ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဒေါ်ကြည်ကြည်ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့က ABC ဆိုတဲ့ မိဘမဲ့ ကလေးဂေဟာမှာ အလုပ်လုပ်နေတာပါ။ သူ့ရဲ့ တာဝန်ကတော့ ကလေးတွေရဲ့ နေ့တဓူဝ ကိစ္စရပ်တွေဖြစ်တဲ့ တကိုယ်ရေ သန့်ရှင်းမှု၊ အအိပ်၊ အစားတွေနဲ့ ကစားချိန်တွေ စောင့်ကြည့်ပြီး ပြုစုဖို့ ဖြစ်ပါတယ်။

“အနားမှာ လာကပ်ပြီး မေမေ့လို့ ခေါ်လာတယ်။ သူတို့မှာ အမေလည်း မရှိ၊ အဖေလည်း မရှိဘူး။ ငါတို့တွေက ပေးမှ အလှူရှင်တွေက လှူမှပဲ သူတို့ စားကြရတယ်နော် ဆိုပြီး စဉ်းစားမိရင် ဝမ်းနည်းတယ်။ တဖက်တလမ်းက ပြုစု စောင့်ရှောက်ခွင့်၊ ကူညီခွင့်ရလို့ ဝမ်းသာတယ်။” လို့ မိဘမဲ့ ကလေးငယ်တွေကို ပြုစု စောင့်ရှောက်ပေးရတဲ့ အခါ ဖြစ်မိတဲ့ ဝမ်းနည်း၊ ဝမ်းသာ ခံစားချက်ကို ဒေါ်ကြည်ကြည်က ရင်ဖွင့်ပြပါတယ်။

ဂေဟာမှာ ရှိတဲ့ ဝန်ထမ်း ၂၂ ယောက်လုံးဟာ မိဘမဲ့ ကလေးငယ် ၅၆ ယောက်ရဲ့ မိခင်၊ ဖခင်တွေလို့ သူတို့ကိုယ် သူတို့ မှတ်ယူ ထားကြတယ်လို့ ဆိုကြပါတယ်။

“အမေ သေသွားလို့ ဒီကျောင်းကို ရောက်လာတယ်။ ဆိုတော့ ဒီကျောင်းက နို့နဲ့ အကျွမ်းဝင်အောင် လုပ်ရသေးတယ်။ ရောက်တာနဲ့ ငိုတယ်။ ငိုတယ်။ အန်တီတို့ဟာ ညမအိပ်ရဘူး။ မနက်မိုးလင်းလို့ အိမ်ပြန်ရင် ခေါင်းတွေ မူးဝေနေတယ်။ ကိုယ်ကလည်း ပရဟိတ စိတ် ရှိတော့ မွန်မြတ်တယ်လို့ လုပ်နေတာ။ အဲဒီလောက်ကြီး သွားပြီလေ။” လို့ ပြီးခဲ့တဲ့ ၃၊ ၄ လလောက်ကမှ ဂေဟာကို ရောက်လာတဲ့ အငယ်ဆုံး ကလေးငယ်ကို လက်ညှိးထိုးပြရင်း သူဒေါ်ကြည်ကြည်က ပြောပါတယ်။

ဓာတ်ပုံ – Arakan Yoma

ဒေါ်ကြည်ကြည်တို့ဟာ မိဘမဲ့ ကလေးငယ်တွေရဲ့ နွဲ့ဆိုး ဆိုးတဲ့ ဒဏ်တွေကို ခံရရုံမက တစ်ခါတစ်ခါ ကျန်းမာရေး မကောင်းရင် ပူပန်သောက ရောက်ကြ ရပါသေးတယ်။ တစ်ခါကဆိုရင် ကလေးတစ်ယောက် အသက်ရှုမရတော့ လို့ ကလေးငယ်ကို ပုခုံးပေါ်ပွေ့ပြီး ဆေးရုံကို ပြေးသွားခဲ့ရတဲ့ အဖြစ်ကို မြင်ယောင်နေ သေးတယ်လို့ အဲဒီကလေးငယ်ရဲ့ အော်ပရေးရှင်း လုပ်လိုက်ရတဲ့ လည်ပင်းက ခြုပ် (ချုပ်) ရာကို ပြရင်းနဲ့ ပြောပြပါတယ်။

ဒီဂေဟာဟာ စစ်တွေမြို့ မင်းဂံအကွက် (၁၄) မှာ တည်ရှိတာ ဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က စစ်တွေ ရောက် နယ်ခံတွေနဲ့ နိုင်ငံခြားသူ ၇ ဦး တို့က စုပေါင်းပြီး စတင် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ပုဂ္ဂလိကဂေဟာ တစ်ခု ဖြစ်ပြီး အလှူရှင်တွေရဲ့ ထည့်ဝင် မှုတွေနဲ့ ရပ်တည်နေတဲ့ ဒီဂေဟာဟာ ကိုဗစ် ကာလမှာ အလှူရှင်တွေ ပြတ်တောက် သွားတာကြောင့် အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရပြီး လက်ရှိ မှာတော့ ပုံမှန် နီးပါး လည်ပတ်လျက် ရှိနေပါတယ်။

ABC မိဘမဲ့ ဂေဟာ အုပ်ချုပ်ရေးမှူး ဦးလှမင်းကျော်သူ (ဓာတ်ပုံ – Arakan Yoma)

ABC မိဘမဲ့ ဂေဟာ အုပ်ချုပ်ရေးမှူး ဦးလှမင်းကျော်သူက “ကလေးကို လာအပ်တယ် ဆိုကတည်းက မိဘမဲ့ ဖြစ်ရမယ်။ ပြီးရင် ခိုကိုးရာမဲ့ ဖြစ်ရမယ်။ ဒုက္ခသည်ကလေး ဖြစ်ရပါမယ်။ အဲဒီခါကျမှ ကျနော်တို့က အထောက်အထား ကလေးတွေနဲ့ စာတင်ပြီးတဲ့ အခါမှာမှ လက်ခံတယ်။ မိဘမဲ့ ဖြစ်တဲ့အတွက် လာအပ်တဲ့ သူကတော့ ဆွေမျိုးအသိုင်းအဝိုင်း မိသားစုဖြစ်ရင်လည်း ဖြစ်မှာပေါ့။ ကျနော်တို့ကို အမြဲတမ်း လာတွေ့နေမယ်ဆိုရင် အဆင်မပြေဘူး။ ကျနော်တို့က နှစ်နှစ်အောက် ကလေးတွေကို အမွေစား အမွေခံ၊ မွေးစားတာတွေ ရှိပါတယ်။ အဲဒီကလေး အားလုံးကို မှတ်မိနေမှာပေါ့။” လို့ ပြောပါတယ်။

ကလေးနှစ်ယောက်ကို ဝန်ထမ်းတစ်ယောက်နှုန်းနဲ့ စောင့်ရှောက်ပေးနေရပြီး အစိုးရ ထောက်ပံ့မှု အားနည်းတဲ့ အဲဒီဂေဟာမှာ ကိုဗစ်ကာလ အကြပ်အတည်းတွေကြောင့် ဝန်ထမ်းတွေ လျှော့ချခဲ့ရတယ်လို့လည်း တာဝန်ရှိသူတွေက ဆိုကြပါတယ်။

လက်ရှိမှာတော့ မွေးကင်းစကနေ အသက် ၁၄ နှစ်လောက် အရွယ်ထိ ရခိုင်ပြည်နယ်အတွင်းက ယောက်ျားလေး၊ မိန်းကလေးငယ် စုစုပေါင်း ၅၆ ယောက်ရှိနေပြီး ရန်ကုန်ဖက်က ကလေးငယ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ လူမှန်း မသိတတ်စ အရွယ်ကနေ အဲဒီ ကလေးငယ်တွေကို ဘဝ အာမခံချက် ရှိအောင်ထိ ကျွေးမွေး စောင့်ရှောက်တာနဲ့ နှစ်နှစ်အောက် ကလေးတွေကို ဆိုရင် အမွေစား၊ အမွေခံ တစ်သက်တာ မွေးမယ့် သူတွေရှိရင်လည်း သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ အညီ ပေးအပ်တာ တို့ကို ဆောင်ရွက်ပါတယ်။

အုပ်ချုပ်ရေးမှူးက “ကလေးတွေက မိဘနဲ့ မနေခဲ့ရတဲ့ အတွက် မိဘဆွေမျိုး အသိုင်းအဝိုင်းက မရှိ။ တစ်ကောင်ကြွက် ကလေးတွေပေါ့။ သူတို့မှာ ခံစားချက်တွေရှိမယ်။ ကျနော်တို့ ထိန်းကျောင်းတဲ့ အခါမှာတော့ အတတ်နိုင်ဆုံး ကိုယ်ချင်းစာ စိတ်နဲ့ပဲ စောင့်ရှောက်တယ်။ ပြောဆိုတဲ့အခါမှာလည်း ကိုယ်က မိဘအရွယ် ဖြစ်တဲ့အခါ မိဘနဲ့ သားသမီး ဆက်ဆံရေးမျိုး။ တစ်ခါခါဆိုရင် သူငယ်ချင်းပေါင်းမျိုး ဆက်ဆံရတယ်။ သူတို့ သိချင်တာမေးရင် ဖြေပေးလိုက်တယ်။” လို့ ကလေးတွေနဲ့ ဆက်ဆံရတဲ့ အကြောင်း ပြောပြပါတယ်။

ကျောင်းနေအရွယ် ကလေးတွေကို အစိုးရ စာသင်ကျောင်းတွေမှာ တွဲဖက် သင်ကြားပေးထားသလို ဓမ္မစကူး သင်တန်းတွေ၊ အဆိုအက အတီးအမှုတ်တွေ၊ ပန်းချီတွေစတဲ့ ကလေးငယ်တွေ စိတ်ဝင်စားနိုင်တဲ့ အနုပညာတွေကိုလည်း တတ်နိုင် သလောက် ပရဟိတ အဖွဲ့တွေနဲ့ ဆောင်ရွက်ပြီး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

၅ နှစ်အောက် ကလေးငယ်တွေကို လက်ခံတာကြောင့် ဒီဂေဟာရဲ့ သက်တမ်းအရ အသက် ၁၄ နှစ်အရွယ် ထိသာ အကြီးဆုံးအဖြစ် ရှိနေ သေးပြီး ဒီ အသက်အရွယ်ထက် ကြီးလာရင် အတန်းပညာ စိတ်ဝင်စားသူကို အတန်းပညာ သင်ပေးပြီး ထူးချွန်သူတွေကိုလည်း ထူးချွန်တဲ့ အလျောက်၊ အတန်းပညာမှာ မထူးချွန်သူတွေကိုလည်း သူ့ စိတ်ဝင်စားမှု အလျောက် အရွယ်ရောက်လို့ ဂေဟာက စွန့်ခွာသွားရင်လည်း ဘဝအတွက် အာမခံရှိရှိနဲ့ ဖြတ်သန်းနိုင်ဖို့ စီစဉ်ပေးသွားဖို့ ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်ထားတယ်လို့ ဖောင်ဒေးရှင်း တာဝန်ရှိသူတွေက ပြောပါတယ်။

“ကျနော်သိသလောက်တော့ ABC ဖောင်ဒေးရှင်းမှာ ၅ နှစ်အောက်ကလေးတွေကို လက်ခံတယ်။ ၅ နှစ် ကျော်တာနဲ့ ကျောင်းနေ အရွယ်ကို ကျောင်းထားပေးတယ်။ အတန်းပညာကတော့ ကျနော်တို့ ၁၀ တန်းကို အောင်ပြီးရင် တက္ကသိုလ်အထိ ကောလိပ်တွေ စပြီး တက်လို့ရအောင် နောက်ကနေပြီးရင် ပံ့ပိုးပေးမယ်။ သူတို့တွေ တကယ်လို့ အတန်းပညာ မအောင်ခဲ့ရင်တောင်မှ သူတို့အတွက် အသက်မွေး ဝမ်းကြောင်း ပညာ အလုပ်အကိုင် အခွင့်အလမ်းလေးတွေရအောင် ကျနော်တို့ ဖောင်ဒေးရှင်း အနေနဲ့ တီထွင်ပေးမယ် မတည်ပေးမယ် အဲလိုမျိုး အစီအစဉ်ရှိပါတယ်။” လို့ ဦးလှမင်းကျော်သူက ဖောင်ဒေးရှင်း ရည်ရွယ်ချက်ကို ရှင်းပြပါတယ်။

ဓာတ်ပုံ – Arakan Yoma

မိဘမဲ့တွေ ဖြစ်ပေမယ့် ကလေးတွေကို အရွယ် ရောက်လာတဲ့အခါ နိုင်ငံသားဖြစ်ခွင့်ကတ်ပြား ကိုင်ဆောင်နိုင်အောင် ဂေဟာမှာ လာပို့တဲ့ သက်ဆိုင်ရာ မိသားစုတွေဆီက အထောက်အထား ပြည့်စုံအောင် ယူထားလိုက်ပြီး အဲဒီ အချက်အလက်တွေနဲ့ ပြုလုပ်ပေးတယ်လို့ ဆိုပါတယ်။ ငယ်ရွယ်တဲ့ ကလေးတွေ အနေနဲ့ သူတို့ကို ပြုစု စောင့်ရှောက်နေသူတွေကို မိဘ သဖွယ် မှတ်ယူထားကြပေမယ့် အရွယ်လောက်လာ ချိန်မှာတော့ သူတို့ ဘယ်ကနေ လာတယ်။ မိဘတွေက ဘယ်သူတွေ ဖြစ်တယ် ဆိုတာကိုတော့ မေးမြန်း လာကြတာလည်း ရှိပါတယ်။

“ကလေးတွေ သူတို့ မိဘ။ ဥပမာ သူတို့ မွေးတယ်။ ဘယ်မြို့၊ ဘယ်ရွာ။ အဲလောက်ကို သူတို့ သိချင်တယ်။ သူ့မှာ အမေရှိသေးလား။ အဖေ ရှိသေးလား။ အဲလိုမျိုးလည်း ဘယ်လိုပြောမလဲ။ သိတော့ သိချင်ကြမယ် ထင်ပါတယ်။ သူတို့မေးတော့ မမေးပါဘူး။”

ဂေဟာရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ကလေးတွေကို အပြင်ထွက်ခွင့် ပြုလို့ မရတာကြောင့် ကွင်းထဲမှာ ကလေး ကစားကွင်းတွေ ပြုလုပ် ထားပေး ထားပါတယ်။ ကျန်းမာရေး ပိုင်းမှာတော့ ပရဟိတ ဆရာဝန်တွေနဲ့ အချိန်သတ်မှတ်ထားပြီး စာသင်တဲ့ အခါမှာတော့ အစိုးရကျောင်းတွေမှာ အကြို၊ အပို့နဲ့ ပို့ပြတယ်။ ဒီလိုပြင်ပလောကနဲ့ ထိတွေရတဲ့အခါမှာ မိဘမဲ့ ကလေးတွေအနေနဲ့ ခွဲခြား ဆက်ဆံမှုတွေ ကြုံရပါတယ်။

“တစ်ချို့က အမေ မရှိ၊ အဖေ မရှိ။ ABC က။ အဲလိုမျိုးတွေ ပြောကြတယ်။ သူတို့လည်း လူသားတွေပဲ မခံစားနိုင်ဘူး။ မခံချင်ကြဘူး။ သူတို့ နားလည်ကြအောင်၊ သူတို့အဖြစ်အမှန်ကို သိအောင်။ ကိုယ်ကတော့ ဒီလိုမျိုး ရှိတယ်ဆိုတာကို ပြန် ရှင်းပြလိုက်တယ်။ သူတို့ကလည်း လက်ခံတယ်လေ။ ပြောတဲ့ ကလေးတွေ ရှိရင်လည်း နောက်မပြောရအောင်။ ကျောင်းမှာဆိုရင် ဆရာ၊ ဆရာမကိုပြောပြတယ်။” လို့ လိုက်လံ ဖြေရှင်းခဲ့ရတဲ့ အကြောင်းကို အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

တကယ်ဆိုရင် ဒီဂေဟာက ကလေးတွေဟာ မိဘနဲ့ ဆွေမျိုးသားချင်းတွေက အကြောင်း အမျိုးမျိုးကြောင့် စွန့်ပစ်ခံခဲ့ကြရတဲ့ မိဘမဲ့ လေးတွေပဲ ဖြစ်ပါတယ်။ သူတို့ ဘဝကို ပူပင်တောင့်တစရာ မရှိဘဲ ဖြတ်သန်းလို့ရအောင် ကူညီဖေးမပေးနေသူတွေ ရှိနေပေမယ့် ကိုယ့်ကို မွေးလိုက်တဲ့ မိဘတွေက ဘယ်သူတွေလဲ။ ဘယ်ကလည်း ဆိုတာကို ဘယ်သူကများ မသိချင်ဘဲ နေပါ့မလဲ။

 819 total views,  1 views today