ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

“မိဘမွေးလိုက်တုန်းက အကောင်း။ ကားအက်စီးဒန့် ဖြစ်သွားတယ်။ ဆိုင်ကယ်အက်စီးဒန့် ဖြစ်သွားတယ်ဆိုရင် ကျွန်မတို့က ဖြေသာ သေးတယ်။ ခုက ဘာမှမဖြစ်ဘဲ ရွာနားမှာ တိုက်ပွဲတစ်ခါလဲ မဖြစ်ဖူးဘဲ လက်နက် ကျလာတာ ဆိုတော့ ကျွန်မ အရမ်းစိတ်ထိခိုက်ရတယ်။ ” ဟု ဆိုရင်း ဖြေမဆည်နိုင်ဘဲ စီးကျလာသည့် မျက်ရည်များကို ဒေါ်မာမာအေး တစ်ယောက် လက်တစ်ဖက်နှင့် သုတ်လိုက်သည်။

Photo: Aung Aung Htoo/Arakan Yoma

၎င်း၏ ဆယ်ကျော်သက်အရွယ် သားဖြစ်သူ မောင်ကျော်ဆန်းဝင်းမှာ ညာခြေထောက်တစ်ဖက်နှင့် လက်ညိုးတစ်ချောင်း ပိုင်းဖြတ် ထားရသည့် အဖြစ်ကို ပြောပြနေရင်း ဝမ်းနည်းပက်လက်နှင့် ထိုသို့ ဆိုလာခြင်းလည်းဖြစ်သည်။ ၎င်းတို့မှာ ရန်ကုန် – စစ်တွေ အဝေးပြေးလမ်းမ အနီးရှိ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ဖြစ်သည်။ သို့သော် လက်ရှိတွင် စစ်တွေမြို့တွင် နေထိုင်လျှက်သည်။

စစ်တွေမြို့ပေါ်တွင် နေထိုင်နေကြသည် ဆိုသော်လည်း ၎င်းတို့မှာ တခြားသူတွေလို စီးပွားရေးအခြေအနေကောင်းလာ၍ မြို့ပေါ်သို့ တက်လာကြခြင်းတော့ မဟုတ်။ စစ်ဘေးရှောင် အဖြစ်ခိုလှုံရန် ရောက်ရှိလာကြခြင်းသာ ဖြစ်သည်။ ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့သည် တခြားသူများအဖို့ အပျော်ရွှင်ရဆုံး နှစ်ကူး အတာသင်္ကြန်ကာလ ဖြစ်ခဲ့သော်လည်း မောင်ကျော်ဆန်းဝင်း အတွက်မူ ဘဝထဲမှ အခါးသီးဆုံးနှင့် ကံ အဆိုးဆုံးနေ့ တစ်နေ့သာ ဖြစ်ခဲ့သည်။

ယင်းနေ့ နံနက် ၇ နာရီ မတိုင်ခင်ထိ လှုပ်လှုပ်ရှားရှား စည်စည်ကားကား ရှိနေခဲ့သည့် အဆိုပါ ကားလမ်းနံဘေးရှိ ရွာကလေးသည် “ဂျိန်း” (ကျယ်လောင်သည့်အသံတစ်ခု) ဆိုသည့် အသံတစ်ချက်ကြောင့် အရာရာ ပြောင်းလဲ သွားခဲ့ရသည်။ ယင်းအသံ ထွက်ပေါ်လာပြီးနောက် လူတချို့မှာ အလိုအလျောက် လဲလျောင်းပြီးသား ဖြစ်သွားကြသလို တချို့မှာလည်း အကာအကွယ်ယူကာ ပုန်းလျက်သား ဖြစ်သွားကြသည်။

ယင်းအချိန်က ညီမဖြစ်သူ၏ အိမ်တွင်ထိုင်နေကြသည့် ဒေါ်မာမာအေးနှင့် သားဖြစ်သူတို့သည် နေအိမ်သို့ ခပ်သွက်သွက် လျှောက်လာကြသည်။ နေအိမ်ဝသို့ အရောက်တွင်ပင် နောက်တချက် ထပ်မံကျရောက်လာရာ သားဖြစ်သူနှင့် အမျိုးသား အပါဝင် သူမ၏ မိသားစုဝင် တချို့ လဲကျသွားကြသည်။ ကံကောင်းသည်မှာ ကိုယ်ဝန် (၈) လ လွယ်ထားရသော ဒေါ်မာမာအေး ဖြစ်သည်။

“ကျွန်မက သားကို အိမ်ထဲဝင်ဖို့ ခေါ်ချိန်မှာပဲ လက်နက်ကြီး နောက်တစ်လုံးကျတာပါ။ လမ်းထက်မှာ ကျတာပါ။ ကျွန်မကတော့ ဘာမှ မဖြစ်လိုက်ပါဘူး။ သားလေးက အဲနေရာ လဲသွားပြီး သူ့ရဲအဖေ ညီအစ်ကိုတွေ အားလုံး လဲသွားကြပါတယ်။ အဲဒီမှာ လူပေါင်း ၁၀ ကျော် ပါသွားတယ်။ ကျွန်မလဲ ကံကောင်းလို့ပါပဲ။ မဟုတ်ရင် ကျွန်မလဲ သေသွား နိုင်ပါတယ်။ ကျွန်မက ကိုယ်ဝန် (၈) လနဲ့ ရပ်ကျန်ခဲ့ပါတယ်။” ဟု ယင်းနေ့က အဖြစ်အပျက်ကို ဒေါ်မာမာအေးက ပြန်ပြောင်းပြောပြသည်။

ယင်းဖြစ်စဉ်တွင် လက်နက်ကြီး ၂ လုံး ဆက်တိုက်ကျရောက်ခဲ့ပြီး ကျောက်ဆိပ်ရွာသား ၈ ဦးသေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြ သည်။ ယင်းအထဲတွင် ဒေါ်မာမာအေး၏ ဆွေမျိုးအများစု ပါဝင်သည်ဟု ဆိုသည်။ ဒဏ်ရာရခဲ့သူများ အနက် ဒေါ်မာမာအေး၏ သားဖြစ်သူ မောင်ကျော်ဆန်းဝင်းမှာ ဒဏ်ရာအပြင်းထန်းဆုံး ရခဲ့ပြီး စစ်တွေစစ်ဆေးရုံမှ တဆင့် ရန်ကုန်အထိ သွားရောက်ကုသခဲ့ရကာ ညာခြေထောက်နှင့် ညာလက်ညိုး တစ်ချောင်း ဖြတ်လိုက်ရသည်။

ငွေကြေးချို့တဲ့မှုကြောင့် ၆ တန်းမှ ကျောင်းထွက်ပြီး ဖခင်နှင့်အတူ အလုပ်ထွက်လုပ်ပြီး မိသားစုကို အလုပ်အကျွေးပြုရန် အမြဲတမ်း တက်ကြွ၊ ထက်သန်နေခဲ့သော မောင်ကျော်ဆန်းဝင်းသည် ယင်းအဖြစ်အပျက်ကြောင့် မသန်စွမ်းဘဝသို့ ရောက်ရှိ သွားခဲ့ရပြီး နောက်တွင် သီတင်းကျွတ်၊ တန်ဆောင်တိုင်မှ ဗြောက်အိုး ဖောက်သံများကိုပင် မကြားဝံ့၊ မနာဝံ့ ဖြစ်နေကြောင်း မိခင်က ဆိုသည်။ ယခုသတင်းကို သွားရောက်ယူချိန် အင်တာဗျူးရန် Arakan Yoma က တောင်းဆိုရာတွင်လည်း ကြောက်လန့်တကြား ငြင်းဆန်သည်ကို မြင်တွေ့ခဲ့ရသည်။

“ခုလိုဖြစ်သွားတော့ ကျွန်တော် ဘယ်နေရာမှာမှ လုပ်စားလို့ မရတော့ဘူး။ စာလဲ မတတ်ဘူး။ အဖေတို့၊ အမေတို့ကိုလည်း လုပ်ကျွေးလို့ မရတော့ဘူး။ ကျွန်တော့်မှာ ခြေတစ်ချောင်း မရှိတော့ဘူးလို့ ငိုပါတယ်။ စိတ်ဓာတ်တွေ ကျနေပါတယ်။ သူက အသက်ရှိရဲ့နဲ့ ဘဝ သေနေပြီ ဆိုပြီး အမြဲပြောနေပါတယ်။”ဟု သားဖြစ်သူရဲ့စကားကို မျက်ရည်စက်လက်နှင့် ဒေါ်မာမာအေးက ရင်ဖွင့်သည်။

အေအေနှင့် တပ်မတော်တို့၏ တိုက်ပွဲ နောက်ဆက်တွဲဖြစ်ရပ်များကြောင့် ဖြစ်ပေါ်လာသည့် ထိခိုက်ဒဏ်ရာရသူ အရပ်သားများကို စစ်တွေမြို့၊ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းရှိ ဘာသာရေး အဆောက်အဦးများတွင် ထားလေ့ရှိပြီး အလားတူ တိမ်းရှောင်လာကြ သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ် ၇ ခုမှ စစ်ဘေးဒုက္ခသည် စုစုပေါင်း ၄၀၀ ကျော်ရှိနေသည်။

ယင်းအနက်မှ မောင်ကျော်ဆန်းဝင်းနည်းတူ လက်နက်ကြီးကျရောက်ခြင်း၊ မိုင်းနင်းမိခြင်းတို့ကြောင့် ကိုယ်လက်အင်္ဂါ မသန်စွမ်းတော့သူ ၂၀ ခန့်ရှိသည်ဟု ယင်းဘုန်းတော်ကြီးကျောင်း လူမှုကယ်ဆယ်ရေးဌာနမှ စာရင်းအင်းများအရ သိရသည်။ ယင်းအနက် မောင်ကျော်ဆန်းဝင်းနှင့် အသက်မတိမ်းမယိမ်းအရွယ်ခန့် ရှိသည့် အမျိုးသမီးလူငယ်ဦးရေက ပိုများသည်ကို တွေ့ရသည်။

“သရက်အုတ်ရွာကို မနက် ၅ နာရီလောက်က စစ်ကားတွေဝင်လာပါတယ်။ ရွာမှာ စစ်ပွဲဖြစ်မှာကြောက်လို့ ကျောက်တော်မြို့ကို ပြေးပါတယ်။ အဲဒီသရက်အုတ်ရွာက စစ်ကားတွေက ကျောက်တော်ကို ပြန်တက်လာပြီး ကားလမ်းမှာ ပစ်သွားပါတယ်။ ည ၅ နာရီကနေ ည ၂ နာရီကျော်မှာ ကျောက်တော်ဆေးရုံကို ဝင်ရပါတယ်။ မိုးလင်းတော့ စစ်တွေ ဆေးရုံကို နာရေးကားနှင့် ပို့လာတယ်။ စစ်တွေရောက်တာနဲ့ ဆရာ ဦးသိန်းစိုးတို့က ကူညီပေးပါတယ်။ အဲဆရာတို့ အကူညီကြောင့် ဆေးရုံမှာ ၂ လ၊ ၃ လလောက် နေခဲ့ရတယ်။ ခြေတစ်ဘက် ဖြတ်လိုက်ပြီး ဆေးရုံက ဆင်းတာနဲ့ ဒီအလိုတော်ပြည့် ဘုန်းကြီးကျောင်းကို ပို့လိုက်ပါတယ်။”ဟု အသက် ၁၇ နှစ်အရွယ် မမိုးမိုးနွေက ပြောလာသည်။

၎င်းသည် ရခိုင်မျိုးနွယ်စုဝင် သက္ကမ လူမျိုးတို့နေထိုင်သည့် ကျောက်တော်မြို့နယ် သင်္ဘောကွေ့ ကျေးရွာမှ ဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလက ၎င်းတို့ရွာနှင့် ကပ်လျက်ရှိသည့် ကျေးရွာတွင် စစ်ရေးအရ အခြေအနေ မဟန်သဖြင့် ကျောက်တော်မြို့ပေါ်သို့ ခေတ္တရှောင်ပြေးနေစဉ်မှာပင် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ယင်းနောက် ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ခြင်းခံခဲ့ရပြီး ယင်းမှတဆင့် စစ်တွေဆေးရုံသို့ ရောက်ရှိလာကာ ပြင်းထန် ဒဏ်ရာ ရရှိခဲ့သည့် ဘယ်ခြေထောက်တစ်ဖက် ပိုင်းဖြတ်လိုက်ရတော့သည်။

အသက် ၅ နှစ်အရွယ်ကတည်းကနေ မိခင်ဆုံးပါးသွားခဲ့သည့် မမိုးမိုးနွေသည် လသားအရွယ် ကျန်ရစ်ခဲ့သည့် မောင်လေး၊ ဆွံ့အ နားမကြားသည့် ဖခင်နှင့်အတူ နေထိုင်လာခဲ့ရသည်။ ယင်းနောက် ဖခင်ဖြစ်သူ၏ အစ်ကိုဇနီးမောင်နှံ၏ မွေးစားခြင်း ခံခဲ့ရပြီး သူမ အရွယ်ရောက်ချိန်တွင် မွေးစားဖခင်လည်း ကွယ်လွန်သွားသဖြင့် မိသားစု၏ စားဝတ်နေရေးကို ကူညီဖြေရှင်းရန်မှာ မမိုးမိုးနွယ်၏ တာဝန်ဖြစ်လာခဲ့သည်။

မမိုးမိုးနွေ ပန်းရံလုပ်သည်။ ၎င်းထက် ၄ နှစ်နှင့် ၇ လတိတိငယ်သော မောင်လေးနှင့် အတူလုပ်ကိုင်ခဲ့ကြသည်။ ယခုတော့ အခြေအနေက ကွာခြားသွားပြီးဖြစ်ပြီး မောင်နှမနှစ်ဦးလုပ်၍တောင် စားဝတ်နေရေးခက်ခဲခဲ့သည့် သူတို့မိသားစုမှာ ယခုဆိုလျှင် မည်မျှအခက်ခဲဖြစ်နေ မည်ဆိုသည်ကို သူမက နေ့စဉ်နဲ့အမျှ တွေးပူနေမိသည်။ သို့သော် မစွမ်းဆောင်နိုင်တော့။

“ပထမတုန်းကတော့ ညီမတစ်ယောက်ဘဲ ခြေပိုင်းလိုက်ရတာလို့ ထင်ခဲ့တယ်။ ခု အလိုတော်ပြည့်ကျောင်းကိုရောက်တော့ အများကြီး မြင်ရပါတယ်။ ကိုယ်တစ်ယောက်ထဲမဟုတ်။ တခြားလူတွေလဲ ပါတယ်ဆိုပြီးတော့ အားငယ်မိပါတယ်။ ခုတော့ ညီမလိုမျိုး အခြားလူတွေ ကို မဖြစ်စေချင်ဘူး။”ဟု သူမက ပြောပြသည်။ သူမ၏ မျက်ဝန်းတို့တွင် ဝမ်းနည်းနေသည်ဟု ထင်ရသော အရိပ်အယောင်များပြနေသော် လည်း စိတ်ဓာတ်ကြံ့ခိုင်သည်ဟု ယူဆရသည့် သူမအဖို့ မှုန်ဝါးဝါးဖြစ်နေသည့် သနပ်ကြား ပါးကွက်ကျားလေး ပျက်ပြယ်သွားမည်ကို စိုး၍လားတော့မသိ မျက်ရည်က ကျမလာ။ သို့သော် အကောင်းပကတိ ကျန်နေသေးသည့် လက်ဝါးကလေးနှစ်ဖက်ကိုတော့ ပွက်သီးပွတ်သပ် လုပ်နေတတ်သည်။

သူတို့နှစ်ယောက်နည်းတူ နောက်ထပ် ခြေတစ်ဖက်ဖြတ်ထားရသူ တစ်ဦး ရှိနေသေးသည်။ ခြေတစ်ဖက်စီဖြတ်ထားရပုံချင်း တူသော်လည်း သူကတော့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့်တော့ မဟုတ်။ မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ဖြစ်သည်။ တောတောင်ထဲတွင် မျှစ်သွားချိုးစဉ် မိုင်းနင်းမိသဖြင့် ထိခိုက်လာခဲ့ခြင်းဟု ဆိုသည်။

“ညီမနာမည်က ဦးဝေစိုးပါ။ ဗုဒ္ဓေါရွာကပါ။ ဝါးတုတ်(မျှစ်)သွားခူးရင်း မိုင်းနှင်းမိတာပါ။ အဲဒီနေ့က ဝါးတုတ်ခူးမယ် ဆိုပြီးတော့ သွားရင်း မိုင်းနှင်းမိတာပါ။ ၆ နာရီလောက်က သွားတာ။ ရွာကို ၇ နာရီ ၂၀ လောက်မှာ ရွာကို ထမ်းပြီးတော့ ပြေးလာရပါတယ်။ ဆေးကတော့ ဒီမှာ ကုတာပါ။ ပုဏ္ဏားကျွန်းမှာ တိုင်ထူခဲ့ပါသေးတယ်။ ဒီရောက်တာ ၃လ ရှိပြီ။”ဟု မကျက်သေးသည့် အနာကို လက်တစ်ဖက်ဖြင့် လှမ်းကုတ်ရင်း စိတ်မရှည်သည့် အမူအယာဖြင့် ခပ်ဆတ်ဆတ်ဆိုသည်။

၁၇ နှစ်ခန့်သာ ရှိနေသေးသည့် တန်ခိုးကြီးစေတီ ဦးရာဇ်တော်ဓာတ်တည်ရှိရာ ပုဏ္ဏားကျွန်းသူမလေး၏ မျက်နှာပေါ်တွင် စိတ် မချမ်းမြေ့မှုများ အထင်းသားပေါ်နေပြီး စကားပြောလျင်လည်း စိတ်မရှည်သလို ဖြစ်နေသည်။ ကြည့်ရသလောက် ဆိုလျှင် မကျက်သေးသည့် ဒဏ်ရာအရှိန်ကြောင့် ဖြစ်နေရခြင်းဟု ယူဆ၍ ရနိုင်သည်။

မြေပုံမြို့နယ် စညင်းကျေးရွာမှ မနန်းစုမှာတော့ ဇွန်လ ၂၇ ရက်နေ့က ဟင်းခူးရန်နှင့် ဂဏန်းထောင်ရန် ဇနီးမောင်နှံနှစ်ဦး သွားကြစဉ် အမျိုးသားက မိုင်းကိုကျော်သွားပြီး နောက်ကလိုက်လာသည့် ၎င်းက မြေမြုပ်မိုင်း နင်းမိသွားသဖြင့် ခြေထောက် တစ်ဖက် ဖြတ်ခဲ့ရသည်။

၎င်းသည် ကရင်တိုင်းရင်းသူ တစ်ဦးဖြစ်ပြီး မြေပုံမြို့နယ် စညင်းကျေးရွာမှ လူငယ်တစ်ဦးနှင့် အွင်လိုင်းမှတဆင့် မေတ္တာမျှခဲ့ကြရာ ချစ်သူရှိသည့် ရခိုင်ပြည်နယ်သို့ ပြီးခဲ့သည့် ၂၀၁၉ ဒီဇင်ဘာတွင် လိုက်လာခဲ့သည်။ သို့သော် ကံမကောင်းစွာဖြင့် မကြာမှီတွင် ခြေထောက်တစ်ဖက်ကို ပေးဆပ်လိုက်ရသည်။

Photo: Aung Aung Htoo/Arakan Yoma

လက်ရှိတွင် ၎င်းသည်လည်း အလိုတော်ပြည့်ကျောင်း ဘာသာရေး အဆောက်အအုံတွင် ခိုလှုံလျှက် ရှိနေဆဲဖြစ်သည်။ မောင်တစ်ထမ်း၊ မေတစ်ရွက်ဖြင့် ဖြစ်လာသမျှကို ရင်ဆိုင်ကျော်ဖြတ်ပြီး တူနှစ်ကိုယ် လုပ်ကိုင်စားသောက်နေကြသည့် မနန်းစုတို့ ရခိုင် + ကရင် ဇနီးမောင်နှံတွင် သူမက မသန်စွမ်းဖြစ်သွားပြီဖြစ်၍ အမျိုးသားကလည်း ၎င်းအား ပြုစုနေရပြီး အပြင် ထွက်လုပ်ရန် ခက်ခဲသည်။

မနန်းစုက “ညီမတို့မှာက လင်မယားနှစ်ယောက်ပဲ နေတဲ့ခါကျတော့ ညီမခုလိုမျိုး ဖြစ်သွားတဲ့ အခါကျတော့ ညီမရဲ့ အမျိုးသားက အလုပ်တွေ၊ ဘာတွေလုပ်လို့ မရဘူးပေါ့နော်။ ညီမကိုပဲ သူက ဂရုစိုက်ပေးနေရတယ်။ အလုပ်တွေလုပ်လို့ အဆင်မပြေဘူး အဲဒါနဲ့ ငွေရေးကြေးရေးတော့ အခက်ခဲရှိပါတယ်။ စားဝတ်နေရေး ကျတော့လည်း နည်းနည်း အခက်ခဲရှိပါတယ်။”ဟု ပြောသည်။

လက်ရှိတွင် အလိုတော်ပြည့်ကျောင်းနှင့် စစ်တွေမြို့မှ ဦးသန်းထွန်းတို့ လူမှုအဖွဲ့ အစည်းတစ်ခုက ပူးပေါင်းကာ ဒုက္ခသည်များအတွက် ကျန်းမာရေးနှင့် ဆေးဝါးပစ္စည်းများ ပံ့ပိုးဆောင်ရွက်ပေးခြင်း၊ လက်မှုပညာဖြစ်သည့် စက်ခြုပ်အတတ် ပညာသင်တန်းပေးခြင်းများကို ဆောင်ရွက်ပေးထားသည်။ သို့သော် လူဦးရေ ၄၀၀ ကျော်ရှိနေသည့် အဆိုပါစခန်းမှ ဒုက္ခသည်များ၏ နေ့စဉ် စားဝတ်နေရေးကို အဓိကထား ဆောင်ရွက်ပေးနေရသဖြင့် ၎င်းတို့၏ အနာဂတ်အတွက် လုပ်ဆောင်ပေးမည့်အပိုင်းကိုမူ စခန်းဖက်မှ လက်လှမ်းမမှီ ဖြစ်နေသည်။

သို့ဖြစ်၍ တခြားလူမှုအဖွဲ့အစည်းများ အနေဖြင့်လည်း ၎င်းတို့၏ အနာဂတ်အတွက် လုပ်ဆောင်ပေးနိုင်သည်များရှိလျှင် လာရောက်ဆွေး နွေးနိုင်ကြောင်း စစ်တွေမြို့၊ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်း၊ လူမူကယ်ဆယ်ရေးဌာန၊ စခန်းတာဝန်ခံ ဦးထွန်းအောင်ကျော်က မေတ္တာရပ်ခံသည်။
“ကျနော်တို့ လက်လှမ်းမမီတဲ့ အပိုင်းတွေလဲ ရှိပါတယ်။ လူပေါင်း ၄၀၀ ကျော်ကို ထိန်းသိမ်းရမဲ့ အပိုင်းတွေ၊ ကျွေးမွေးရေး အပိုင်းတွေ။ တခြား သူတို့ဘဝတွက် သူတို့ အနာဂတ်တွက်ကျတော့ ကျနော်တို့က အဲလောက်ထိ မပံ့ပိုးပေးနိုင်ဘူး။ ဒါပေမဲ့ စိတ်ထဲမှာတော့ ရှိပါတယ်။ တခြားကူညီပေးနိုင်မဲ့ လူတွေနဲ့ဆိုရင် ဆွေးနွေးပြီး သူတို့ အနာဂတ်အတွက် ဘယ်လိုတွေ လုပ်ပေးရင် ကောင်းမလဲပေါ့နော်။ ခြေမရှိဘဲ လက်နဲ့ လုပ်လို့ရတဲ့ ပညာတွေ လာပြီးဆွေးနွေးလို့ရပါတယ်။”

မသန်စွမ်း ဖြစ်သွားကြသူများတွင်လည်း ရည်မှန်းချက်တွေ ကိုယ်စီတော့ ရှိနေကြသည်။ မဦးဝေစိုးက “ဘာအလုပ်မှ လုပ်လို့ မရတော့ပါ ခြေထောက်တစ်ဘက်လဲ မရှိတော့ စျေးဆိုင်ပဲ ရောင်းစားပါတော့မယ်”ဟု သူ့လုပ်ချင်သည့်လုပ်ငန်းကို ထုတ်ဖော်ပြောပြသည်။


ရခိုင့်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ ခေါင်းဆောင် စောစံငြိမ်းသူကတော့ ရုပ်ပိုင်းဆိုင်ရာ ချို့တဲ့မှုကြောင့် ဖြစ်ပေါ်လာသည့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို အဖွဲ့အစည်းအနေဖြင့် သော် လည်းကောင်း၊ လူအုပ်စုတို့ အနေဖြင့်လည်းကောင်း သူတို့၏ စိတ်ခံစားချက်များကို မျှဝေနားထောင်ပြီး ၎င်းတို့နှင့် အတူရှိနေကြောင်း ပြသပေးခြင်းအားဖြင့် နှစ်သိမ့်ပေးနိုင်ကြောင်း အကြံပေးသည်။

ယင်းအပြင် သူတို့၏ လတ်တလော လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းမျိုး မဟုတ်ဘဲ အနာဂတ်တွင် သူတို့ဘဝ ရေရှည်ရပ်တည်နိုင် ရေးအတွက် ထည့်သွင်း စဉ်းစားထားသင့်ကြပြီး ၎င်းတို့ အဖွဲ့အစည်းအနေဖြင့်လည်း သူတို့ စိတ်ဝင်စားကြသည့် သက်မွေးဝမ်းကြောင်း ပညာရပ်တစ်ခုခုကို လုပ်ဆောင်ပေးနိုင်စွမ်းရှိအောင် ကြိုးစားလိုစိတ်ရှိကြောင်း ပြောသည်။

စောစံငြိမ်းသူက “ရေရှည်မှာ မိုင်းထိပြီး ကိုယ်အင်္ဂါချို့ယွင်းပျက်စီးသွားတဲ့ အမျိုးသမီးတွေအတွက်ကို အလုပ် တစ်ခုခုပေါ့လေ။ ဖန်တီး ပေးသင့်တယ်လို့ ကျွန်မတို့အနေနဲ့လည်း မြင်တယ်။ တကယ်လို့ ကျွန်မတို့ အဲဒီအပိုင်းကို စီမံဆောင်ရွက်ပေးနိုင်တယ် ဆိုလို့ရှိရင် သူတို့ဘဝ ရပ်တည်ရေးအတွက် စိတ်ဝင်စားတဲ့ အလုပ်တစ်ခုခုကို လုပ်ဆောင် နိုင်အောင် ကြိုးပမ်းချင်တဲ့သဘောရှိပါတယ်။”ဟု ပြောသည်။

ဒီအချိန်မှာ ဘယ်သူ့ကိုပဲ မေးမေး တစ်ခုတည်းသော ထွက်လာမည့် အဖြေကတော့ “ငြိမ်းချမ်းရေးလိုချင်တယ်” ဆိုတာပါ။

“မျော်လင့်ချက်ကတော့ ငြိမ်းချမ်းရေး လိုချင်ပါတယ်။ ပြည်သူလူထုတွေကိုလည်း ဒုက္ခမရောက်စေချင်ဘူး။ ခု ညီမတို့ ဖြစ်သလို ဘဝ ဆိုးမျိုးလဲ မဖြစ်စေချင်ဘူး။”ဟု မဦးဝေစိုးက စစ်ကိုစိတ်နာနာနဲ့ ပြောသည်။

 585 total views,  1 views today