ထူး ၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ကာယကံရှင်၏ အလိုဆန္ဒမပါဘဲ အဓမ္မပြုကျင့်ခြင်းခံခဲ့ရသည့် ရခိုင်မြောက်ပိုင်း ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာသူ အမျိုးသမီးသည် တရားမျှတမှုကို လိုလားနေသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့က တိုင်ကြားထားသည့် ၎င်း၏ အမှုကို ဒီဇင်ဘာလ ဒုတိယအပတ် ၁၁ ရက်နေ့တွင် စီရင်ချက် ချမှတ်တော့မည်ဖြစ်သည်။ စီရင်ချက် ချမှတ်ရန် ၆ ရက်အလို ဒီဇင်ဘာလ ၅ ရက်နေ့က မေးမြန်းရာ ကာယကံရှင်က သူ၏ လိုလားမှုကို ယင်းသို့ ပြောဆိုလာခြင်း ဖြစ်သည်။

“အမှုကို အရင်ဆုံးပြီးစေချင်နေပြီ။ အပြစ်ရှိတဲ့လူကို ပြစ်ဒဏ်ပေးရင် ကျမလည်း ကျေနပ်ပါပြီ။” ဟု နစ်နာသူ ရသေ့တောင်သူက Arakan Yoma သို့ ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့ ညက ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှ ဒေါ်(—-)၊ အသက် (၃၆) နှစ်၊ သား၊ သမီး (၄) ဦးတို့၏ မိခင်သည် အလိုမတူဘဲ အဓမ္မပြုကျင့်ခြင်းခံခဲ့ရသည်။ အခင်း ဖြစ်ပွားခဲ့သည့် နေရာသည် အေအေနှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေသည့် နေရာထဲမှ တစ်ခုလည်း ဖြစ်သည်။

နစ်နာသူက ၎င်းတို့ ပုန်းအောင်းနေသည့် နေအိမ်သို့ တပ်မတော်သားများက ရောက်ရှိလာပြီး ယင်းအနက်မှ (၃) ဦး သည် ၎င်းအား ဆွဲခေါ်က အဓမ္မပြုကျင့်ခဲ့သည်ဟု ပြောဆိုထားသည်။ ယင်းအပြင် အဆိုပါ အမျိုးသမီး၏ သမီးဖြစ်သော ကလေးမွေးပြီး ၆ ရက်သာရှိသေးသည့် မီးတွင်းနေ သူကိုလည်း ထပ်မံပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း ဆိုသည်။

ယင်းနောက် ဇူလိုင်လ ၁၀ ရက်နေ့တွင် ကာယကံရှင်နှင့် သမီးဖြစ်သူတို့သည် စစ်တွေမြို့သို့ ရောက်ရှိလာကြပြီး လူမှု အဖွဲ့အစည်း တချို့၏ အကူအညီဖြင့် စစ်တွေမြို့ အမှတ်(၁) ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။ ထိုသို့ အမှု ဖွင့်ပြီး ချိန်တွင် တပ်မတော်က ယင်းဖြစ်စဉ်အား ငြင်းဆိုခဲ့သည်။ သို့သော် ကျူးလွန်သူများကို စစ်ဆေးပြီးနောက် တပ်မတော်က ထိုဖြစ်ရပ်သည် နစ်နာသူပြောကြားခဲ့သလို မှန်ကန်ခဲ့သည်ဟု ဝန်ခံလာခဲ့သည်။

ဒီဇင်ဘာလ ၃ ရက်နေ့တွင်မူ ၎င်း၏ အမှုကို စစ်တွေမြို့မှ စစ်ဘက်ဆိုင်ရာ တရားရုံးတွင် ပထမဆုံး ရုံးတင် စစ်ဆေးခဲ့ပြီး ကာယကံရှင်နှင့် ရှေ့နေတို့မှ ကျူးလွန်သူများကို တပ်မတော် အက်ဥပဒေပုဒ်မ ၃ ခုဖြင့် တရား စွဲတင်ခဲ့သည်။

ယင်းပုဒ်မများ အနက် နယ်ဖက်ပြစ်မှု ၃၇၆၊ တပ်မတော်အက်ဥပဒေပုဒ်မ ၇၁၊ ၄၇(၁)၊ နယ်ဖက်ပြစ်မှု ၃၆၆၊ တပ်မတော် အက်ဥပဒေပုဒ်မ ၇၁၊ တပ်မတော် အက်ဥပဒေပုဒ်မ ၃၅ (င) စသည့်ပုဒ်မများဖြင့် ပါဝင်ကြောင်း အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ဥပဒေရေးရာ ကုစားရေးရုံးမှ တရားလွှတ်တော်ရှေ့နေ ဒေါ်မြသူဇာက ပြောသည်။

ဒေါ်မြသူဇာက “ကျူးလွန်ခံရတဲ့ အမျိုးသမီးရဲ့ ရှေ့နေတစ်ယောက်အနေနဲ့ သူ့ကို တရားမျှတမှု ရရှိစေချင်တယ်။ ကျူးလွန်ခံရတဲ့ ပြစ်မှုနဲ့ ညီမျှတဲ့ ပြစ်ဒဏ်ကို ရရှိစေချင်တယ်။ ရပါစေလို့လည်း တောင်းဆိုပါတယ်။”ဟု ပြောသည်။

စွဲချက် တင်ထားသည့်ထဲမှ ပုဒ်မ ၃၅ (င) သည် ထောင်ဒဏ် ၁၄ နှစ်ထိချမှတ်နိုင်ပြီး ပုဒ်မ ၇၁ ကို ကျူးလွန်ကြောင်း ထင်ရှားလျှင် ထောင်ဒဏ် ၇ နှစ်နှင့် ၄၇ (၁) သည် ၂ နှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။

လက်ရှိတွင် နစ်နာသူ အမျိုးသမီးသည် လူမှုအဖွဲ့အစည်းတချို့၏ အကူအညီဖြင့် နေထိုင်လျှက်ရှိနေပြီး အမျိုးသားနှင့် ဆွေးမျိုးသားချင်းများ၏ အထင်မြင်လွဲမှုကို ခံနေရကြောင်း ဝမ်းနည်းစွာဖြင့် Arakan Yoma သို့ ရင်ဖွင့် ဖြေကြားခဲ့သည်။

 525 total views,  1 views today