Arakan Yoma |

ရခိုင့်တပ်တော် AA နှင့် မြန်မာ့တပ်မတော်တို့သည် ဒီဇင်ဘာလ ၉ ရက်နေ့က ‘ဝ’ ပြည်သွေးစည်းရေးတပ်မတော် UWSA ထိန်းချုပ် နယ်မြေ ပန်ဆန်းမြို့တွင် လူချင်းတွေ့ ဆွေးနွေးခဲ့ကြသည်။

ယင်းအကြောင်း AA အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက မီဒီယာများသို့ အတည်ပြုဖြေဆိုခဲ့ခြင်းလည်း ဖြစ်သည်။

ဆွေးနွေးပွဲတွင် တပ်မတော်ဖက်မှ ဒုတိယစစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ် တိုးရီ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က တက်ရောက်ခဲ့ပြီး AA ဖက်ကမူ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ဦးဆောင်သည့် အဖွဲ့ တက်ရောက်ခဲ့ကြောင်း ထိုဖြေကြားမှုအရ သိရသည်။

ယင်းလက်နက်ကိုင်နှစ်ဖွဲ့သည် နိုဝင်ဘာလ ၂၅ ရက်နေ့က အွင်လိုင်းက ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ကြသည်ဟု၍လည်း AA က အစောပိုင်းတွင် ကြေညာချက် ထုတ်ပြန်ပေးခဲ့သေးသည်။

ယင်းနောက် ဒီဇင်ဘာလ ၉ ရက်နေ့တွင် လူချင်းတွေ့ဆုံဆွေးနွေးမှုတစ်ခု ပြုလုပ်လာနိုင်ခဲ့ပြီး ယခုဆွေးနွေးမှုသည် ၂ နှစ်ခန့်ကြာ လက်နက်ကိုင် ပဋိပက္ခပြင်းထန်ခဲ့ကြသည့် ယင်းအဖွဲ့နှစ်ခုအတွက် ပထမဆုံးအကြိမ် တွေ့ဆုံညှိနှိုင်းမှုလည်း ဖြစ်လာသည်။

အွင်လိုင်းဆွေးနွေးမှုတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးကိစ္စ၊ စားနပ်ရိက္ခာ ပြတ်လပ်နေသည့် ကျေးရွာများသို့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်ခွင့်နှင့် ယုံကြည်မှု အပြန်အလှန်တည်ဆောက်မှု တို့ကိုသာ ဆွေးနွေးနိုင်ခဲ့ကြသော်လည်း UWSA ကြားဝင်ခဲ့သည့် ယခု လူချင်းတွေ့ဆုံမှုတွင်မူတွင် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များလည်း ပါဝင် လာခဲ့သည်ကို သတင်းဖြစ်ပေါ်လာမှုများအရ တွေ့ရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့က AA မှ ရခိုင်မြောက်ပိုင်းနှင့် ရှမ်းပြည်နယ်မှ ရွေးကောက်ပွဲ မကျင်းပရသေးသည့် ဒေသများတွင် ပြန်လည် ကျင်းပနိုင်ရေး အစိုးကို တိုက်တွန်းချက် ထုတ်ပြန်ပြီးနောက် တပ်မတော်ကလည်း ကြိုဆိုခဲ့သည်။ ယင်း သဘောထားတိုက်ဆိုင်မှုများနှင့် အတူ ရခိုင်တိုက်ပွဲလည်း ရပ်ဆိုင်းသွားခဲ့သည်မှာ ယနေ့တိုင် ရှိနေပြီဖြစ်သည်။

ယင်းအပြင် နှစ်ဖက်လက်နက်ကိုင် အဖွဲ့တို့၏ ကိုယ်စားလှယ်များသည် နောက်ထပ် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် ရှိနေသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသေးသည်။

AA နှင့် တပ်မတော်တို့၏ တိုက်ပွဲ ရပ်တန့်နေမှုသည် ၎င်း၏ တိုက်တွန်းချက်ကြောင့် ဖြစ်နိုင်သည်ဟု ဂျပန်အစိုးရ၏ အထူး ကိုယ်စားလှယ် နိပွန်ဖောင်ဒေးရှင်း ဥက္ကဌ မစ္စတာ ယိုဟီဆာဆာကာဝါက နိုဝင်ဘာလကုန်ပိုင်းက ရောက်ရှိလာသည့် ရခိုင်ခရီးစဉ်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

လက်ရှိတွင် အဆိုပါ နှစ်ဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးနေမှုအပေါ် နိုင်ငံရေး လေ့လာ စောင့်ကြည့်သူများကလည်း အကောင်းလက္ခဏာ တစ်ရပ်ဟု ဆိုနေကြပြီး စစ်ပွဲဧရိယာမှ ဒေသခံ လူထုကလည်း စစ်ပွဲများ အပြီးတိုင် ရပ်တန့်စေဖို့ လိုလားနေကြသည်။

 501 total views,  1 views today