိုက်တဲ့ အသိအမှတ်ပြုမှု၊ တကယ် University စံနှုန်းနဲ့ ကိုက်ညီတဲ့ အကြောင်းတရားတွေ အကုန်လုံးကို Announce လုပ်ပြီး ဖော်ပြပေးသင့်တယ်။ ခုက ကျနော်တို့ မြင်လိုက်တဲ့ အတိုင်းပဲ ဗီနိုင်းလေး တစ်ချပ် ချိတ်ပြီးတော့ ပြလိုက်တယ်။ ဒါလုပ်မယ် ပြောတယ်။ ပြီးတဲ့အခါ ကျရင် တက္ကသိုလ်နဲ့ညီတဲ့ စာသင်ခန်းက ဘယ်လိုလဲ။ သင်ထောက်ကူ ပစ္စည်းက ဘာတွေရှိတာလဲ။ သင်ရိုးညွှန်းတန်းကို ကိုယ့်ဟာကို လုပ်ထားတာလား။ တခြား University တခုရဲ့ အသိမှတ်ပြုမှုကို သင်မှာ လားပေါ့။ University က ထွက်ပြီဆိုလို့ ရှိရင် နိုင်ငံတကာမှာဖြစ်စေ၊ အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်စေ နောက်ထပ် ဘယ်တက္ကသိုလ်ကို ဆက်ပြီး တက်ခွင့်ရှိလဲ။ ပညာရေးလမ်းကြောင်းက အစ ပြပေးနိုင်ရမယ်ပေါ့။ ဒါမှ ခိုင်မာမှုရှိတယ်ဆိုတဲ့ Sense တခုကို ပြည်သူလူထုကို ပေးနိုင်မှာပေါ့နော်။”

ရခိုင်အမျိုးသားတက္ကသိုလ်ရဲ့ ပညာရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးထွန်းသာစိန်ကတော့ ကျောင်းနာမည်ဟာ တည်ထောင်သူတွေရဲ့ ရွေးချယ်ခွင့်မို့လို့ ပြောစရာရှိ မနေပါဘူးလို့ ဆိုပါတယ်။

သူ့အနေနဲ့ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး တက်ရောက်နိုင်တဲ့ အခွင့်အလမ်းတွေကို ဖန်တီးပေးမှုအပေါ် အပြောနဲ့ အလုပ် ညီတယ်ဆိုရင်တော့ ဝမ်းမြောက်ကြိုဆိုရမှာပဲလို့ ပြောပါတယ်။

ဦးထွန်းသာစိန်က “ဆရာဦးမင်းလွင်က ဒီမှာ ကျောင်းတည်ထောင်မယ် ဆိုတော့ သူ့မှာ ရင်းနှီးတဲ့ ကိုအောင်သန်းဖိတ်လို့ ကျွန်တော်နဲ့ ဆုံဖူးတယ်။ နိုင်ငံတကာ အဆင့်မှီ၊ မမှီကိုတော့ အဲဒါနဲ့ ပတ်သက်လို့ ကျွမ်းကျင်ပညာရှင် မဟုတ်တော့ မသိဘူး။ သို့သော်လည်း အင်္ဂလိပ်စာ သင်တန်းတွေပေးတာ၊ နိုင်ငံတကာ တက္ကသိုလ်နဲ့ ချိတ်ဆက်ပြီးတော့ နိုင်ငံတကာက ဘွဲ့ကိုတောင်ရနိုင်တဲ့ အတိုင်းအတာရှိရင် ဒေသပညာရေး အတွက် ကောင်းတဲ့ မျှော်လင့်ချက်တွေပဲပေါ့။ အပြောနဲ့ အလုပ်နဲ့ ကိုက်ညီတယ်ဆိုရင်တော့ ဝမ်းသာပါတယ်။” လို့ ဆိုပါတယ်။

ဝေဖန်မှုတွေအပေါ် ပါမောက္ခ ဦးမင်းလွင်က အခုလို တုံ့ပြန်ပါတယ်။

“ကမ္ဘာ့အကြီးဆုံး တက္ကသိုလ်တို့ ဟားဘတ်တို့၊ မေတီကန်တို့၊ အောက်စဖို့ဒ်တို့ ရှိတယ်မလား။ အဲဒီတက္ကသိုလ် တို့ကို တက်လို့ ရတယ်။ အဲဒီတက္ကသိုလ်တွေမှာလည်း ဆရာတို့ ပို့ထားတဲ့ ပုဂ္ဂိုလ်တို့ ရှိတယ်။ ဆရာက ရန်ကုန်မှာ အိမ်စတီကျု၊ အကယ်ဒမီ ဖွင့်လာတာ။ ရန်ကုန်တင်မက မန္တလေးမြို့ကြီးပြကြီး၊ တောင်ကြီး၊ မေမြို့မှာ ဆရာတို့ Branch တွေ ရှိပြီးသား။ ရခိုင်မှာ မရှိသေးတဲ့အတွက် ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ တိုးတက်အောင်ဆိုပြီး လာ လုပ်တာ။ ကိုယ့် တပည့်တွေတော့ အများကြီး ရှိပါတယ်။ သူတို့က နိုင်ငံကာ အဆင့်မပါသေးဘူး။ သို့သော် မြန်မာနိုင်ငံ အဆင့်မှာတော့ 1 to 10 ဝင်တယ်။ ကမ္ဘာ့နိုင်ငံအသီးသီး နဲ့ ယှဉ်သွားမယ်။ ပညာရပ်တစ်ခုကို လေ့လာပြီးမှ အတိမ်အနက်ကို သိတာလေနော်။ ဒီဆရာတွေကို ဝေဖန်နေတာထက် ဒီလာပြီး ဆွေးနွေးလိုက်ရင် ဘယ်လောက် ကောင်းလိုက်မလဲနော်။ သူတို့မေးတဲ့ ၃၁ ဖုံလုံးကို အင်္ဂလိပ်မြန်မာနဲ့ စုံစမ်းလို့ရတယ်။ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဘာပြလဲဆိုတာ ဆရာတို့ ပြောပြလို့ရတယ်။”

 1,692 total views,  1 views today