ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

လတ်တလောတွင် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို တွေ့မြင်ကြလျှင် ဒေါသ ထွက်ကြရသည်ဟု နိုင်ငံ၏ အများစုသော ပြည်သူများ၏ သဘောထားကို လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြလာကြသည်ကို တွေ့မြင်နေရသည်။

အကြောင်းမှာ ၎င်းတို့သည် ငြိမ်းချမ်းစွာ ဆန္ဒပြ၊ သပိတ်မှောက်နေကြသည့် ပြည်သူလူငယ်များကို အကြမ်းဖက် နည်းလမ်းများ သုံးကာ ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်းတို့ သာမက ပစ်သတ်သည်အထိ ပြုလုပ်နေသည်များကို နေ့စဉ် မြင်တွေ့နေကြရ၍ ဖြစ်သည်ကို သူတို့ ဖော်ပြကြသည့် အကြောင်းအရင်းများက ညွှန်ပြလျက်ရှိနေသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော်သည် ဒီမိုကရေစီ နည်းလမ်းအရ ပြည်သူက တင်မြှောက်ထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရကို ဖြုတ်ချလိုက်ပြီး နိုင်ငံ့အာဏာကို ဖေဖော်ဝါရီ ၁ ရက်နေ့ ကတည်းက သိမ်းယူထားသည်။ ယင်းနေ့ကပင် မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများ ဆက်တိုက် ပေါ်ပေါက် လာတော့သည်။

ယင်းသို့ မတရားမှုများကို လက်ပိုက်ကြည့် မနေနိုင်ဘဲ တတ်နိုင်သည့်ဘက်မှ တိုက်ပွဲဝင်မည်ဟု ဆိုကာ ရန်ကုန်ရောက် ရခိုင် လူငယ်များကလည်း ပါဝင်လာကြသည်။

“ဘာကြောင့် ပါဝင်ဖြစ်ခဲ့တာလဲ ဆိုရင် ရခိုင်ပြည်မှာ အသတ်ခံထားရတယ်။ သေကြတယ်။ ရခိုင်တွေ အများကြီး ဒုက္ခ ရောက်ခဲ့တယ်။ ဒီဟာတွေဟာ ဒီ စစ်အာဏာရှင်တွေရဲ့ လက်ချက်တွေ အများကြီးပါတယ်။ မတရားမှုကို မလိုချင်တာ ကြောင့်ပေါ့။ မတရားမှုကို လက်ပိုက်ပြီး ကြည့် မနေနိုင်တာကြောင့်။” ဟု လှုပ်ရှားမှုတွင် ပါဝင်ရသည့် အကြောင်းအရင်းကို ရခိုင်လူငယ် မမင်းစုကစံ ပြောပြသည်။

(Photo – Arakan Yoma) ရန်ကုန်တွင် ဆန္ဒပြကြသော ရခိုင်အပါအဝင် တိုင်းရင်းသားပေါင်းစုံသပိတ်

အစပိုင်းတွင် ရခိုင်လူငယ်များ အနေဖြင့် တစ်ဦးတစ်ယောက်ချင်းစီ နီးစပ်ရာ အသိုင်းအဝိုင်းများနှင့် လိုက်လံ လှုပ်ရှား ခဲ့ကြသော်လည်း နောက်ပိုင်းတွင် မိမိတို့ လူမျိုးအချင်းချင်း စုမိလာခဲ့ကြသည်။ ယင်းနောက် AAD (Arakan Against Dictatorship) ဟုခေါ်သည့် အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။ ယင်းမှတဆင့် တိုင်းရင်းသား ပေါင်းစုံ စုဖွဲ့ထားသည့် GSCN (General Strike Committee Of Nationalities) ဟု ခေါင်းစဉ် ပေးထားသည့် အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းမိလာခဲ့သည်။

AAD အဖွဲ့ဝင် ကိုခိုင်က “ANP က စစ်ကောင်စီထဲမှာ ဝင်ပါလာတွေ ရှိတယ်။ ရခိုင ်အမျိုးသားရေး ဂုဏ်ကတော့ အရမ်း ကျဆင်းသွားတယ်။ ကျနော်တို့က အဲဂုဏ်ကို အဖတ်ဆည်ဖို့ လုပ်တာတော့ မဟုတ်ဘူး။ ဒီအာဏာရှင်ကို မကြိုက်ဘူး ဆန့်ကျင်တယ်။ အဲဒါကြောင့် ကျနော်တို့ ဒီမှာရှိတဲ့ တစ်သီး ပုဂ္ဂလ ခံစားချက် တူတဲ့လူတွေ လမ်းကို တူတူ ထွက်လာကြတာပေါ့။ ဒုတိယ တစ်ချက်က ဒီမှာ တစ်ခြား လူမျိုး အများကြီးရှိတယ်။ အဲဒီလူတွေနဲ့ ကျနော်တို့က သွေးစည်း ညီညွှတ်မှုကို ပြချင်တယ်။ အဲဒီ ရည်ရွယ်ချက်လည်း ပါပါတယ်။ တတိယ တစ်ချက်က နိုင်ငံရေး ရည်မှန်းချက်ပေါ့။” ဟု ပြောလာသည်။

ရခိုင်လူငယ်များ လမ်းပေါ် စထွက်ချိန်တွင် AA နှင့် တပ်မတော်တို့ ပဋိပက္ခအတွင်း တပ်မတော်၏ လုပ်ရပ် ကြောင့် ဖမ်းဆီး သေဆုံးမှုများ ရှိခဲ့ခြင်းကို NLD အနေဖြင့် လက်ပိုက်ကြည့်နေခဲ့သည်ဟု ယူဆကာ ယင်း အာဏာသိမ်းသည့် လုပ်ရပ်ကို ဆန့်ကျင်မှုတွင် ပါဝင်စရာမလိုဟု ဆိုပြီး ၎င်းတို့ကို တားမြစ် ဝေဖန်သည်များ ရှိခဲ့ကြောင်း ထို လူငယ်များက ပြောသည်။ သို့သော် ၎င်းတို့ ဆန့်ကျင်နေသည်မှာ စစ်အာဏာရှင်ကိုမှ မဟုတ်ဘဲ မည်သည့် အာဏာရှင်ကို မဆို ဆန့်ကျင်သည်ကို သိစေလိုသည်ဟု မမင်းစုစံက ဆိုသည်။

“စစ်အာဏာရှင်တစ်ခုထဲ မဟုတ်ပါဘူး။ ဘယ်အာဏာရှင်ဖြစ်ဖြစ် ဆန့်ကျင်ရမယ်။ ၂၀၀၈ ဖွဲ့စည်းပုံဟာ အာဏာ သိမ်းကတည်း ပျက်ပြီးသား ဥပဒေတစ်ခုပါ။ အသက်ဝင်အောင် ထပ်မလုပ်ပါနဲ့။ ရခိုင်လူမျိုးတွေ ဒီ စစ်ဘီလူးတွေဆီမှာ အသတ်ခံထားရတာ သွေး မခြောက်သေးဘူး။ နာတတ်ဖို့ လိုပါတယ်။ အမျိုးကို ချစ်ဖို့ထက် စုစုတို့ အရင်ဆုံး လူပီသအောင် ကြိုးစားရမယ်။ ပြီးမှ ကိုယ့်လူမျိုးကိုယ် ချစ်ဖို့လိုပါတယ်။ ဒီဟာသည် ဗမာပြည် တစ်ခုတည်းနဲ့ ဆိုင်တာမဟုတ်ဘူး။”

(Photo – Arakan Yoma) ရန်ကုန်တွင် ဆန္ဒပြကြသော ရခိုင်အပါအဝင် တိုင်းရင်းသားပေါင်းစုံသပိတ်

တပ်မတော်က ရေးဆွဲထားပြီး ပြီးခဲ့သည့် ၅ နှစ်လုံးလုံး ဖျက်သိမ်းရန် ကြိုးပမ်းခဲ့ကြသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် အာဏာသိမ်းလိုက်သည် ဆိုကတည်းက ပျက်ပြယ်သွားပြီဟု ယင်း လူငယ်တို့က ယုံကြည် နေကြသည်။ သို့ဖြစ်၍ ယင်း စစ်အာဏာရှင်ဆန့်ကျင်သည့် သပိတ်မှောက်မှုများတွင် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးနှင့် ပြည်နယ်များတွင် ကိုယ်ပိုင်ပြဌာန်းခွင့်ရရေးတို့ကိုလည်း တောင်းဆိုနေကြသည်ကို တွေ့ရသည်။

“ရခိုင်အမျိုးသားနိုင်ငံရေး ရည်မှန်းချက်ကို ကျနော်တို့ လမ်းပေါ်မှာ လက်ဖြန့်တောင်းလို့ မရတာတော့ သိတယ်။ ကျနော်တို့ ပြောချင်တာတွေ၊ နိုင်ငံရေး ရည်မှန်းချက်တွေ ထုတ်ပြချင်တယ်။ ဖော်ပြချင်တယ်။ အဲတစ်ချက်လည်း ပါပါတယ်။” ဟု ကိုခိုင်က ဆိုသည်။

ရခိုင်ပြည်နယ်အတွင်းတွင်မူ ထိုသို့ ဆန္ဒပြမှုများကို စတင်ပြုလုပ်ကြချိန်တည်းက ဆန္ဒပြ လူအုပ်ကို ဟန့်တား ဖမ်းဆီးပြီး အချုပ်ချထားခြင်း၊ တားမြစ်ခြင်းနှင့် ဝရမ်း ထုတ်ခြင်းတို့ကို ပြုလုပ်ထားခဲ့သည်။ သို့ဖြစ်၍ ယခင် တည်းက မတည်ငြိမ်သေးသော ရခိုင်ပြည်နယ်တွင် ယင်းသို့ လုပ်ရပ်များ နည်းပါးသွားခဲ့သည်။ သို့သော် ရခိုင်ပြည်နယ် တောင်ပိုင်းတွင် ဆက်လက်လုပ်ဆောင်လျက်ရှိခဲ့ကြပြီး NLD နှင့် ALD ၏ မြို့နယ် ပါတီဝင်တချို့ ဖမ်းဆီး ခံထားကြရသည်။

အာဏာသိမ်း စစ်ကောင်စီသည် အာဏာသိမ်းလိုက်ချိန်မှ စတင်ကာ AA နှင့် ၎င်းတို့၏ တိုက်ပွဲကြောင့် နှစ်နှစ်နီးပါး ပိတ်ထားခဲ့သော အင်တာနက်ကို ပြန်ဖွင့်ပေးခြင်း၊ ရခိုင့်အင်အားကြီးပါတီ ANP ကို ၎င်း ကောင်စီတွင် နေရာပေးခြင်း၊ NLD လက်ထက်က ဖမ်းဆီးခံခဲ့ရသော ဒေါက်တာအေးမောင်တို့ကို လွှတ်ပေးခြင်းတို့ ပြုလုပ်လျက် ရှိနေသည်။ သို့သော် ယင်းကောင်စီသည် ရခိုင်လူငယ်တို့၏ ယုံကြည်မှုကို မရရှိတော့ပေ။

“ဖက်ဒရယ်ပြည်ထောင်စုကို တောင်းဆိုတယ်။ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ရေးပေါ့။ နောက်တစ်ခုက မတရား ဖမ်းဆီးခံထားရသူများကို လွှတ်မြှောက်ရေး။ မတရားဖမ်းဆီးထားတဲ့ အထဲမှာ ဘယ်သူမဆို ပါပါတယ်။ ဘယ်လူမျိုးမဆို ပါပါတယ်။ ကချင်မှာလည်း ဒီလိုမျိုး တက်ကြွ လှုပ်ရှားသူတွေ အများကြီး ဖမ်းထားတွေ မလွှတ်ဘူး။ ကရင်မှာလည်း အဲလို။ ရခိုင် အရေးနဲ့ ဖမ်းထားတာကို မလွှတ်သေးတာတွေ အများကြီး။ သူတို့ လွှတ်ပြတာက အပေါ်ယံတွေပါပဲ။ တကယ့် လုပ်နေခဲ့ကြတဲ့၊ ပေးဆပ်ခဲ့ကြတဲ့ လူငယ်တွေ နိုင်ငံရေး အကျိုး အမြတ်ဘာမှ မရှိတဲ့ လူငယ်တွေ မလွှတ်ဘူး။” ဟု မင်းစုစံက ဝေဖန်သည်။

ဖမ်းဆီးခံ နိုင်ငံတော် အကြီးအကဲများကို ပြန်လွှတ်ပေးဖို့၊ နိုင်ငံအာဏာ လွှဲပေးဖို့ စသည်တို့ကို တောင်းဆိုကြသော ပြည်သူများကို တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များသည် အစပိုင်းတွင် ရေပစ်များဖြင့် ဖြိုခွင်းခြင်း၊ မျက်ရည်ယိုဗုံး အသုံးပြုခြင်း၊ လေးခွများနှင့် ပစ်ခတ်ခြင်း၊ နံပါတ်တုတ်များနှင့် ရိုက်နှက် ဖမ်းဆီးခြင်းတို့ကို ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်တွင် ပစ်သတ်မှုများပါ ပြုလုပ်လျက်ရှိနေသည်။

အာဏာ စတင်သိမ်းစဉ်က သေနတ်တချက် မဖောက်ခဲ့ဟု ပြောနေကြသော ယင်း အာဏာသိမ်း အုပ်စုသည် လက်ရှိ အချိန်တွင် အနည်းဆုံး ပြည်သူ ၃၀ ခန့်ကို သေဆုံးစေခဲ့ပြီး ဖြစ်သလို ဖမ်းဆီး၊ တရားစွဲဆိုခံထားရသူ ၁၂၁၃ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က စာရင်းထုတ်ပြန်ထား သည်။

 577 total views,  1 views today