ထူး ၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ပြည်မဖက်မှာ ဆူပူအကြမ်းဖက်မှုတွေ မရပ်မနား ရှိနေတာကြောင့် ရခိုင်ပြည်နယ် အပြင်ဖက်ကို ရောက်ရှိနေကြတဲ့ ရွေ့ပြောင်း အလုပ်သမား အများအပြားဟာ သူတို့ရဲ့ နေရပ်ရင်း ရခိုင်ပြည်ကို ပြန်လည် ဝင်ရောက်လာနေကြပါတယ်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ပေါ်ပေါက်လာခဲ့တဲ့ အဓိကရုန်းတွေ၊ ဆန္ဒပြသပိတ်မှောက်လှုပ်ရှားမှုများနှင့် ဖြိုခွင်းနှိမ်နှင်းမှုတွေကြောင့် စက်ရုံအလုပ်ရုံများ ပိတ်ထားရတာ၊ အခြေခံလူတန်းစားတွေအဖို့ ဝင်ငွေနည်းပါးလာပြီး နေထိုင်ရေး ခက်ခဲလာတာတွေကြောင့်လို့ ပြန်လာသူတွေက ပြောပါတယ်။

အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေများကိုလည်း သူတို့အနေနဲ့ အများအပြား ရင်ဆိုင်ခဲ့ကြရတယ်လို့ ဆိုကြပါတယ်။ နေရပ်ပြန်လိုသူတွေကို အကူအညီပေးနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတချို့ရဲ့အပြောအရဆိုရင် ဒီရက်ပိုင်းမှာ ပြန်လာသူ ထောင်ချီရှိနေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် လိပ်မကျေးရွာကနေ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှာ အထည်ခြုပ် လုပ်ငန်း လုပ်ကိုင်နေတဲ့ အသက် ၂၄ နှစ်အရွယ် မစိုးစိုးလင်းဆိုရင် မငြိမ်မသက်မှုတွေ ဖြစ်ပေါ်လာ ပြီးနောက် အလုပ်အချိန်တွေ ပုံမှန်မရှိတော့တာ၊ အချိန်ပို မဆင်းရတော့တာတွေကြောင့် လတွက်မကိုက်တော့ တာကနေ နေရပ်ပြန်ဖို့ ဆုံးဖြတ် လိုက်ရပါတော့တယ်။

“အိုတီ(အချိန်ပို) ဆင်းရရင် ၂ သိန်းကျော်ရတယ်။ မဆင်းရရင်တော့ ၁ သိန်းကျော်ပဲ ရတယ်။ လစာ ၁ သိန်း ကျော်နဲ့ နေစရိတ်၊ စားစရိတ်နဲ့တောင် မမျှပါဘူး။ အလုပ်တွေက ခက်ခဲသွားတယ်။ ဘာလို့ဆိုရင် ရက်တွေက ပုံမှန် မဆင်းရဘူး။ ဆန္ဒပြဖို့ သွားကြတယ်ဆိုရင် ကျန်ခဲတဲ့ လူတွေက အလုပ်လုပ်လို့ မရတော့ဘူး။ လုပ်ရတဲ့ အခါလုပ်ရတယ်။ မလုပ်ရတဲ့အခါ မလုပ်ရဘူး။ အိုတီတွေ မဆင်းရရင် အလုပ်အဆင်မပြေရင်နေလို့ မရဘူး။ စားရတာ နေရတာနဲ့ မမျှတော့ဘူး။ အဲဒါကြောင့် အဆင်မပြေတော့လို့ ပြန်လာတာပါ။”

အဆောင်နေသူ အခြေခံလူတန်းစားတွေအနေနဲ့ မိမိနေရပ်မဟုတ်တဲ့ ဒေသမှာ ဝင်ငွေအတည်တကျ မရှိတော့တဲ့ အခါမှာ အဆောင်စရိတ် မလုံလောက်တော့တာ၊ နေ့စဉ် စားဝတ်နေရေး အဆင်မပြေတာ၊ ရွာကို ပြန်လာဖို့တောင် ခရီးစရိတ် မရှိတော့တဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ကြရတယ်လို့ ဆိုကြပါတယ်။ ကျောက်တော်ဒေသခံ အသက် (၁၉) နှစ်အရွယ် မအေးသန္တာထွန်းက အခုလို ရင်ဖွင့်ပါတယ်။

“အလုပ်ပိတ်သွားတော့ ကိုယ့်လက်ထဲမှာ ပိုက်ဆံ လုံလုံလောက်လောက် မရှိဘူး။ အိမ်က လှမ်းမှာရတယ်။ အိမ်က အဆင်မပြေတော့ အလုပ်ရှာရင်လည်း အလုပ်က ရှာမရဘူး။ သူငယ်ချင်းတွေ ဆီက အပူကပ်ပြီးတော့ ချေးရတယ်။ အဆင်ပြေသလို ထမင်းစားရဖို့ အတွက်ကို အမျိုးမျိုးနေခဲ့ရပါတယ်။ ရန်ကုန်မှာ ဒီစစ်အာဏာ သိမ်းပြီးတဲ့ နောက်ပိုင်းမှာဆိုရင် တဖြည်းဖြည်းနဲ့ အခြေအနေက ပိုပိုဆိုးလာပါတယ်။”

ရန်ကုန်တိုင်းဒေသကြီးမှာ ရခိုင်ပြည်နယ်ထဲက ရွှေ့ပြောင်းအလုပ်သမား ၆ သောင်းဝန်းကျင် ရှိတယ်လို့ ရခိုင် အမျိုးသား ကွန်ယက်အဖွဲ့ဆီက သိရပါတယ်။ သူတို့ အများစုဟာ စက်ရုံ၊ အလုပ်ရုံတွေမှာ ဝင်ရောက် လုပ်ကိုင်ကြပြီး တချို့ကတော့ ကုမ္ပဏီအလုပ်တွေနဲ့ ပန်းထိမ်လုပ်ငန်းတွေကို လုပ်ကိုင်ကြပါတယ်။

အဲဒီထဲက ထောင်နဲ့ချီတဲ့ အခြေခံအလုပ်သမားတွေ ဒီရက်ပိုင်းမှာ နေရပ်ပြန်လာနေကြတာပါ။ လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အကူညီနဲ့ လာရောက်သူတွေရှိသလို တချို့ကလည်း ကိုယ့်အစီစဉ်နဲ့ကိုယ် ပြန်လာ နေကြတာတွေ့ရပါတယ်။ မအေးသန္တာထွန်းဆိုရင် မိမိအဆောင် လုံခြုံရေးအတွက် အလှည့်ကျ ကင်းစောင့်တာတွေ လုပ်ဆောင်ခဲ့ရတယ် ဆိုပါတယ်။

“ည ဆိုရင်လည်း ကောင်းကောင်းမအိပ်ရဘူး။ ကောင်းကောင်းမစားရဘူး။ နေ့ဘက် ဆိုလိုရှိရင် ဆန္ဒပြဖို့ သွားကြတယ်။ ညဘက်ဆိုရင် ရွာထဲကို မီးကွင်းတွေနဲ့ ပစ်ကြတာတွေ ရှိတယ်။ အဲလိုပြဿနာတွေ အရမ်း ဖြစ်တဲ့အခါမှာ မအိပ်ဘဲ ကင်းစောင့်ရပါတယ်။ ရခိုင်ကို ပြန်လာဖို့ကလည်း လမ်းစရိတ်က မရှိဘူး။ အလုပ်မရှိလို့ အိမ်က ပိုက်ဆံမှာပြီးတော့ ကားလက်မှတ် ခံပြီးတော့ ပြန်လာရပါတယ်။ ကင်းစောင့်ရလား ဆိုတော့ သူများတွေနဲ့ ရပ်ကွက် အလိုက်တော့ မဟုတ်ပါဘူး။ ကိုယ့် အိမ်လုံခြုံရေးအတွက် ကိုယ်စောင့်ခဲ့ရတာပါ။

ကိုဗစ်ကာလ ကတည်းကနေ ကြပ်တည်းနေကြရတဲ့ သူတို့တွေဟာ အခုလို အခြေအနေတွေ ကြုံတွေ့လာရချိန်မှာ တော့ ပိုပြီးတော့ အခက်ခဲတွေ ရှိလာခဲ့ကြပါတယ်။ အလုပ်လုပ်ကိုင်နေရင်း လတ်တလော အခြေအနေတွေ ကြောင့် အလုပ်နားလိုက်ရတဲ့ မြောက်ဦးမြို့နယ် ညောင်ပင်လယ်ကျေးရွာက လူငယ် မောင်မောင်အေးက အခုလိုပဲ ပြောပြလာပါတယ်။

“လူလာနည်းတဲ့အခါ အလုပ်က အဆင်မပြေဘူး။ လူတွေက လမ်းတွေမှာ ဆန္ဒပြတာလည်း များတယ်။ လမ်းပိတ်ဆိုတော့ ကျနော်တို့လည်း သွားလာရတာ အခက်ဆိုတော့ သူဌေးတွေက ကျနော်တို့ ကြည့်ပြီး အခြေနေအရ ဆင်းလို့ရတဲ့ နေ့ ဆင်းခိုင်းတယ်။ ဆင်းလို့ မရတဲ့နေ့ကျရင် မဆင်းရဘူး။ ခုဆိုရင် မဆင်းရတာ အတောလေး ကြာနေပါပြီ။”

ရန်ကုန်ရောက် ရခိုင်ပြည်နယ်က အခြေခံအလုပ်သမားတွေဟာ လှိုင်သာယာ၊ ရွှေပြည်သာစတဲ့ စက်ရုံအလုပ်ရုံ ပေါများတဲ့ မြို့နယ်တွေမှာ ယာယီ နေထိုင်လျက်ရှိနေကြတာပါ။ မတ်လ ၁၄ ရက်နေ့က ရဲနဲ့ စစ်အင်အား ပူးပေါင်း တပ်ဖွဲ့တွေဟာ အဆိုပါမြို့နယ်တွေထဲက ဆန္ဒပြ သပိတ်စစ်ကြောင်းတွေကို ဖြိုခွင်းပစ်ခတ်မှုတွေ လုပ်ဆောင်ပြီး စစ်အုပ်ချုပ်ရေး ကြေငြာခဲ့ပါတယ်။ ဒီအခြေအနေကြောင့်လည်း နေရပ်ပြန်လာသူ အရေ အတွက်ကို ပိုမို တိုးလာစေခဲ့တယ်လို့ ဆိုရမှာပါ။

လူမှုကူညီ ကယ်ဆယ်ရေးလုပ်ဆောင်ပေးနေတဲ့ ရခိုင်အမျိုးသားကွန်ယက်ဥက္ကဌ ဦးတင်ထူးအောင်က “အဓိကတော့ အခြေခံလုပ်သားတွေပေါ့။ သူတို့မှာ ကိုဗစ်ဖြစ်ကတည်းက စားဝတ်နေရေး အဆင်မပြေတာ အကိုတို့တောင် ဆန်ဆီဆား ထောက်ပ့ံပေးခဲ့ရတယ်။ ရွေးကောက်ပွဲ ကာလကပေါ့။ နိုင်ငံတော် စီမံအုပ်ချုပ်မှုကောင်စီက နိုင်ငံတော်အာဏာ ရယူလိုက်တဲ့အချိန်မှာ စက်ရုံတွေ ပိတ်သွားတယ်။ အဲဒီမှာ အခက်ခဲ ပိုဖြစ်သွားကြတယ်။ လစာ မရတာလည်းပါတယ်ပေါ့။” လို့ ပြောပါတယ်။

လက်ရှိမှာတော့ အခုလို အလုံးအရင်းနဲ့ နေရပ် ပြန်လာမှုတွေကြောင့် ကားလက်မှတ်နဲ့ လေယာဉ်လက်မှတ် မလောက်ငှ မှုတွေ ဖြစ်ပေါ်နေတယ်လို့ လက်မှတ်အရောင်းဌာန ကိုယ်စားလှယ်တွေ ဆီကနေ စုံစမ်းသိရှိရပါ တယ်။ နောက်ပြီး လက်ရှိမှာဆိုရင် မတန်တဆ စျေးတင်ရောင်းချတဲ့ အခြေအနေတွေကိုလည်း သူတို့တွေဟာ ရင်ဆိုင် နေကြရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ကတော့ ရခိုင်အမျိုးသားကွန်ယက်အနေနဲ့ သက်ဆိုင်ရာ ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

“ကားလိုင်းတွေဟာ မတန်တဆ စျေးတောင်းနေကြတယ် ဆိုတဲ့ဟာတွေကိုလည်း ကားလုပ်ငန်းရှင်တချို့နဲ့ ဆွေးနွေး ကြည့်မယ်လို့ စဉ်းစားထားတယ်။” လို့ ဦးတင်ထူးအောင်က ဆက် ပြောပါတယ်။

လက်ရှိမှာတော့ နေရပ်ကို ပြန်လည်ရောက်ကြလာကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေဟာ အလုပ်အကိုင် ရှားပါးတဲ့ မိမတို့ ရခိုင်ဒေသမှာ ဘာ ဆက်လုပ်ရမယ်ဆိုတောကို မသိရှိကြသေးတဲ့အတွက် စက်ရုံအလုပ်ရုံတွေ ပေါ်ပေါက်လာရေး ဆောင်ရွက်ကြဖို့ တောင်းဆိုနေကြပါတယ်။

မစိုးစိုးလင်းက “ရခိုင်မှာ အလုပ်အကိုင်တွေ ရှိစေချင်တယ်။ စက်ရုံတွေ ဖွင့်စေချင်တယ်။ အဲလိုဆိုရင် ရခိုင်က လူတွေလဲ သူများနေရာ သွားစရာမလိုဘူး။ ကိုယ့်နေရာ မှာ အဆင်ပြေပါမယ်။ အများအားဖြင့် အထည်ခြုပ် စက်ရုံတွေ ဖွင့်စေချင်တယ်။”လို့ သူ့ ဆန္ဒကို ပြောပြခဲ့ပါတယ်။

 451 total views,  1 views today