Arakan Yoma |

ရခိုင်မြောက်ပိုင်း ဒုက္ခသည်စခန်းတွေထဲက တစ်ခု အပါအဝင်ဖြစ်တဲ့ ပုဏ္ဏားကျွန်းမြို့ စက်မှုဇုန်အတွင်းမှာ နေထိုင်သူဟာ ကလေးအဝတ်အထည်နဲ့ အခြေခံစားသုံးကုန်တွေ လိုအပ်နေကြပါတယ်။

ရန်ကုန်စစ်တွေအဝေးပြေးလမ်းပေါ် တည်ရှိတဲ့ ပုဏ္ဏားကျွန်းမြို့၊ ပုဏ္ဏားကျွန်းစက်မှုဇုန် ဒုက္ခသည်စခန်းဟာ အစိုးရက အသိအမှတ်ပြုထားတဲ့ စခန်းတစ်ခုဖြစ်ပြီး ဒုက္ခသည် ၁၀၀၀ နီးပါး နေထိုင်နေကြတာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က သူတို့ တစ်ဦးချင်းစီကို တစ်လမှာ မြန်မာငွေ ကျပ် ၁၅၀၀၀ နဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက ဆန်တစ်တောင်းကျော်စီ ထောက်ပံ့ပေးနေတယ် ဆိုပေမယ့် တခြားလိုအပ်ချက်များအတွက် ဖြည့်ဆည်းဖို့ လိုအပ်တာတွေ မဖူလုံဘဲ ဖြစ်နေကြတာပါ။

“အပျိုလေးတွေ ၁၀ နှစ်၊ ၁၁ နှစ်၊ မိန်းကလေးတွေ။ ၁၈၊ ၁၅ မိန်းကလေးတွေကို လိုအပ်ချက်က ကယ်ဆယ် ရေးမှာ ဆိုတော့ အဝတ်လည်း မဝယ်နိုင်ကြဘူး။ အဝတ်အစားတွေကို လိုချင်တယ်။ ကလေးတွေ အတွက် ဝယ်လည်းမဝယ်နိုင်ဘူး။ ဆင်းရဲလို့ ရောက်နေကြတာကိုး။” လို့ အဲဒီ စခန်းတာဝန်ခံ မဦးမေက ပြောပါတယ်။

စခန်းမှာ လူဦးရေ ၈၂၅ ဦးရှိပြီး အများစုကတော့ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ကြပါတယ်။ သူတို့တွေဟာ ပုဏ္ဏားကျွန်းမြို့နယ် အထက်ပိုင်း သာစည်၊ ကျောက်ဆိပ်၊ ပိန္နဲတော၊ မီးဝစတဲ့ ကျေးရွာတွေက လာရောက် ခိုလှုံနေကြတာ ဖြစ်ပါတယ်။

ဒီစခန်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရေရှားပါးမှု ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ လူမှုအဖွဲ့အစည်းတချို့က အကူညီ ပေးထားတယ်လို့ ဆိုကြပါတယ်။

“ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ဆီဆားငရုပ်မပေးဘဲ တစ်လမှာ ကျပ် ၁ သောင်းခွဲကျ။ တစ်ရက်မှာ လူတစ်ယောက် ကျပ် ၅ ရာ နှုန်းပေါ့လေ။ ခုတော့ ရေလည်း သိပ်ပူစရာမရှိတော့ဘူး။

ဆန်တွေကတော့ လစဉ်ပေးတယ်။ ဘာလဲဆို ဒီ ဆီ၊ ဆား၊ ငရုပ်လေးတွေ အခက်အခဲဖြစ်တယ်။ အရင် ရက်ပိုင်းက ရေ အရမ်း ဒုက္ခရောက်ခဲ့တယ်။ နွားသောက်တဲ့ ရေတွေကို သောက်ခဲ့ရတယ်။” ဟု မဦးမေက ဆက်ပြောပါတယ်။

ဒီစခန်းမှာ ရောက်ရှိနေသူတွေဟာ AA နဲ့ တပ်မတော်တို့ရဲ့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ကတည်း ကနေ ခိုလှုံနေကြတာ ဖြစ်ပါတယ်။

 385 total views,  1 views today