ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဘာသာပေါင်းစုံ ယှဉ်တွဲ နေထိုင်လျက်ရှိကြတဲ့ ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမှာ သမိုင်းဝင်တဲ့ အဆောက် အဦးတွေ၊ ယဉ်ကျေးမှု အမွေအနှစ်တွေ၊ ဗိသုကာ လက်ရာတွေနဲ့ ကိုလိုနီခေတ်က တည်ဆောက်ခဲ့တဲ့ လက်ရာတွေလည်း ယခု ထက်တိုင် တည်ရှိနေဆဲ ဖြစ်ပါတယ်။

ဒီထဲက အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုခဲ့တဲ့ ဗလီတစ်ခုလည်း စစ်တွေမြို့လယ်မှာပဲ ထူးထူးခြားခြားနဲ့ ထင်ထင် ရှားရှား တည်ရှိနေပါတယ်။ ဂျမားလို့ အမည်ရှိတဲ့ အဆိုပါ ဗလီရဲ့ အရှေ့ဖက်အခြမ်းမှာ စစ်တွေမြို့မှာ ထင်ရှားတဲ့ ဆရာတော် ဦးဥတ္တမပန်းခြံ တည်ရှိပြီး ယဉ်ကျေးမှု ပြတိုက်နဲ့ကတော့ ဘေးချင်းကပ် အနေအထားပါ။

ဒီဗလီကို ၁၈ ရာစု အလယ်ပိုင်းမှာ ရခိုင်ပြည်နယ်ရောက် အိန္ဒိယနိုင်ငံသား လူချမ်းသာကုန်သည်တစ်ဦးက အကုန်ကျခံ တည်ဆောက်ခဲ့တာလို့ ဘာသာရေးခေါင်းဆောင်တွေက ပြောကြပါတယ်။ စစ်တွေတစ်မြို့လုံးက အစ္စလာမ်သာသာဝင်တွေသာမက နယ်ရွာတွေကပါ လာရောက် ဝတ်ပြုလေ့ရှိကြောင်း သူတို့တွေက ပြောကြပါ တယ်။

“၁၈၅၉ မှာ မရမာ့ဘောက်စ်ဆိုတဲ့ အိန္ဒိယက ပုဂ္ဂိုလ်က အဲဒီဗလီကြီးကို အကုန် အကျ ခံပြီးတော့ ဆောက်တယ်။ အဲဒီဗလီရဲ့ဝေယျာဝစ္စတွေအားလုံး ဆောင်ရွက်ခဲ့တယ်။ ကျေးပင်ကြီး ရပ်ကွက်မှာ များသောအားဖြင့် မြေခတွေကို စိုက်ပြီးတော့ လုပ်ခဲ့တယ်။”လို့ အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဦးကျော်လှအောင်က ပြောပါတယ်။

၂၀၁၂ ခုနှစ်မှာတော့ ဗုဒ္ဓသာသာဝင် ရခိုင်လူမျိုးတွေနဲ့ အစ္စလာမ်ဘာသာကိုးကွယ်တဲ့ မူဆလင်တွေကြား ဖြစ်ပွားတဲ့ ပဋိပက္ခကို အကြောင်းပြပြီး ပြည်ခိုင်ဖြိုးပါတီ အစိုးရက ဝတ်ပြုခွင့် ပိတ်ပင်ထားခဲ့ပါတယ်။ အဲဒီကတည်းကနေ ပိတ်ပင်ထားခဲ့တာ အခုဆိုရင် ၉ နှစ်လောက် ရှိနေပါပြီ။

အရင်ခေတ် ကောင်စီ လက်ထက်မှာလည်း မီးလောင်မှုတစ်ကြိမ် ဖြစ်ပွားခဲ့တာကြောင့် ဗလီပိုင်မြေကို အာဏာပိုင် တွေက သိမ်းယူဖို့ ကြိုးစားခဲ့ကြပေမယ့် အဲဒီမီးဟာ ဗလီခြံဝင်းထဲက စတင်လောင် ကျွမ်းခဲ့တာ မဟုတ်တဲ့ အတွက် စာတင်ပြီး ချေပနိုင်ခဲ့တယ်လို့ အဲဒီတုန်းက တရားရုံးမှာ စာရေးလုပ်နေခဲ့ပြီး ချေပစာကို ကိုယ်တိုင် ရိုက်နှိပ်ခဲ့တဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင် ဦးကျော်လှအောင်က ပြောပါတယ်။

“ကျေးပင်ကြီးရပ်ကွက် တစ်ခုလုံး မီးလောင်သွားတဲ့အခါ နိုင်ငံတော်အစိုးရက မီးလောင်မြေတွေကို နိုင်ငံပိုင် ဖြစ်တယ် ဆိုပြီးတော့ မီးသတ် ဥပဒေထုတ်တယ်။ အဲဒီဥပဒေအရ အစိုးရပိုင် ဖြစ်သွားတယ်။ ဒါပေမဲ့ မီးက ဒီဗလီထဲက ပုဂ္ဂိုလ်တွေရဲ့ပေါ့ဆမှုကြောင့် လောင်တာလည်း မဟုတ်ဘူး။ ဟိုး ဒီပြင်နေရာကနေ လောင်ပြီးတော့ ကူးလာတာ။ ဆိုတော့ အဲဒါတွေကို ပြည်နယ်ကောင်စီမှာ ဗိုလ်မှူးကျော်မောင် ရှိတဲ့အခါ ကျနော်က ပြည်နယ် တရားသူကြီး ဦးမောင်သာဇံရဲ့ တရားရုံးမှာ လက်နှိပ်စာရေး။ ဗိုလ်မှူးကျော်မောင် က အဲဒီမြေကို သိမ်းဖို့အတွက် ဦးမောင်သာဇံဆီက အကြံဉာဏ်တောင်းတယ်။ အကြံညာဏ် တောင်းတဲ့အခါ ကျနော်က အဲဒီစာကို ရေးတယ်။ ဦးမောင်သာဇံက ဘယ်လိုရေးလဲဆိုတော့ ဒီမြေကို သိမ်းပိုင်ခွင့်မရှိဘူး။ ဗလီပိုင်မြေ။ အဲဒီ မီးလောင်တာလည်း ဒီဗလီရဲ့ပေါ့ဆမှုနဲ့ မဟုတ်ဘူး။ အဲဒီမီးက ဒီပြင် နေရာက ကူးလာတဲ့အတွက်ကြောင့် အနီးဝန်းကျင်မှာ အိမ်တွေ လောင်သွားတာ။ ကျနော် မှတ်မိ သလောက် အဲလိုစာပြန်တယ်။ ဗိုလ်မှူးကျော်မောင် ဆီကို။ အဲဒီစာကိုလည်း ကျနော်ကိုယ်တိုင် သွားပို့ရတာ။ ပြည်နယ်ကောင်စီကို။ အဲလောက်ပဲ ကျနော်မှတ်ရတယ်။”

လက်ရှိမှာတော့ ကိုလိုနီခေတ်ဦးပိုင်းက တည်ဆောက်ခဲ့တဲ့ အဆိုပါဗလီကြီးဟာ ညောင်အိုပင်ကြီးတွေရဲ့ ဝါးမြိုခြင်း ခံနေရပြီး ပျက်စီးသွားမယ့် အန္တရာယ်နဲ့ ကြုံနေရပါတယ်။ ဗလီကြီးပေါ်မှာ ခေါင်မိုး မရှိတော့သလို အောက်ခံ ဖောင်ဒေးရှင်းတွေလည်း တူးဆွခံထားရသလို အပေါ်ကို လန်ထွက် ပျက်စီးနေပြီး သစ်နဲ့ ပြုလုပ်ထားတဲ့ ပြတင်းတံခါးတွေ၊ အုတ်နံရံတွေလည်း အကွဲကွဲအပြဲပြဲနဲ့ ယိုယွင်းနေကြပါတယ်။

ဒီ အပျက်အစီးတွေသာမက ခြံဝင်းအတွင်းမှာလည်း တောခြုံတွေနဲ့ ရှုပ်ပွနေသလို တံတိုင်း ပတ်ပတ်လည်မှာ လည်း ဒေသခံတွေရဲ့ အမျိုးမျိုးသော ဈေးဆိုင်တွေဟာ စည်ပင်ရဲ့ခွင့်ပြုချက်နဲ့ နေရာယူ ရောင်းချလျက် ရှိနေကြပါတယ်။

ပဋိပက္ခ နောက်ပိုင်း အဲဒီဂျမားဗလီအပါအဝင် စစ်တွေမြို့ပေါ်က ဗလီတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နေရာ ယူထားခဲ့ကြပေမယ့် လက်ရှိမှာတော့ သူတို့ပြုလုပ်ခဲ့တဲ့ သဲအိတ်တွေနဲ့ လုံခြုံရေးကင်း တချို့သာ ရှိတော့ပြီး ဗလီအတွင်း တပ်ဖွဲ့ဝင်တွေတော့ မရှိတော့ပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဆိုရင် ၁၈၅၉ ခုနှစ်က တည်ဆောက်ခဲ့ပြီး လက်ရှိမှာ ၁၆၂ နှစ် သက်တမ်း ရှိနေပြီဖြစ်တဲ့ ဒီဗလီကြီးကို မူလအတိုင်း ပြန်လည်ပြုပြင်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက သမိုင်းဝင် အဖြစ် ထိမ်းသိန်းထား သင့်တယ်လို့ အကြံပြု ရေးသားမှုတွေရှိခဲ့သလို တချို့ကလည်း ဒီအပေါ်မှာ သဘောထား ကွဲလွဲမှု တွေရှိခဲ့ကြတာ တွေ့ရပါတယ်။

ဦးကျော်လှအောင်ကတော့ ဒီဗလီဟာ ရခိုင်ပြည်နယ်မှာ အကြီးဆုံးနဲ့ ရှေးအကျဆုံး ဗလီဖြစ်တယ်လို့ ပြောပါတယ်။ ဒီဗလီနဲ့ ပုံတူတည်ဆောက်ထားတဲ့ ဗလီတချို့လည်း စစ်တွေအပါအဝင် ရခိုင်ပြည်နယ်နဲ့ မြို့နယ်တချို့မှာ တည်ဆောက်လျှက်ရှိပေမယ့် ဒီဗလီလောက် မကြီးကျယ်သလို ရှေးလည်း မကျဘူးလို့ ဆိုပါတယ်။

အစိုးရအနေနဲ့ ဒါကို မူလပုံစံအတိုင်း ပြုပြင်ထိန်းသိမ်းပြီး မြန်မာနိုင်ငံမှာလည်း အစ္စလာမ်ဘာသာဝင်တွေကို ကိုးကွယ်ခွင့် ပေးထားတယ်ဆိုတာကို ကမ္ဘာ ကို ပြဖို့ လိုအပ်တယ်လို့ သူက (ဦးကျော်လှအောင်) ပြောပါတယ်။

“နိုင်ငံတော် အစိုးရအနေနဲ့ ပြုပြင် ထိန်းသိမ်းပြီးတော့ အစ္စလာမ် ဘာသာဝင်တွေကို ကိုးကွယ်မှု ပေးတဲ့ဟာကို ကမ္ဘာကို ပြဖို့လိုတယ်။ ဘာဖြစ်လို့ဆိုတော့ ဒါက ကျနော်တို့ အတွက် ဒါသည် ခေတ်ဟောင်း အဆောက်အဦး။ အဲလို အဆောက်အဦးက ဗမာပြည်မှာ ရှားတယ်။ ဆောက်တဲ့ အခါတောင်မှ ၂ နှစ်၊ ၃ နှစ်လောက ်ကြာတယ်လို့ ကျနော်တို့ ကြားဖူးတယ်။”

၂၀၁၂ ခုနှစ် ပဋိပက္ခအတွင်း စစ်တွေမြို့ပေါ်မှာ ဗလီတွေအပါအဝင် အစ္စလာမ်ဘာသာရေး အဆောက် အဦးပေါင်း ၁၀၀ ကျော်လောက် ဖျက်ဆီးခံခဲ့ကြရပြီး လက်ရှိအချိန်ထိ ပြန်လည် ပြုပြင်နိုင်ခြင်း မရှိသေးဘဲ သူတို့နေထိုင်တဲ့ ကျေးရွာတွေနဲ့ ဒုက္ခသည် စခန်းတွေမှာ ယာယီ အဆောက်အအုံတွေ ဆောက်လုပ်ပြီး ဝတ်ပြု နေကြရတယ်လို့ မူဆလင်တွေက ပြောပါတယ်။

စစ်တွေမြို့မှာ အခြေစိုက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သတ်လို့ ဆောင်ရွက်နေကြတဲ့ ရခိုင်လူငယ် မျိုးဆက်သစ်ကွန်ရက် ဥက္ကဌ ကိုမင်းဘာချေကတော့ ဗလီပြုပြင်ထိန်းသိမ်းရေး ကိစ္စနဲ့ ပတ်သက်လို့ ကန့်ကွက် စရာ မရှိဘူးလို့ ပြောပါတယ်။

“စစ်တွေမြို့မှာဖြစ်နေတဲ့ ဗလီပြိုလဲပျက်စီးနေတဲ့ ကိစ္စနဲ့ပတ်သက်လို့ တိုက်ရိုက်ကြီး သက်ဆိုင်နေတဲ့ မူဆလင်အသိုင်းအဝိုင်း ညီအကိုတွေက ထိန်းသိမ်းဖို့အတွက် အဆင်မပြေ ဖြစ်နေကြတယ်။ ဒီအပေါ်မှာ အဲဒီမှာ ရှိနေကြတဲ့ တခြားသော ဗုဒ္ဓဘာသာဝင်တွေက သော်လည်းကောင်း၊ ခရစ်ယာန်တွေက သော်လည်းကောင်း အဓိက သူတို့ တန်ဖိုးထားတဲ့ သမိုင်းဝင် နှစ်ပေါင်းရာကို ချီကြာနေတဲ့ အဆောက်အဦးတွေကို လူတွေ အားလုံးက ထိန်းသိမ်းပြုပြင်သင့်တယ်လို့ ကျနော်က မှတ်ချက်ပေးချင်တယ်။”

ဗလီတွေဟာ မူဆလင်တွေ သာမက ရခိုင်မျိုးနွယ်စု တစ်ခုဖြစ်တဲ့ အစ္စလာမ်ဘာသာဝင် ကမန်လူမျိုးတွေရဲ့ ကိုးကွယ်ရာလည်း ဖြစ်ပါတယ်။ ကမန်အရေး တက်ကြွလှုပ်ရှားသူ မဆောင်းနှင်းဝေကတော့ အနာဂတ်မှာ လူမျိုး၊ ဘာသာမရွေးဘဲ လက်တွဲ သွားမယ်ဆိုရင် ထိန်းသိမ်းသွားသင့်တယ်လို့ ဆိုပါတယ်။

“အမတို့က ရှေးဟောင်း အမွေအနှစ် တစ်ခုအနေနဲ့ ထိန်းသိမ်းထားသင့်တယ်။ အမတို့ အနာဂတ် ရခိုင်ပြည်မှာ ပြန်ပြီးတော့ တည်ဆောက်နေတယ်။ အနာဂတ်ရခိုင်ပြည်မှာဆိုရင် ဒီလိုမျိုး ခွဲခြားမှုတွေ မရှိသင့်တော့ဘူး။ ဒီမှာရှိနေတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူတကွ လက်တွဲ သွားမယ်ဆိုရင် ဒီဟာ တစ်ခုကတော့ ထိန်းသိမ်းပြီးတော့သွားသင့်တယ်လို့ အမထင်တယ်။”

ဒီကိစ္စနဲ့ ပတ်သက်လို့ လက်ရှိ ပြည်နယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဥပဒေချုပ် ဦးလှသိန်းကို Arakan Yoma က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။ သူကတော့ နှစ်ပေါင်း ၁၀၀ ပြည့်ရင် သမိုင်းဝင်ဖြစ်တယ် ဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် ရှေးဟောင်း ဖြစ်နေတဲ့အတွက် ပြည်နယ်က လုပ်ပိုင်ခွင့် မရှိဘဲ ပြည်ထောင်စုကပဲ တိုက်ရိုက် ကိုင်တွယ်လေ့ရှိတယ်လို့ ဆိုပါတယ်။

“ခွင့်ပြုတယ်။ မပြုတယ်ဆိုတာ ပြည်ထောင်စုကပဲ ရှိမယ်။ ရှေးဟောင်း ဖြစ်နေတော့လေ။ ပြည်နယ်အစိုးရ အနေနဲ့ ရှေးဟောင်းဘုရားကျောင်းကန်တွေကို ဘာလုပ်တယ်။ ညာလုပ်တယ်။ တော့မရှိဘူး။ တကယ်လို့ လုပ်တယ်ဆိုလို့ရှိရင်လည်း ဗုဒ္ဓဘာသာအဆောက် အဦးပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ငါတို့က တင်ပြရုံပဲရမှာပေါ့။ အဲဒီဟာက ရှေးဟောင်း ယဉ်ကျေးမှုဦးစီးဌာနက ကိုင်သလား၊ သာသနာရေးက ကိုင်သလားမသိဘူး။ ပြည်ထောင်စုက ကိုင်တာ။”

သတင်းဆောင်းပါး ဓာတ်ပုံများ – ၂၀၂၁ ခုနှစ် မေလ ဒုတိယသီတင်းပတ်တွင် စစ်တွေမြို့ရှိ Arakan Yoma ၏ ဆောင်းပါးရှင်မှ ကိုယ်တိုင်ရိုက်ကူးသည်

 769 total views,  1 views today