Arakan Yoma|

စစ်အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း ဆန္ဒပြကြတဲ့ ရခိုင်ပြည်နယ်က တက်ကြွလှုပ်ရှားသူ စုစုပေါင်း တစ်ဒါဇင်လောက်ဟာ ဖမ်းဆီးခံထားရတယ်လို့ သူတို့လွတ်မြောက်ရေးလုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ထဲမှာ အမ်းမြို့နယ်က လူငယ် ၇ ဦး၊ မာန်အောင်က ၂ ဦးနဲ့ တောင်ကုတ်မြို့နယ်က ၂ ဦးပါဝင်ပါတယ်။ တောင်ကုတ်မြို့နယ်က ဖမ်းဆီးခံထားရသူတွေဟာ NLD ပါတီဝင် ပြည်နယ် စည်ပင်ဝန်ကြီးဟောင်း ကိုမင်းအောင်နဲ့ ဝန်းရံသူ တစ်ဦးတို့ ဖြစ်ပါတယ်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံခေါင်းဆောင် တွေကို တပ်မတော်က ဖမ်းဆီးလိုက်ပြီး နိုင်ငံအာဏာကို ရယူလိုက်ပြီးနောက် မြန်မာနိုင်ငံတဝှမ်းမှာ ဆန္ဒပြသပိတ်မှောက်မှုတွေ ဆက်တိုက်ပေါ်ပေါက်လာတာပါ။

ရခိုင်ပြည်နယ်မှာဆိုရင် ဖေဖော်ဝါရီလ ၅ ရက်နေ့လောက်ကနေ စတင်ပြီး စစ်အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း ဖဲကြိုးလှုပ်ရှားမှုတွေ ပြုလုပ်လာရာကနေ နောက်ပိုင်းမှာ ဆန္ဒပြမှုတွေလည်း လုပ်ဆောင်လာ ကြပါတယ်။

တစ်ဖက်မှာလည်း တပ်မတော်လုပ်ရပ်ကို ထောက်ခံကြောင်း လှုပ်ရှားမှုတွေလည်း ရှိနေပါတယ်။ ဖမ်းဆီးထားသူတွေကို ငြိမ်းစုစီပုဒ်မ (၁၉) နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မတွေနဲ့ သက်ဆိုင်ရာနယ်မြေ ရဲစခန်းတွေမှာ အမှုဖွင့်လှစ်ထားပါတယ်။

အမ်းမြို့နယ်က လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုမျိုးလွင်ကတော့ သူတို့မြို့နယ်ထဲမှာ တပ်ထောက်ခံပွဲနဲ့ ကန့်ကွက်ပွဲတွေ လုပ်တာချင်းအတူတူ ကန့်ကွက်သူတွေတော့ ကိုဗစ်ကာလမှာ လူစုလူဝေး လုပ်လို့ဆိုပြီး အဆိုပါ ပုဒ်မတွေနဲ့ လိုက်လံ ဖမ်းဆီးနေတဲ့အပေါ် ဝေဖန်မေးခွန်းထုတ်ပါတယ်။

အဲဒီလို လိုက်လံဖမ်းဆီးမှုတွေကြောင့် အမ်းမြို့နယ်အတွင်း ကန့်ကွက်မှုတွေကို ရပ်တန့်ထားရပေမယ့် မာန်အောင်၊ သံတွဲ၊ ဂွနဲ့ တောင်ကုတ်တို့မှာတော့ ဆက်လက် ဆန္ဒပြမှုတွေရှိနေဆဲ ဖြစ်ပါတယ်။

မာန်အောင်မြို့က ဆန္ဒပြသူတွေကိုလည်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဖမ်းဆီးတာ၊ ခံဝန်လက်မှတ် ထိုးခိုင်းတာတွေ ရှိခဲ့ပါသေးတယ်။

သတင်းဓာတ်ပုံ – CJ

 402 total views,  1 views today